ကရင်ပြည်နယ် ဝေါလေဒေသရှိ ဒေသခံ စစ်တပ်ထံ ရိက္ခာ၊ လက်နက်နှင့် တပ်သား လာပို့သည့် စစ်ယာဉ်တန်းကို ကရင်လွတ်မြောက်ရေးတပ်မတော် KNLA က ကြာသပတေးနေ့ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ ကရင်ပြည်နယ် ဝေါလေဒေသရှိ ဒေသခံ စစ်တပ်ထံ ရိက္ခာ၊ လက်နက်နှင့် တပ်သား လာပို့သည့် စစ်ယာဉ်တန်းကို ကရင်လွတ်မြောက်ရေးတပ်မတော် KNLA က ကြာသပတေးနေ့တွင် စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် စစ်အစိုးရတပ် စစ်သား ၁၆ ဦး ကျဆုံးကာ ၁၇ ဦး ဒဏ်ရာရသွားသည်ဟု KNLA က ပြောသည်။
ဝေါလေအခြေစိုက် ကနဲလေးနှင့် ဘုရင့်နောင် တပ်စခန်းများထံ လာရောက်သည့် စစ်ကား ၂၇ စီးနှင့် တပ်သား ၃ဝဝ ကျော် ပါဝင်သည့် ခမရ ၃၄၆ ၊ ၅၄၄ ၊ ခလရ ၃၁ဝ ၊ ၉၇ တို့ကို KNLA ၂ဝ၁ တပ်ခွဲ ၁ မှ ဗိုလ်ကြီးမြတ်ထူးနှင့် လုံခြံုရေးတပ်ခွဲမှ ဗိုလ်ကြီးစဲနာဟူး၏ တပ်ဖွဲ့ဝင် အင်အား ရဝ ခန့်ရှိ တပ်ခွဲ ၂ ခွဲက ကနဲလေး၊ ဝေါလေနှင့် ဘုရင့်နောင်အကြား လမ်းမကြီးပေါ်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“သူတို့တပ်ရင်းတွေကို ရိက္ခာနဲ့ အားဖြည့်ဖို့ လာတာကို ကျနော်တို့က သတင်းကြိုရထားလို့ ပြောက်ကျားပုံစံနဲ့ ကြားကနေ ဖြတ်တိုက်တာ” ဟု ကရင်သူပုန်အဖွဲ့၏ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအခြေစိုက် တပ်ရင်း ၂ဝ၁ ဒု တပ်ရင်းမှူး ဗိုလ်မှူး ကြည်အောင်က မဇ္စျိမကို ပြောသည်။
နယ်မြေကျွမ်းကျင်သည့် KNLA ပြောက်ကျားတပ်များက ယမန်နေ့ မနက်ပိုင်းမှစ၍ M 16 ၊ RPG နှင့် လက်ပစ်ဗုံးသီးများ အသုံးပြုကာ ညနေ ၆ နာရီခန့်ထိ ၃ ကြိမ် တိုက်ခိုက်ခဲ့ရာ၊ စစ်အစိုးရ တပ်များက လက်နက်ငယ်များအပြင် ၈ဝ-မမ နှင့် ၁၂ဝ-မမ မော်တာ လက်နက်ကြီးများပါ အသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့သည်။
“ကျနော်တို့ကတော့ နယ်မြေအရ ကျွမ်းကျင်တော့ ပစ်မှတ်ကောင်း ရှာစောင့်ပြီး ပစ်တော့ သူတို့ဘက်က ထိကုန်တာပေါ့။ နောက်ပိုင်း သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တော့ ရှောင်ပြေးရတာပေါ့။ ကျနော်တို့ဘက်က ထိခိုက်မှု မရှိပါဘူး” ဟု ဗိုလ်မှူးကြည်အောင်က ပြောသည်။ တိုက်ပွဲဖြစ်ရာ၌ပင် စစ်ကားများ ရပ်နားကာ ရှေ့ဆက်မတက်နိုင်ဘဲ ဖြစ်နေသဖြင့် ယနေ့တွင် တိုက်ပွဲများ ဆက်ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။
