ထိုင်းမူဝါဒ ဒုက္ခသည်များ ရပ််တည်ရေး ခက်ခဲ

ထိုင်းမူဝါဒ ဒုက္ခသည်များ ရပ််တည်ရေး ခက်ခဲ
by -
ကိုဝိုင်း

ထိုင်းနယ်စပ်တွင် ခိုလှုံနေသော မြန်မာဒုက္ခသည်များအား စခန်းပြင်ပသို့ ထွက်ခွင့်မပြုသည့် ထိုင်းအစိုးရ မူဝါဒက ဒုက္ခသည်များ မိမိဖာသာ ရပ်တည်နိုင်ရေး ကြိုးစားရာတွင် အခက်ခဲ ဖြစ်စေသည် ...

ချင်းမိုင် (မဇ္စျိမ) ။     ။ ထိုင်းနယ်စပ်တွင် ခိုလှုံနေသော မြန်မာဒုက္ခသည်များအား စခန်းပြင်ပသို့ ထွက်ခွင့်မပြုသည့် ထိုင်းအစိုးရ မူဝါဒက ဒုက္ခသည်များ မိမိဖာသာ ရပ်တည်နိုင်ရေး ကြိုးစားရာတွင် အခက်ခဲ ဖြစ်စေသည် ဟု ဒုက္ခသည်အရေး ကူညီနေသည့် TBBC-Thailand Burma Border Consortium က ပြောသည်။

: http://ec.europa.eu)ဒုက္ခသည်များ အနေဖြင့် အလှူရှင်များကိုသာ ရေရှည် အားကိုးနေရန် မလိုပဲ မိမိဖာသာ ရပ်တည်နိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေနိုင်ရန် ဥရောပကော်မရှင် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး၊ လူမှုကူညီရေးနှင့် အကျပ်အတည်း တုံ့ပြန်မှုမင်းကြီး Kristalina Georgieva ၏ ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည် စခန်းသို့ တနင်္ဂနွေနေ့က သွားရောက်ခဲ့သည့်အပေါ် သူ့အမြင်ကို ဖြေကြားခြင်း ဖြစ်သည်။

“ကျွမ်းကျင်မှုတွေကို စခန်းထဲမှာ နေရတဲ့အနေအထားနဲ့ ပြန်အသုံးချဖို့ ဆိုတာကျတော့ စခန်း အပြင်ထွက်ပြီး အလုပ်လုပ်ခွင့်မပေးပဲ စခန်းထဲမှာပဲ နေရမယ်ဆိုတဲ့ ထိုင်းအစိုးရရဲ့ မူဝါဒက ရှိနေတော့ သိပ်ခက်ခဲပါတယ်။ သူတို့တွေ အနိမ့်ဆုံးအဆင့် စျေးကွက်ကို လက်လှမ်းမီဖို့ လိုပါလိမ့်မယ်” ဟု TBBC တာဝန်ခံတဦးဖြစ်သူ Sally Thompson က မဇ္စျိမကို ပြောသည်။

TBBC အပါအဝင် အစိုးရမဟုတ်သည့် အဖွဲ့များက နယ်စပ်ရှိ ဒုက္ခသည်များအား နေရပ်ပြန်နိုင်လျှင် လုပ်ကိုင် စားသောက်နိုင်ရန် ယဉ်ကျေးမှုဆိုင်ရာ လက်မှုပညာရပ်နှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကျွမ်းကျင်မှု အသေးစား သင်တန်းများ ပေးနေသည်။

ခရစ္စတာလီးနား ဂျော်ဂျီဗား Kristalina Georgieva သည် ထိုင်းနိုင်ငံသို့ စနေနေ့က ရောက်ရှိပြီး နောက်တရက်တွင် တာ့ခရိုင်၊ မဲဆောက်မှ မြောက်ဘက် ၅၇ ကီလိုမီတာအကွာ မယ်လဒုက္ခသည်စခန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရေရှည်တွင် အမှီအခိုကင်းကင်း ရပ်တည်နေနိုင်မည့် ပညာရပ်များအတွက် အကူအညီ တိုးပေးသွားမည်ဟု ဆွေးနွေးခဲ့သည်။

