ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရန် သို့မဟုတ် ဆက်လက်ထားရှိရန် ရှေ့လတွင် ဆုံးဖြတ်မည်ဟု အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြော ...
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရန် သို့မဟုတ် ဆက်လက်ထားရှိရန် ရှေ့လတွင် ဆုံးဖြတ်မည်ဟု အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။
စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတရပ် ရန်ကုန် အီတလီ သံရုံးတွင် အင်္ဂါနေ့က ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၅ခုမှ ခေါင်းဆောင်များ၊ ဥရောပ သမဂ္ဂ နိုင်ငံများမှ သံတမန်များ တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲအတွင်း နိုင်ငံရေးပါတီများ၏ တင်ပြချက်များကို သံတမန်များက သက်ဆိုင်ရာ အစိုးရထံ ပြန်လည်တင်ပြကာ ဧပြီလတွင် ဆုံးဖြတ်ချက်ချရန်ရှိကြောင်း ဦးခင်မောင်ဆွေက ပြောဆိုသည်။
“သူတို့ကတော့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေမဟုတ်ဘူး အစိုးရအနေနဲ့သာ ဆုံးဖြတ်နိုင်တာကိုး၊ ဒီက ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေရဲ့ သဘောထားတွေ အခြား ဒီမိုကရေစီအင်အားစုတွေရဲ့ သဘောထား အဲဒါတွေယူသွားပြီး ဟိုမှာ တင်ပြဆွေးနွေးမှာပေါ့ဗျာ၊ တင်ပြပြီးမှ သူတို့ အဖြေ ထုတ်ပါလိမ့်မယ်၊ ဧပြီလထဲမှာလို့ သိရပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။
ပိတ်ဆို့မှု ဆွေးနွေးပွဲကို ဥရောပသမဂ္ဂ နိုင်ငံများဖြစ်သော စပိန်၊ အီတလီ၊ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ ချက် နိုင်ငံတို့မှ သံအမတ်နှင့် ဒုသံအမတ်၂၅ ယောက်ခန့် တက်ရောက်ခဲ့ပြီး နိုင်ငံရေးပါတီများမှ ခေါင်းဆောင် ၅ ဦးအပြင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။
နိုင်ငံရေးပါတီများ၏ တင်ပြချက်များတွင် စီးပွားရေးပိတ်ဆို့မှုများသည် စစ်အစိုးရကို ပစ်မှတ်ထားသော်လည်း ပြည်သူများကိုထိခိုက်နေခြင်းကြောင့် ထိုပိတ်ဆို့မှုများ ပြန်ရုပ်သိမ်းပေးသင့်ကြောင်း တင်ပြခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဦးခင်မောင်ဆွေကပြောသည်။
“အဓိကအချက်ကတော့ စစ်အစိုးရကို ပစ်မှတ်ထားပေမယ့် ပြည်သူတွေကိုပါ ထိခိုက်နေတယ်ဆိုတဲ့အကြောင်း အသီးသီး ပြောပါတယ်။ အထည်ချုပ်လုပ်ငန်းတွေမှာ လူတယောက် အလုပ်ပြုတ်လို့ရှိရင် မိသားစုကို တာဝန်ခံတဲ့သူတွေဖြစ်လို့ မိသားစုပါထိခိုက်တဲ့အတွက် ပြည်သူတွေပါ ထိခိုက််နေပါပြီ။ အဲဒါကြောင့် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းပေးဖို့ ကျနော်တို့ ပြောလိုက်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။
ထို့အပြင် ထိုဆွေးနွေးပွဲကိုတက်ရောက်ခဲ့သူတဦးဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက စီးပွားရေး ပိတ်ဆို့ခြင်းကြောင့် အလုပ်အကိုင်ရှားပါးပြီး မြန်မာလူငယ်များ ပြည်ပနိုင်ငံများ သွားအလုပ်လုပ်နေရကြောင်း ဆွေးနွေးခဲ့သည်ဟုဆိုသည်။
