တီးတိန်တွင် ခရီးသည်တင် ဂျစ်ကားမှောက် ၁ ဦးသေ၊ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

တီးတိန်တွင် ခရီးသည်တင် ဂျစ်ကားမှောက် ၁ ဦးသေ၊ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ
by -
ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် မနေ့ကခရီးသည်တင် ဂျစ်ကားတစီး တိမ်းမှောက်ခဲ့ရာ ခရီးသည်တဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရသည်။ ...

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် မနေ့ကခရီးသည်တင် ဂျစ်ကားတစီး တိမ်းမှောက်ခဲ့ရာ ခရီးသည်တဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရသည်။

 ဓာတ်ပုံ - ခိုနူမ်းထုန်မတ်လ ရ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှ အမှတ်(၂) အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်း တီယိုချောင်းသို့ တက်လာသည့် အဆိုပါ ခရီးသည်တင် ဂျစ်ကားသည် တီးတိန်မြို့နယ် လိုင်သွေးကျေးရွာ အရောက်တွင် တိမ်းမှောက်ပြီး ကျောက်ကမ်းပါးထဲသို့ ပေတစ်ရာကျော်ခန့် လိမ့်ကျသွားခြင်း ဖြစ်သည်။

“လိုင်သွေးရွာမရောက်ခင်အတက်မှာ မတက်နိုင်လို့ နောက်ပြန်ဆုတ်တဲ့အချိန်မှာ ကျောက်ကမ်းပါးထဲမှာ လိမ့်ကျသွားတာ လို့ကြားတယ်”ဟုဒေသခံတဦးကပြောသည်။

အခင်းဖြစ်ပွားရာ နေရာတွင် ကလေးမြို့နယ် တောင်ဖီလာ ရပ်ကွက်နေ အသက်(၆၀)အရွယ်ရှိ ဦး Conlung ဆိုသူ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ၄င်းဇနီး အပါအဝင် စုစုပေါင်း ခရီးသည် ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ ကျန်ခရီးသည်များသည် ဂျစ်ကားပေါ်မှ ခုန်ဆင်းနိုင်ခဲ့ကြသောကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်ဟုသိရသည်။

ဒဏ်ရာရရှိသူများကို တီးတိန်မြို့ပြည်သူ့ဆေးရုံကြီးသို့ချက်ချင်းပို့ဆောင်ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို ညညချင်း နေ ရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြသည်ဟု သေဆုံးသူ၏ ဆွေမျိုးတဦးကပြောသည်။

ဦး Conlung တို့ ဇနီးမောင်နှံသည် အိန္ဒိယနိုင်ငံနယူးဒေလီမြို့တွင်နေထိုင်သော သားဖြစ်သူကို သွားရောက်တွေ့ဆုံရန် အသွားတွင် ယခုလိုအဖြစ်ဆိုးနဲ့ရင်ဆိုင်ခဲဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

တိမ်းမှောက်သွားသည့် ဂျစ်ကားပိုင်ရှင်သည် ကလေးမြို့တွင်နေထိုင်သူ PaThangKhenTluang ဖြစ်သည်ဟုသိရသည်။