သို့သော် တိုက်ပွဲဖြစ်ပွားမှုနှင့် ကျဆုံးမှုအပေါ် သီးခြားအတည်ပြုချက်မရနိုင်ပါ။
ပြီးခဲ့သည့်နှစ်ထဲတွင် KNU ပိုင် တပ်မဟာ ရ ခုအတွင်း စစ်အစိုးရတပ်နှင့် တိုက်ပွဲပေါင်း ၁ဝ၈၃ ပွဲ ဖြစ်ပွားခဲ့သည့်အနက် စစ်တပ်မှ ၆၁၈ ဦး ကျဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၃ဝ၄ ဦး၊ အသက်ရှင်လျက် ဖမ်းမိသူ ၁၆ ဦး ရှိခဲ့ပြီး ယင်းတိုက်ပွဲများထဲတွင် KNU ဘက်မှ ၉ ဦး ကျဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့ကြောင်း ၂ဝ၁ဝ ခုနှစ် နှစ်ချုပ် အစီရင်ခံစာက ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး KNU က ၎င်းတို့နယ်မြေများအတွင်း မြေမြှုပ်မိုင်းများ အသုံးပြု၍ တိုက်ခိုက်မှုများ ရှိသလို အရပ်သားအသွင်ဖြင့် ပြောက်ကျားစနစ် အသုံးပြုတိုက်ခိုက်ပြီး နယ်မြေကျွမ်းကျင်မှုကြောင့် ထိခိုက်ကျဆုံးမှု နည်းကြောင်း လက်နက်ကိုင်တပ် KNLA က သုံးသပ်သည်။
တိုက်ပွဲများ ဖြစ်နေသည့် ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၌လည်း ယခုဖြေဆိုနေသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးလျှင် စစ်အစိုးရတပ်များနှင့် ကရင်လက်နက်ကိုင်တပ်များအကြား မြို့ပေါ်တိုက်ပွဲများ ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းချက်များ ပေါ်ထွက်နေသည်။
“စီးပွားရေးလမ်းတွေကလည်း ပိတ်ထားတယ်။ မြို့ပေါ်မှာကလည်း ဗုံးခဏခဏ ကွဲနေတော့။ စီးပွားရေးကတော့ ခြောက်ကပ်နေပြီလေ။ ဒီကြားထဲ ကျောင်းတွေပြီးရင် မြို့ပေါ်မှာ တိုက်ပွဲဖြစ်မယ်လို့ ကြားနေကြတော့ တချို့ကုန်သည်တွေက ကော့သောင်းဘက် ပြောင်းကုန်တယ်။ အခုလည်း ဒီမှာ ဘာစီးပွားမှ ရှာလို့မကောင်းတော့ဘူး” ဟု မြဝတီတွင် အလှပြင်ဆိုင် ဖွင့်ထားသူ တဦးက မဇ္စျိမကို ပြောသည်။
စစ်အစိုးရက ၂ဝ၁ဝ နိုဝင်ဘာလ ရ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပခဲ့ပြီး၊ နောက်တနေ့တွင် မြဝတီနှင့် ဘုရားသုံးဆူ၌ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသေအပျောက်များ ရှိခဲ့သည်။
ထိုသို့သော မြို့ပေါ်တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် မြဝတီမြို့ခံ ငွေကြေးအဆင်ပြေသူအချို့မှာ အိမ်အောက်၌ မြေကတုတ်ကျင်း တူးသူများရှိသလို၊ မြို့မတည်ငြိမ်မှုကြောင့် ရွှေ့ပြောင်းထွက်ခွါသွားကြသူများ ရှိသည်ဟု မြို့ခံများက ပြောသည်။