အိမ်ခြေက (၁၉) အိမ်နဲ့ လူဦးရေက (၁၄၀)ကျော်ပဲ ရှိတဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးအုပ်စုကျေး ရွာအတွင်းမှ တောင်ပေါ်ဒေသက ရွာငယ်လေးတစ်ရွာမှာ လူတွေ အိပ်စက် အနားယူနေကြတဲ့ ညချိန်မို့ ...
အိမ်ခြေက (၁၉) အိမ်နဲ့ လူဦးရေက (၁၄၀)ကျော်ပဲ ရှိတဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးအုပ်စုကျေး ရွာအတွင်းမှ တောင်ပေါ်ဒေသက ရွာငယ်လေးတစ်ရွာမှာ လူတွေ အိပ်စက် အနားယူနေကြတဲ့ ညချိန်မို့ တစ်ရွာလုံးက တိတ်ဆိတ် နေပါတယ်။ ကျေးရွာရဲ့ အလယ်လောက်မှာရှိတဲ့ တဲအိမ်လေးထဲမှာတော့ ဆီမိီးခွက်ရဲ့ အလင်းရောင်မှိန်မှိန်လေးကို ထွန်းညှိထားပါတယ်။ တဲအိမ်လေးထဲမှာတော့ ကလေးငယ် လေးတစ်ယောက်ရဲ့ အော်ငိုသံကို ကြားနေရပါတယ်။
ကလေးငယ်ရဲ့ အသံကမတိတ်နိုင်ပဲ တချိန်လုံးငိုနေပါတယ်။ အချိန် တော်တော်ကြာငိုပြီး ခဏလောက်မှာ ကလေးငယ်ငိုနေတဲ့ အသံတိတ်သွားပါတယ်။ မိသားစုတွေကော အိမ်နီးနားချင်းကလူတွေပါ စကားပြောသံတွေ ဆူဆူညံညံကြားနေရပါတယ်။
အိပ်လို့မရတာနဲ့ အဲဒီအိမ်ဆီကို သွားကြည့်လိုက်ပါတယ်။ အိမ်ထဲမှာတော့ ဒေါ်ကျဲမယ်က လသားအရွယ်ရှိသေးတဲ့ သူ့မသားလေးကို ပွေ့ထားပြီးချော့သိပ်နေပါတယ်။ ဘေးမှာလည်း ခင်ပွန်းဖြစ်သူက ကလေးငယ်လေးကို ယှက်ခပ်ပေးနေပါတယ်။ အခန်းတစ်ခုတည်းမှာပဲ ကျန်တဲ့သားသမီးငါးယောက်နဲ့အတူ အိမ်နီးချင်းဦးလေးတွေ၊ အဒေါ်တွေကလည်း ရှိနေကြပါတယ်။
ကလေးငယ်ရဲ့ မိခင်ဖြစ်သူဒေါ်ကျဲမယ်က “ညနေကတည်းက အဖျားတက်နေတာလေ။ အဲဒါ အခုထိ ကိုယ်ပူမကျသေးဘူး။ ၀မ်းလည်းသွားနေတယ်” လို့ ပွေ့ထားတဲ့ သူမရဲ့သားလေးကိုကြည့်ပြီး စိုးရိမ်ထိတ်လန့်စွာနဲ့ ကျနော့ကိုလှမ်းပြီး ပြောလိုက်ပါတယ်။
ကလေးငယ်မှာ ၀မ်းသွားပြီး အဖျားတက်နေပါတယ်။ ကလေးငယ်ရဲ့ မျက်လုံးမျက်ဆံမှာလည်း ပြူးနေပြီးပါးခွက်မှာ ချိုင့်ဝင်လို့နေပါတယ်။ ခြေ၊ လက်တွေမှာ သေးကွေးပြီး ခန္ဓာကိုယ်ကအရိုးပေါ် အရည်တင်လို့ ခြောက်သွေ့ပိန်လှိီနေပါတယ်။ ပိုပြီးသနားစရာကောင်းတာကတော့ ကလေးငယ်လေးမှာ မွေးရာပါ နှုတ်ခမ်းကွဲလေးကိုပါဘဲ။ ကလေးငယ်လေးက အသက်ရှစ်လသာရှိပြီး သူ့ကိုမောင်ဆူရယ်လို့ ခေါ်ပါတယ်။
မောင်ဆူရယ်က ကိုယ်အရမ်းပူနေပြီး သတိရတစ်ချက်မရတစ်ချက် ဖြစ်နေပါတယ်။ အဖျားသက်သာအောင် ဖခင်ဖြစ်သူကလည်း ရေပတ်တိုက်ပေးပြီး အိမ်နီးနားချင်း ဦးလေးတစ်ယောက်ကလည်း ကလေးငယ်ကို အဖျားကျဆေးတိုက်ဖို့ ရွာထဲကို တစ်အိမ်ပြီးတစ်အိမ် လိုက်ပတ်ရှာနေပါတယ်။
