ထားဝယ် စက်မှုဇုန်စီမံကိန်းက ဘယ်သူ့အတွက် အကျိုးရှိမှာလဲ

ထားဝယ် စက်မှုဇုန်စီမံကိန်းက ဘယ်သူ့အတွက် အကျိုးရှိမှာလဲ
by -
ဇွန်ခေါင်း

မြန်မာပြည်သူများက ဒါမျိုး ကြားဖူးလှပြီ။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ခေတ် ဆိုတုန်းကလည်း ဂျပန်မှ ရှော့ပင်းမောလ်များ လာဖွင့်မည်ဆိုပြီး ပြာလဲ့ကို ဇာချဲ့ခဲ့ကြသေးသည်။ နောက်တော့လည်း ဘာမှ ပေါ်မလာ။ ...

မြန်မာပြည်သူများက ဒါမျိုး ကြားဖူးလှပြီ။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ခေတ် ဆိုတုန်းကလည်း ဂျပန်မှ ရှော့ပင်းမောလ်များ လာဖွင့်မည်ဆိုပြီး ပြာလဲ့ကို ဇာချဲ့ခဲ့ကြသေးသည်။ နောက်တော့လည်း ဘာမှ ပေါ်မလာ။

၁၉၉ဝ စုနှစ်များဆီတုန်းကလည်း ဂျပန်စက်မှုဇုန် ပန်းခြံကြီး မြို့တော်တွင် လာတည်မည်ဟု သတင်းဖြစ်လိုက်သေးသည်။ ဒါလဲ ဘာမှ အကောင်အထည် မပေါ်ခဲ့။

နောက်တခါ သီလဝါ အထူး စီးပွားရေးဇုန်ဆိုပြီး အသံတွေထွက်လာ ငြင်းလိုက်ကြခုံလိုက်ကြ၊ ဒီစီမံကိန်းလည်း နောင်တော်ကြီးများလိုပင် ဘာမှ အကောင်အထည်ပြစရာ မရှိလိုက်။ သို့သော် လူတချို့ကတော့ စီမံကိန်းပါ ဆိပ်ကမ်းတဝိုက် အိမ်ခြံမြေတွေ ဝယ်ယူရင်းနှီး မြှုပ်နှံလိုက်ကြသေးသည်။

အခုတလော မြန်မာပုဂ္ဂလိကပိုင် မီဒီယာများတွင် ကြားလာရသည့် သတင်းထူး သတင်းဆန်းကြီးကတော့ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတဲ့။ ပထမအဆင့်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး စီမံကိန်းတခုလုံးအတွက် အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ ကုန်ကျမည့် ၁ဝ နှစ်ကြာ စီမံကိန်းအတွက် ထိုင်းနှင့် မြန်မာတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ တခုစိတ်ဝင်စားစရာ ကောင်းသည်မှာ ယခု ဤစီမံကိန်းနှင့် ပတ်သက်၍ ငြင်းကြခုံကြ ဆွေးနွေးကြသည့် အကြောင်းအရာများထဲတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြဿနာနှင့် အလုပ်ခန့်ထားမှု ကိစ္စများကို ဦးစားပေး ဆွေးနွေးပြောဆိုလာကြခြင်း ဖြစ်သည်။ နာဂစ်ဆိုင်ကလုံး မုန်တိုင်းကို ခံလိုက်ရပြီးကတည်းက မြန်မာနိုင်ငံမှ လူအတော်အများများနှင့် မြန်မာမီဒီယာတို့သည် ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ဆိုင်သည့် ပြဿနာကြီးများကို ရင်းနှီးကျွမ်းဝင်သွားကြသည်။