“ပိတ်ဆို့မှုနဲ့ ပတ်သက်တာကတော့ ကျနော်တို့ မွန်၊ ကရင် နယ်မှာဆိုရင် လူငယ်တွေဟာ များသောအားဖြင့် အလယ်တန်းပြီးတာနဲ့ ယိုးဒယား မလေးရှား စင်္ကာပူ ရောက်ကုန်ပြီလို့။ အဲဒါတွေဖြစ်တာက ပိတ်ဆို့မှုတွေ လုပ်ထားတဲ့အတွက်ကြောင့် ထိခိုက်မှုရှိတယ်။ ဘာအလုပ်မှမရှိဘူး နောက်ဆုံးတော့ နိုင်ငံခြား ထွက်ကြတယ်လို့ ကျနော်ပြောခဲ့ပါတယ်”
ဆွေးနွေးပွဲကို တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး ပိတ်ဆို့မှုနှင့်ပတ်သက်ပြီး အကျယ်တဝင့်ဆွေးနွေးခြင်းမရှိသလိုု စီးပွားရေးပိတ်ဆို့မှု ဆက်လုပ်သင့်ကြောင်း သို့မဟုတ် ရုပ်သိမ်းသင့်ကြောင်း မှတ်ချက်ပေးခြင်းလည်းမရှိဟုသိရပြီး ဆွေးနွေးပွဲကို လာနားထောင်သည့် သဘောသာ တက်သည်ဟု ဆွေးနွေးပွဲတက် ပါတီ ခေါင်းဆောင်များက ပြောသည်။
သို့သော် လွှတ်တော်ပြင်ပ အဖွဲ့အစည်းတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်က ထုတ်ပြန်သည့် စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သက်သည့် ကြေညာစာတမ်းတွင် ပြည်သူအများစု၏ စားဝတ်နေရေး ကြပ်တည်းမှုသည် စီးပွားရေး ပိတ်ဆို့မှုကြောင့်မဟုတ်ဘဲ အစိုးရ၏ လွဲမှားသော လမ်းညွှန်ချက်များကြောင့် ဖြစ်သည်ဟုဖေါ်ပြထားသည်။
စီးပွားရေး ပိတ်ဆို့မှုများ ပြန်ရုပ်သွားပါက ဥရောပနိုင်ငံများမှရင်းနှီးမြှုပ်နှံမှုများ ဝင်လာပြီး ဥရောပ နိုင်ငံများသည် ဒီမိုကရေစီနိုင်ငံ ဖြစ်ခြင်းကြောင့် အလုပ်သမားများအတွက် အခွင့်အရေး ပိုလာနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာသန်းငြိမ်းက သုံးသပ်သည်။
“လခပေးတာကအစ ဘာပဲပြောပြော ဒီမိုကရေစီနိုင်ငံတွေက လာတယ်ဆိုတော့ အဲဒီမှာလဲ ကျနော်တို့ဆီက အလုပ်သမားတွေ ပိုပြီး အခွင့်အရေးရလာနိုင်တယ်လို့ ထင်တယ်။ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့ လုပ်ငန်းခွင် သက်တောင့်သက်သာဖြစ်ရေးတို့ ဒါတွေကအစ”ဟု သူကဆိုသည်။
အင်္ဂါနေ့ ဆွေးနွေးပွဲ တက်ရောက်လာကြသည့် သံအမတ်များကို ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ကျားဖြူပါတီ၊ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ၊ ဝံသာနု NLD၊ အမျိုးသား နိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တို့ စုပေါင်း လက်မှတ်ရေးထိုးထားသည့် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး ပေးစာတစောင်ကိုလည်း ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ နိုင်ငံတကာက ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) က ယခုလ ရ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် အနောက်နိုင်ငံများ အနေဖြင့် မထိရောက်သည့် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားသင့်ကြောင်း ရေးသားထားသည်။