ကျနော့်ဆီမှာလည်း ဘာဆေးဝါးမှမရှိလို့ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ ကျနော်နဲ့အတူ အိမ်နီးနားချင်းက လူတွေကလည်း ကလေးငယ်ကို ပြုစုကြပါတယ်။
ကလေးကငိုရင်းနဲ့ အမောဆို့ပြီးမေ့မျောသွားတော့ တစ်အိမ်သားလုံးက ပျာယာခတ်ပြီးဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားကြပါတယ်။ တစ်ညလုံးကိုယ်ပူရှိန်တက်ပြီး ဖျားနေပေမဲ့ ကလေးငယ်ကို တိုက်ဖို့ဆေး ရှာမတွေ့ခဲ့ပါဘူး။ နီးစပ်ရာ ကျေးလက်ဆေးပေးခန်းလည်း မရှိပါဘူး။ အစိုးရကျန်းမာရေးဌာနမှ ၀န်ထမ်းတွေကလည်း မရှိပါဘူး။
ကလေးငယ်မှာလည်း ကျန်းကျန်းမာမာ မရှိပဲ မကြာခဏဖျားလေ့ရှိတယ်လို့ု့ မိခင်ဖြစ်သူက ပြောပါတယ်။ နောက်တစ်ရက်မိုးလင်းတော့ ဒေါ်ကျဲမယ်ရဲ့ ရှစ်လသားလေး မောင်ဆူရယ်မှာ ဆုံးသွားရရှာတယ်။ ကလေးငယ်ဆုံးသွားလို့ မိသားစုအားလုံးမှာ ယူကြံုးမရ စိတ်မကောင်းဖြစ်ကြရပါတော့တယ်။
ယခုလိုဖြစ်ရခြင်းဟာ ရေကောင်းရေသန့်နဲ့ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ အာဟာရချို့တဲ့မှုကြောင့်လည်း ကလေးငယ်ကို ရောဂါပိုးကူးစက်မြန်ခဲ့တာပါ။ ဒါ့အပြင် ဆေးဝါးလည်း မရှိတာကြောင့် ကလေးငယ်မှာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်တယ်လို့ ကျေးလက်ဒေသမှ သွားရောက်ဆေးကုသသူ ကျန်းမာရေးမှူးက ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အဲဒီရွာဘက်ကို အစိုးရကျန်းမာရေး ၀န်ထမ်းတွေ လာဖို့ ခဲယဉ်းကြပါတယ်။ တစ်ခါတစ်ရံ ကလေးငယ်များ အရေးကြီးလိုအပ်တဲ့ ကာကွယ်ဆေးထိုးဖို့ ချိန်မှာတော့ လာကြတယ်လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
“ရွာကိုတော့ ၃ လတစ်ကြိမ် ဒါမှမဟုတ် ခြောက်လတစ်ကြိမ်လောက်မှ ကလေးငယ်တွေ ကာကွယ်ဆေး လာထိုးပေးပါတယ်” လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
အဲဒီလို အခက်အခဲတွေရှိတဲ့ နေရာမျိုးတွေမှာ ဒေါ်ကျဲမယ်တို့ရဲ့ သားသမီး(၆)ယောက်ဟာလည်း ဘဝကိုခက်ခက်ခဲခဲ ရင်ဆိုင်နေကြရပါတယ်။ အကြီးဆုံးသားမှာ ၁၅ နှစ်ရှိပြီး မူလတန်းအထိပဲ ပညာသင်ကြားခဲ့ပါတယ်။ ဒေါ်ကျဲမယ်နဲ့သူမရဲ့ ခင်ပွန်းမှာ တောင်ယာလုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုကြရပါတယ်။