အစီအစဉ်များ အောင်မြင်နိုင်ရေးမှာ လတ်တလော အခြေအနေအရ မဖြစ်နိုင်သေးကြောင်း၊ ဒုက္ခသည်များအနေဖြင့် စခန်းပြင်ပတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန်လိုအပ်ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ မယ်လစခန်းကော်မတီ၏ ဥက္ကဌ စောထွန်းထွန်းက ပြောသည်။

“မယုံကြည်နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒုက္ခသည်စခန်းတွေက ကျဉ်းကျဉ်းလေး။ ဝင်ငွေရမယ့် လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့က ထိုင်းအစိုးရကနေ ဒုက္ခသည်တွေကို တရားဝင် အပြင်ထွက်ခွင့်ပေးပြီး အလုပ်လုပ်ခွင့်ပေးဖို့လိုမယ်” ဟု စောထွန်းထွန်းက မဇ္စျိမကို ပြောသည်။

ဥရောပကော်မရှင်က ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်ကို ၁၉၉၅ မှစ၍ ယခုနှစ်အထိ အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ကျော်နှင့် ညီမျှသည့် ယူရိုငွေ ၁၄၉ သန်း အကူအညီပေးခဲ့ပြီးဖြစ်ကြောင်း ဥရောပကော်မရှင်က ထုတ်ပြန်ထားသည်။ ရိက္ခာ၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစီအစဉ်များအတွက် နယ်စပ် အန်ဂျီအိုများမှတဆင့် ပေးခဲ့သည်။

ဥရောပ လူမှုကူညီရေးမင်းကြီးသည် ယနေ့ ဘန်ကောက်၌ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိချာချီဝ၊ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရိုမြ (Kasit Piromya) တို့နှင့် တွေ့ဆုံရန်ရှိပြီး ဒုက္ခသည်များအတွက် ပညာရေး၊ တရားရေးနှင့် စီးပွားရေးကိစ္စများ ဆွေးနွေးမည်ဟု ဥရောပကော်မရှင်က မတ်လ ၁၁ ရက်က ထုတ်ပြန်သည်။

ယခုကဲ့သို့ မိမိဖာသာရပ်တည်နိုင်ရေး အစီအစဉ်များ ချမှတ်ကူညီရန် ပြင်ဆင်နေသော်လည်း တတိယနိုင်ငံများတွင် အခြေချရန် ခေါ်ယူသည့် အစီအစဉ်များလည်း ဆက်ရှိနေဦးမည်ဖြစ်ကြောင်း TBBC က သုံးသပ်သည်။

“ဒီကိစ္စက ဒုက္ခသည် တချို့အတွက် ရေရှည်ဖြေရှင်းချက်တခုပါ။ အားလုံးအတွက်တော့ မဟုတ်ပါဘူး။ အစီအစဉ်တွေ ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု Sally Thompson က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မယ်လ၊ အုန်းဖျံ၊ ထမ့်ဟင်၊ နို့ဖိုး၊ ဘန့်ဒုံယမ်း၊ မယ်လအူး၊ မယ်ရာမိုနှင့် ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ နှင့် ၂ စသည့် စခန်းများမှ ၄ နှစ်အတွင်း တတိယနိုင်ငံသို့ အခြေချရန် မြန်မာပြည်မှ ဒုက္ခသည် ၆၅,ဝဝဝ ထွက်ခွာသွားပြီဖြစ်ကြောင်း TBBC က ထုတ်ပြန်ထားသည်။

နိုင်ငံတကာရွှေ့ပြောင်းအခြေ ချ နေထိုင်သူများအဖွဲ့ International Organization of Migration, IOM က စစ်ပြေးဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံသူများကို ၂ဝဝ၆ မှ ၂ဝ၁ဝ ဒီဇင်ဘာထိ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ အပါအဝင် တတိယနိုင်ငံများသို့ ပို့ဆောင်ပေးသည်။

ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် မြန်မာဒုက္ခသည် ၁၄ဝ ဝဝဝ ကျော် ရှိနေသည်။