တီးတိန်ကားမှောက်မှုတွင် စစ်တပ် ပယောဂမကင်း

တီးတိန်ကားမှောက်မှုတွင် စစ်တပ် ပယောဂမကင်း
by -
ခိုနူမ်းထုန် သတင်းဌာန

မတ်လ ၁၀ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ် အမှတ်(၂) နယ်စပ် ကုန်သွယ်ရေးလမ်းတွင် ဒိုင်နာကားတစီး တိမ်းမှောက်သွားသည့် ကိစ္စ၌ စစ်တပ်၏ ပယောဂ မကင်းကြောင်း ခရီးသည်များကပြော ...

မတ်လ ၁၀ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ်အမှတ်(၂) နယ်စပ် ကုန်သွယ်ရေးလမ်းတွင် ဒိုင်နာကားတစီး တိမ်းမှောက်သွားသည့် ကိစ္စ၌ စစ်တပ်၏ ပယောဂ မကင်းကြောင်း ခရီးသည်များက ပြောသည်။

တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းမှ ဒု – ဗိုလ်မှူးကြီး စောထွန်းက စစ်ကိုင်းတိုင်းကလေးမြို့မှ အိန္ဒိယ-မြန်မာ နယ်စပ် ရိဒ်မြို့ဘက်သို့ တက်လာသည့် ဂျစ်ကား ၅ စီးကို တီးတိန်မြို့ အရောက်တွင် ရပ်ခိုင်းကာ ခရီးသည်များအား အကုန်ဆင်းခိုင်းပြီး ဂျစ်ကားများ ကိုချောဆွဲ သွားခဲ့သည်ဟု ခရီးသည်တဦးကပြောသည်။

ထို့နောက် ဂျစ်ကား ၅ စီးမှပါလာသော ခရီးသည် အယောက် ၅၀ ကျော်အတွက် စစ်တပ်က ဒိုင်နာကား တစီးသာ စီစဉ်ပေးပြီး  အိန္ဒိယ – မြန်မာနယ်စပ်ဘက်ကို ကုန်နှင့်ခရီးသည်အပြည့်ဖြင့် ပြန်လည်ထွက်ခွာကြချိန်တွင် တီးတိန်မြို့ နယ်လမ်ဇန်း ကျေးရွာအလွန် လမ်းအကွေ့မှာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ခရီးသည်တဦးက ပြောသည်။

အဆိုပါကားတိိမ်းမှောက်မှုကြောင့် ဦးနန်ခန့်လျန်း ၊ ဒေါ်ဝုန်စန်းဒိမ်း၊မောင်နောင်းဒင်းပဲဒ် ၊ ဦးတွောင်ခိုပေါင် တို့သေဆုံး သွားခဲ့ ပြီးခရီးသည် အယောက် ၃၀ ခန့်ဒဏ်ရာရရှိခဲ့ကြသည်။

ယခုနေပြည်တော်မှာ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးပွဲမှာလည်း ချင်းအမျိုးသား လွှတ်တော်ကိုယ်စား လှယ်တွေက ချင်းပြည်နယ်၏ လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် နိုင်ငံတော် အစိုးရက အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးရေး အဆိုကို တင်သွင်းထားကြသည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်အခြေစိုက် စစ်တပ်က ခရီးသည်တင် မော်တော်ကားများကို ၄င်းတို့၏ တပ်ရိက္ခာ နှင့်
လက်နက်များ တင်ဆောင်ရန်အတွက် ချောဆွဲလျက် ရှိသည်ဟု သိရသည်။

မတ်လ ၈ ရက်နေ့ကလည်း အမှတ်(၂)နယ်စပ် ကုန်သွယ်ရေးစခန်း ရိမြို့မှကလေးမြို့ဘက်သို့ သွားသော ခရီးသည်တင် ဂျစ်ကားတစီးကို တီးတိန်မြို့ အရောက်တွင် စစ်တပ်က ချောဆွဲခဲ့သောကြောင့် တခြားကားများကို ပြောင်းစီးခဲ့ရကြောင်း ခရီးသည်တဦးက ပြောသည်။

ထို့အပြင် အိန္ဒိယမြန်မာ နယ်စပ်ချောင်းမှ စစ်ကိုင်းတိုင်း ကလေးမြို့အကြား ကားလမ်းတလျှောက်တွင် စစ်တပ်နဲ့ရဲက ဂိတ်ခွန် ၁၁ ခု ဖွင့်လှစ်ပြီး အခွန်ကောက်နေသည်ဟု သိရသည်။

”တဂိတ်မှာ အနည်းဆုံး ကျပ် ၂၀၀၀ – ၃၀၀၀ လောက်ပေးရတယ်၊ ကားသမားတွေက ပေးရတာပေါ့၊ မပေးရင်တော့ ကားမထွက်ခိုင်းဘူး၊ ခရီးသည်တွေကို ကားပေါ်က ဆင်းခိုင်းပြီး အကြောင်းမရှိ အကြောင်းကာ စစ်ဆေးမှုတွေ ပြုလုပ်တတ်တယ်” ဟု အဆိုပါ ခရီးသည်တဦးက ပြောသည်။

ယခုကဲ့သို့ စစ်သား နှင့် ရဲ များကို လမ်းတလျှောက်ငွေပေးနေရသည့်အတွက်ကြောင့် ကားခစျေးနှုန်းတွေလည်း မကျနိုင်ဘဲ ဖြစ်နေသည်ဟု သူကပြောသည်။