မိဘတွေကလည်း ဆင်းရဲကြလို့ သားကြီးနဲ့ ဒုတိယသမီးမှာ ကျောင်းဆက်မတက်ပဲ မိဘတွေရဲ့ တောင်ယာလုပ်ငန်းတွေမှာ လုပ်ကူနေကြရပါတယ်။ ကျန်တဲ့အငယ်လေးတွေမှာတော့ ရွာနီးစပ်မှာရှိတဲ့ မူလတန်းကျောင်း တက်နေကြပါတယ်။
ဒေါ်ကျဲမယ်မှာလည်း အသက် (၄၅) နှစ်ကျော်မှ ကလေးထပ်ရလို့ မိခင်နို့ရည်ခမ်းနေပြီဖြစ်ပါတယ်။ မိခင်နို့ရည်မစို့ခဲ့ရတဲ့ သူမရဲ့သား မောင်ဆူရယ်လေးမှာ မွေးကင်းစကတည်းက ထမင်းရည် တစ်ခုတည်းဖြင့် တိုက်ကျွေးခဲ့ရပါတယ်။ တခြားဖြည့်စွက်ရမည့် အဟာရဖြစ်စေမည့် အစားအသောက် တွေ၊ကလေးငယ်အတွက် အားဆေးတွေလည်း မတိုက်ကျွေးနိုင်ခဲ့လို့ ဆူရယ်မှာ အဟာရချို့တဲ့နေတဲ့ ကလေးငယ်ဖြစ်ခဲ့ရခြင်းဖြစ်ပါတယ်။
“တောတောင်ထဲမှာ မွေးတဲ့ကလေးတွေက မိခင်နို့ရည်မရှိတဲ့သူဆိုရင် တခြားဖြည့်စွက်စေမည့်ကလေး အာဟာရနို့မှုန့်တွေလည်းမတတ်နိုင်လို့ ကလေးငယ်မှာ အဟာရချို့တဲ့နိုင်တယ်။ ကိုယ်ခံအားနည်း မယ်။ နောက်ပြီးထမင်းရည်နဲ့ နို့ဗူးတွေဖျော်တိုက်တဲ့အခါမှာ မသန့်ရှင်းတာတွေကြောင့် ၀မ်းပျက်ဝမ်း လျှောရောဂါကိုဖြစ်စေပါတယ်” လို့ နယ်လှည့်ကျန်းမာရေး ၀န်ထမ်းတစ်ဦးဖြစ်သူက ပြောပါတယ်။
အဲဒီအပြင်် ဆူရယ်လိုနုတ်ခမ်းကွဲတဲ့ ကလေးငယ်နှစ်နှစ်အောက်အရွယ်တွေမှာ မိဘတွေက ကျန်းမာရေး စောင့်ရှောက်မှု အထူးဂရုစိုက်ပေးဖို့ လိုအပ်တယ်လို့ ကျန်းမာရေးမှူးက ဆက်ပြောပါတယ်။
၎င်းက “မွေးရာပါ နုတ်ခမ်းကွဲနေတဲ့ ကလေးကို အရမ်းကိုဂရုစိုက်ဘို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးငယ်မှာက မွေးရာပါ နုတ်ခမ်းကွဲတာဖြစ်လို့ အာခေါင်အထိ ပေါက်နေတဲ့အတွက်ကြောင့် အသက်ရှု လမ်းကြောင်း ရောဂါ ကူးစက် လွယ်ပါတယ်။ တောတောင်မှာ မွေးတဲ့ကလေးငယ်တွေမှာ မိဘတွေက မိသားစု စီမံကိန်းတွေကိုလည်း သေသေချာချာ ချမှတ်ထားတာတွေ မရှိဘူး။ သားသမီးတွေကလည်း များတယ်။ ဆင်းလည်း ဆင်းရဲကြတယ်။ နုတ်ခမ်းကွဲတဲ့ မွေးရာပါကလေးကိုလည်း သေချာ ဂရုမစိုက်နိုင်ကြတာ များတယ်။ အဲဒါကြောင့် ကလေးငယ်အတွက် အသက်အန္တရာယ်ကို ပိုပြီး ထိခိုက်စေခဲ့တာပါ” လို့ ပြောပါတယ်။
