နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေ အခန်း ၃ တွင် ခုံရုံး၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားသည်။ ဤဥပဒေ ပုဒ်မ ၁၂ (ခ) တွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် ...
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေ အခန်း ၃ တွင် ခုံရုံး၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားသည်။ ဤဥပဒေ ပုဒ်မ ၁၂ (ခ) တွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိ စိစစ်ခြင်းဟု ဖော်ပြထားပါသည်။
၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်း (ပုဒ်မ ၉၆ ကို ရည်ညွှန်းသည်) တွင် ကဏ္ဍ ၁၁ ခုကို ဖော်ပြထားသည်။
(၁) နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြံုရေး
(၂) နိုင်ငံခြားရေး
(၃) ဘဏ္ဍာရေးနှင့် စီမံကိန်း
(၄) စီးပွားရေး
(၅) စိုက်ပျိုးရေးနှင့် မွေးမြူရေး
(၆) စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော
(၇) စက်မှုလက်မှု
(၈) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး
(၉) လူမှုရေး
(၁ဝ) စီမံခန့်ခွဲရေး
(၁၁) တရားစီရင်ရေး
ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်း (ပုဒ်မ - ၁၈၈ ကို ရည်ညွှန်းသည်) တွင် ကဏ္ဍ ၈ ခုကို ဖော်ပြထားသည်။
(၁) ဘဏ္ဍာရေးနှင့် စီမံကိန်း
(၂) စီးပွားရေး
(၃) စိုက်ပျိုးရေးနှင့် မွေးမြူရေး
(၄) စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော
(၅) စက်မှု လက်မှု
(၆) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး
(၇) လူမှုရေး
(၈) စီမံခန့်ခွဲရေး
ဇယား ၃ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း (ပုဒ်မ ၁၉၆ ကို ရည်ညွှန်းသည်) တွင် အောက်ပါတို့ကို တွေ့ရသည်။ မည်သည့်ကဏ္ဍမျှ ပါမလာသည်မှာ ထူးခြားချက်ဖြစ်သည်။
(၁) မြို့ပြနှင့် ကျေးရွာ စီမံကိန်းများ
(၂) လမ်းတံတားများ ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး
(၃) ပြည်သူ့ကျန်းမာရေး
(၄) စည်ပင်သာယာရေး လုပ်ငန်း
(၅) မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
(၆) စားကျက်မြေများ ထိန်းသိမ်းရေး
(၇) သစ်တောများ ကာကွယ်ထိန်းသိမ်းရေး
(၈) ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
(၉) မြို့နှင့် ကျေးရွာများအတွင်း ရေနှင့် လျှပ်စစ်မီးဆိုင်ရာ ကိစ္စ
(၁ဝ) မြို့များနှင့် ကျေးရွာများ၏ စျေးများဆိုင်ရာ ကိစ္စ
အထက်ဇယား ၃ ခုစလုံးပါ အခန်းများအရ ဥပဒေပြဋ္ဌာန်းကြရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိကို စိစစ်ပေးရမည့် တာဝန်သည် ခုံရုံးတွင် ရှိသည်ဟု ဖော်ပြထားသည်။ ၂ဝဝ၄ ခုနှစ်တွင် အမျိုးသားညီလာခံသို့ အပစ်အခတ် ရပ်စဲထားသည့် ငြိမ်းအဖွဲ့ ၁၃ ဖွဲ့ စုပေါင်း တင်သွင်းခဲ့သည့် ဥပဒေပြုရန် စာရင်းဇယား ရ ချက်မှာကား ပျောက်ကွယ်သွားခဲ့လေပြီ။
၁၃ ဖွဲ့ တင်ပြခဲ့သည့် ပြည်ထောင်စု အခြေခံ ဥပဒေပြုရန် အချက်များမှာ -
(၁) ထပ်တူဥပဒေပြုစာရင်း ထားရှိရေး
(၂) အကြွင်းအကျန် အာဏာကို ပြည်နယ်တွင် ထားရှိရေး