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ အဆိုးအကောင်း ဆွေးနွေးပြောဆိုကြရာတွင် ပေါ်ထွက်လာသော မေးခွန်းများမှာ ထိုင်းနိုင်ငံသည် ဘာကြောင့် သူ့နိုင်ငံမှ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်စေသော ပျက်စီးစေသည့် စက်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတွင်းသို့ တင်ပို့ခဲ့သနည်း။ သူ့နိုင်ငံတွင်း ပိုမိုတင်းကျပ်လာသော ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းများကြောင့်လော ဆိုသည့် မေးခွန်းပင် ဖြစ်သည်။

နောက်ထပ် ပေါ်ထွက်လာသည့် စိုးရိမ်ပူပန်မှုတရပ်မှာ ဤစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရမည့် အလွန်ကြီးမားသော ငွေပမာဏနှင့် ထွက်ပေါ်လာမည့် အမြတ်အစွန်းကလည်း မြန်မာပြည်ကို အကျိုးဖြစ်ထွန်းစေမှာလားဆိုသည့် မေးခွန်းပင် ဖြစ်သည်။ တိုင်းပြည်အတွက် စီးပွားရေး တိုးတက်ဖြစ်ထွန်းမှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု ပြောသူဆို၍ အနည်းငယ်သာ ရှိသည်။ အချို့သော အကောင်းမြင်သမားများကတော့ ယခုစီမံကိန်းသည် မြန်မာနို်င်ငံအဖို့ သူမသာကိုယ်မနာ စီမံကိန်းသာဖြစ်သည်ဟု ပြောသော်လည်း ပိုများများစားရမည့်သူမှာ ထိုင်းနိုင်ငံ ဖြစ်သည်ကိုလည်း ဝန်ခံပြောကြားသည်။

တိုတိုပြောရလျှင် ထားဝယ်စီမံကိန်းနှင့် စပ်လျဉ်းပြီး  ပြည့်ပြည့်စုံစုံ သတင်းအချက်အလက်များ မရရှိခြင်းသည် မြန်မာအစိုးရက ပွင့်လင်းမြင်သာမှုမရှိ ဆိုသည်ကို ပြသနေသည်။ မြန်မာအစိုးရ အရာရှိများ၏ အရည်အချင်းနှင့် လုပ်ငန်းအပေါ် ပိုင်းဖြတ်မှု ရှိခြင်းအပေါ် အယုံအကြည်ကင်းမဲ့မှုကိုလည်း ပြသနေသည်။ ထို့ပြင် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံအပေါ် ကာကွယ်ပေးနိုင်မည့် စည်းမျဉ်းစည်းကမ်းများ အကာအကွယ်များ လုံလောက်စွာ မရှိခြင်းကိုလည်း ပြသနေသည်။ မြန်မာဗိုလ်ချုပ်ကြီးများသည် သူတို့နှင့် အလွမ်းသင့်သူများကိုသာ ခေါ်ယူခန့်ထား လုပ်ကိုင်စေလိမ့်မည်၊ ရသမျှ ပြည်သူ့ဘဏ္ဍာငွေများကိုလည်း ဤစီးပွားရေးသမားကြီးများ၏ အလွန်ကြီးမားလှသော အိတ်ထောင်ထဲသို့သာ ကဲ့ထည့်လိမ့်မည် ဟူသော စိုးရိမ်ပူပန်မှုများလည်း ပေါ်ထွက်လာနေသည်။

အကယ်၍သာ (ဤအကယ်၍သာသည် တော်တော်အရေးကြီးသော အကယ်၍သာ ဖြစ်သည်) စီမံကိန်းနှင့် စပ်လျဉ်းပြီး အစိုးရ၏ ကြီးကြပ်အုပ်ချုပ်မှုအပေါ် ယုံကြည်စိတ်ချရမှု၊ ပွင့်လင်းမြင်သာမှု ရှိလာမှသာ၊ နောက်ထပ် အလားတူ ဖွ့ံဖြိုးရေး စီမံကိန်းများအပေါ် ပြည်သူလူထုက အလွယ်တကူ အားတက်သရော လက်ခံကြိုဆိုကြလိမ့်မည်။

Most read this week