အဲဒီကျေးရွာဟာ ဒီးမော့ဆိုမြို့နဲ့မိုင်(၃၀) သာဝေးပြီး တောင်ပေါ်ဒေသမှာ ရှိနေတဲ့အတွက်ကြောင့် ကားလမ်းမရှိပဲ လူသွားလူလာလည်း နည်းလှပါတယ်။ လူနာများ အရေးပေါ်ဖျားနာတဲ့ အချိန်ကြရင်တော့ နွားလှည်း ဒါမှမဟုတ် ခြေလျင်နဲ့ ဒီးမော့ဆိုမြို့ဆေးရုံသို့ လာတက်ကြရပါတယ်။ ချို့တဲ့ပြီးခံနိုင်ရည်အားမရှိတဲ့ ဆူရယ်မှာတော့ ဆေးရုံကို အချိန်မှီမပို့နိုင်ခဲ့ပါဘူး။
ကျေးလက်ဒေသတွေမှာ မိဘတွေက ကျန်းမာရေးစောင့်ရှောက်မှု အသိပညာ နည်းတဲ့အတွက်ကြောင့် ကလေးငယ်ဆူရယ်လို အသက်ဆုံးရှုံးသွားတဲ့ ကလေးငယ်တွေလည်း တခြားကျေးရွာတွေမှာ တွေ့ရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။
“လွန်ခဲ့တဲ့နှစ်မှာဖရူမြို့နယ်နဲ့ ဒီမောဆိုမြို့နယ် အတွင်းရှိ ကျေးရွာများမှာ မသန့်ရှင်းတဲ့အစားအသောက်နဲ့ ရေတွေကို အရမ်းစားသောက်ကြလို့ ၀မ်းပျက်၊ ၀မ်းလျှော အဖြစ်များပြီး ကျေးရွာအုပ်စုတအုပ်စုမှာ ခန့်မှန်ချေ ကလေး ၁၀ ဦးကျော်လောက် သေဆုံးခဲ့ကြတယ်” လို့ ပြောပါတယ်။
ဆူရယ်ရဲ့ မိဘတွေမှာကလည်း မိသားစုများပြီးဆင်းရဲတဲ့ အတွက်ကြောင့် ကလေးငယ်ရဲ့ ကျန်းမာဖွံ့ဖြိုးမှုရှိစေဖို့ လိုအပ်ချက်တွေကို ပြည့်ဝအောင်ဆောင်ရွက်ချက်တွေ မဖြည့်ဆည့်ပေး နိုင်ကြပါဘူူး။ ချို့တဲ့တဲ့ကလေးငယ်အတွက်လည်း မိခင်နဲ့ကလေး အစိုးရကျန်းမာရေးဌာနမှလည်း စောင့်ရှောက်မှုမရခဲ့ပါဘူး။
ကလေးငယ်တွေက ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာမရရှိကြတဲ့အပြင် အချိန်မှီဆေးကုသမှု မခံယူနိုင်ခဲ့ခြင်း၊ မိဘတွေမှာလည်း ကျန်းမာရေးအသိ ပညာနည်းပါးခြင်း၊ ဆေးဆရာ၊မ မရှိခြင်း၊ ကျန်းမာရေးပညာပေးမှု အားနည်းခြင်း၊ ဆေးဝါးလုံလုံ လောက်လောက်မရှိခြင်းတို့ကြောင့် ကျေးလက်ဒေသဘက်မှာ မွေးဖွားလာခဲ့တဲ့ ကလေးငယ်လေးမောင်ဆူရယ်မှာ ယခုလိုအဖြစ်မျိုးဘဝနဲ့ အသက်ဆုံးရှုံးမှုအဖြစ်နဲ့ ကြံုတွေ့ခဲ့ရခြင်းဖြစ်ပါတယ်။
“ဒေသခံအာဏာပိုင် အစိုးရတွေက စစ်အင်အားကြီးဖို့အတွက်ကလွဲပြီး ပြည်သူတွေအတွက် တခြားဘာကိုမှ မစဉ်းစားပေးဘူး။ ကျေးလက်ဒေသဘက်မှာ လူဖြစ်လာရတာတော့ လူဖြစ်ရရှုံးသလိုပါပဲ” လို့ ဆေးမှူးက ပြောပါတယ်။
မိခင်ဖြစ်သူဒေါ်ကျဲမယ်ကတော့ သူမရဲ့သားအခုလို ဆုံးသွားရခြင်းဟာ ဆေးအချိန်မှီမကုသနိုင်ခဲ့ခြင်း ကြောင့်ဖြစ်တယ်လို့ဆိုပြီး ယူကြုံးမရဖြစ်နေပါတယ်။
“အမှန်ဆိုရင်ကျမသားလေးက မဆုံးသင့်ဘူး၊ ကျမကလေးကို ဆေးအချိန်မှီကုသနိုင်ခဲ့ရင်တော့ သားလေးဆုံးမှာမဟုတ်ဘူး” လို့ ဒေါ်ကျဲမယ် ပြောသွားပါတယ်။