(၃) ဥပဒေပြုကဏ္ဍမှာ တိုင်းရင်းသား လူမျိုးစုကို သီးခြားထားရှိရေး
(၄) ပြည်နယ်လွှတ်တော်တွေမှာ လုံခြံုရေး၊ ကာကွယ်ရေးဆိုင်ရာ ဥပဒေပြုပိုင်ခွင့် ရှိရေး
(၅) ပြည်နယ် လွှတ်တော်တွေမှာ စာပေ ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး ဥပဒေပြုပိုင်ခွင့် ရှိရေး
(၆) တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေကို ပြည်နယ်တွေမှာ ဥပဒေပြု ပြဋ္ဌာန်းပိုင်ခွင့် ရှိရေး
(၇) ပြည်နယ် ဖွဲ့စည်းပုံ သီးခြားရေးဆွဲ ပြဋ္ဌာန်းကျင့်သုံးခွင့် ရှိရေး
ပြည်ထောင်စု မုန့်ဆီကြော်မှာ နအဖ စစ်အုပ်စု နှုတ်ခမ်းနာနှင့် မတည့်လိုက်လေခြင်း။ တပြည်ထောင် ဖက်ဆစ်နာဇီစနစ်သို့ ချီတက်နေလေပြီ။ ကန့်သတ်ဥပဒေပြု စာရင်း၊ ကြွင်းကျန် ဥပဒေပြုစာရင်းနှင့် ထပ်တူဥပဒေပြု စာရင်း ဟူ၍ကား ဘာတခုမျှ မတွေ့ရှိရပါ။ အားလုံး သီးသန့် ကန့်သတ်ချက် စာရင်းများသာ ဖြစ်နေပါသည်။
အကယ်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ တတိုင်းတိုင်း၊ တဖွဲ့ဖွဲ့က ဇယား ၃ ဥပဒေပြု စာရင်းတွင် မပါသည့် ဥပဒေ တရပ်ရပ်ကို တင်ပြလာခဲ့သည် ရှိသော်၊ သို့မဟုတ် - အထက်ပါ ရ ချက်ကို ယခုလွှတ်တော်များတွင် အကယ်၍ တင်ပြလာသည်ရှိသော် ဤခုံရုံးက ဘာများ တတ်နိုင်ပါမည်နည်း။ ဤသည်မှာ အဓိက အကျဆုံး မေးခွန်းဖြစ်ပါသည်။
ဤဥပဒေ အခန်း ၄ ။ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထား ရယူရန် တင်သွင်းခြင်း။ ပုဒ်မ ၁၄ တွင် အောက်ပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို ပုဒ်မ ၁၅ ပါ နည်းလမ်းနှင့်အညီ ခုံရုံးသို့ တင်သွင်းခွင့် ရှိသည်။
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊
(ဃ) ပြည်သူ့ လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁ဝ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များ ဟု ဖော်ပြထားသည်။
ပုဒ်မ ၁၅ (ဃ) တွင် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁ဝ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များဖြစ်လျှင် မိမိ၏ တင်ပြချက်ကို သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌ မှတဆင့် ခုံရုံးသို့ ပေးပို့ရမည် ဟု ပါရှိပါသည်။ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည် ဟု ပုဒ်မ ၂၃ တွင် ပြဋ္ဌာန်းထားသည်။ ပြည်ထောင်စု လွှတ်တော်က ရုပ်သိမ်းခြင်း မပြုလုပ်သရွေ့ ဤဥပဒေသည် အတည်ဖြစ်သည် ဟုလည်း ပုဒ်မ ၃၇ တွင် ပြဋ္ဌာန်းထားသေးသည်။ ထို့ကြောင့် ယခုကဲ့သို့ ဥပဒေမျိုးကို ပြည်ထောင်စု စစ်စစ် ဥပဒေပြု အဖွဲ့ကသာ စုပေါင်းရေးဆွဲပြီး ပြဋ္ဌာန်းသင့်သည့် ဥပဒေမျိုးသာ ဖြစ်ပါသည်။
ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၁ဝ ရာခိုင်နှုန်းက သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌ မှတဆင့် ခုံရုံးသို့ ပုဒ်မ ၁၅ (ဃ) အရ ဥပဒေအတိုင်း အပစ်ရပ် ၁၃ ဖွဲ့ တင်ပြခဲ့သည့် ရ ချက်ကို ထပ်ဆင့်တင်ပြလျှင် ခုံရုံးက မုချလက်ခံ ဆုံးဖြတ်ချက်ပေးရပါမည်။ အကယ်၍ လက်မခံလျှင် အပစ်အခတ် ရပ်စဲထားသည့် အဖွဲ့အားလုံးက ဘာလုပ်ကြမည်နည်။ တခြားရွေးလမ်း ရှိပါသေး၏လော။