ကရင်နီပြည် ရှားတောမြို့နယ်မှ လွိုင်ကော်မြို့သို့ မောင်းနှင်သွားသော မြန်မာစစ်တပ်ကား မတော်တဆ မှောက်၍ ကရင်နီ အမျိုးသမီး သုံးဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။ ...
ကရင်နီပြည် ရှားတောမြို့နယ်မှ လွိုင်ကော်မြို့သို့ မောင်းနှင်သွားသော မြန်မာစစ်တပ်ကား မတော်တဆ မှောက်၍ ကရင်နီ အမျိုးသမီး သုံးဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့က ရှားတောမြို့နယ် အခြေစိုက် တပ်ရင်းများ တပ်လဲလှယ်မှု ပြုလုပ်ရာ လွိုင်ကော်သို့ တပ်လဲလှယ်မှုဖြင့် ပြန်သွားသော စစ်တပ်ကား ခြောက်စီးမှ ဗိုလ်မှူးရဲဟိန်း စီးနင်းသောကားမှာ ဘီးပေါက်၍ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးရဲဟိန်းကားနှင့် လိုက်ပါလာခဲ့ကြသော ရှားတောမှ အသက် ၂၁ အရွယ် ဖောမြာ၊ ဘူးမြာ (၂၂) နှင့် ဦးမြာ (၂၂) တို့မှာ တပ်သားနှစ်ဦးနှင့်အတူ ကားမှောက်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြသည်။ ဗိုလ်မှူးရဲဟိန်းနှင့် ကျန်တပ်သား ၁၀ ဦးတို့မှာ ဒဏ်ရာရရှိခဲ့သည်။
“အဲမှာ ထူးထူးခြားခြား တစ်ခုက ကယားအမျိုးသမီး ၃ ယောက်ပါတယ်။ အမျိုးသမီးတွေက ရှားတောက အဲဒါ ပွဲချင်းပြီးတယ်” ဟု အခြေအနေအား သိရှိထားသည့် ကရင်နီတပ်မတော်မှ အရာရှိတစ်ဦးဖြစ်သူ စောထီးထာစွေ့က ပြောပြပါသည်။
ရှားတောအခြေစိုက် စကခ ၂ လက်အောက်ခံ ခလရ ၂၄၇ တပ်ရင်းသည် ခြေမြန်တပ်ရင်း ခမရ ၃၃၂ နှင့် တပ်လဲလှယ်သည့် အချိန်တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။