တွေးခေါ်ကြံဆ ပညာရပ်ကို လိုလားသူ

တွေးခေါ်ကြံဆ ပညာရပ်ကို လိုလားသူ
by -
မျိုးသန့်

ဒါရေးဒါမှတ် ပညာရေးမျိုး မဟုတ်ဘဲ ကျောင်းသားများ တွေးခေါ်ကြံဆကာ တီထွင်ပိုင်းခြားနိုင်မည့် ပညာရေးစနစ်မျိုး မြန်မာနိုင်ငံတွင် ကျင့်သုံးသင့်ကြောင်း အထက်မြန်မာပြည် အခြေခံပညာ ...

ချင်းမိုင် (မဇ္စျိမ) ။        ။ ဒါရေးဒါမှတ် ပညာရေးမျိုး မဟုတ်ဘဲ ကျောင်းသားများ တွေးခေါ်ကြံဆကာ တီထွင်ပိုင်းခြားနိုင်မည့် ပညာရေးစနစ်မျိုး မြန်မာနိုင်ငံတွင် ကျင့်သုံးသင့်ကြောင်း အထက်မြန်မာပြည် အခြေခံပညာ ညွှန်ကြားရေးမှူး (စီမံ) တာဝန်ယူခဲ့ဖူးသူ ဦးနိုင်ငွေသိန်းက ပြောဆိုသည်။

စာသင်သက် ၃၈ နှစ်ရှိပြီး လက်ရှိတွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တက္ကသိုလ် ကျောင်းသူ ကျောင်းသားများကို ဆရာသည် သင်ကြားပို့ချပေးနေသူ ဖြစ်သည်။ ထို့ပြင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

လက်ရှိ မြန်မာ့ပညာရေးစနစ်၊ လက်တွေ့ကျင့်သုံးသင့်သည့် သင်ကြားရေးစနစ်၊ မြန်မာကျောင်းများ၏ အခြေအနေ၊ ဘွဲ့ရ-ပညာမတတ် ကျောင်းသားများ ဘဝ၊ ဆရာများ၏ ရပ်တည်ရေး ပြဿနာ၊ သင်ကြားရေးတွင် စစ်ဘက်မှ ပါဝင်ပတ်သက်မှု၊ ပညာရေး အသုံးစရိတ်အပေါ် အမြင်၊ သင်ရိုးညွှန်းတမ်းများ အခြေအနေ၊ တိုင်းရင်းသား ဒေသများ ကြံုတွေ့ရသည့် သင်ကြားရေး ဘာသာစကား အခက်အခဲများကို ဆရာ့ကို ဆက်သွယ်မေးမြန်းထားပါသည်။

ဆရာသည် ၁၉၆၁ ခုနှစ်မှစ၍ ပညာရေးတွင် စတင်ဝင်ရောက် အမှုထမ်းခဲ့သည်။ ၂ဝဝဝ ခုနှစ်တွင် အထက်မြန်မာပြည် အခြေခံပညာ ညွှန်ကြားရေးမှူး (စီမံ) ရာထူးမှ အနားယူခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှာ လက်ရှိသင်ကြားနေတဲ့ ပညာရေးစနစ်အပေါ် ဆရာ့အမြင်။

“သင်ကြားရေး နည်းစနစ်ကလည်း ပျက်နေပြီဗျ၊ အခုဟာက ဆရာဗဟိုပြုသင်ကြားရေးနဲ့ စာမေးပွဲဗဟိုပြု သင်ကြားရေးနဲ့၊ ဥပမာ ဆရာဗဟိုပြု သင်ကြားရေးဆိုရင် ဆရာပြောတာပဲ မှတ်မှာပေါ့ဗျာ၊ စာမေးပွဲဗဟိုပြုဆိုရင် စာမေးပွဲမှာ ဘာပါမလဲ၊ ဘာမေးမလဲဘဲ စိတ်ဝင်စားနေတော့ ကလေးတွေက ဘာမှ မတတ်တော့ဘူး။ အတွေးအခေါ် မရှိတော့ဘူးလေ၊ တီထွင်စဉ်းစားဉာဏ်လည်း သိပ်မရှိတော့ဘူးလေ။ ဒါတွေက လိုတယ်ဗျာ၊ ဒါတွေက ဘာမှ မရှိတော့ဘူးဆိုတော့ စာမေးပွဲဖြေဖို့အတွက် ကျူရှင်သွားမယ်။ တရက်မှ မနားရဘူး၊ ကလေးတွေက။ မြန်မာပြည်က ကလေးတွေလက်မောင်းက သေးသေးပဲ ကျန်တော့တယ်။ မနားရဘူးလေ၊ မနက်လည်း ကျူရှင်၊ ညနေလည်း ကျူရှင် အဲဒါ စာမေးပွဲပြီးမှပဲ ရင်အေးတော့တယ်”

အခု ကျနော်တို့ခေတ် လူငယ်အချင်းချင်း ကြားမှာပေါ့နော်၊ ဘွဲ့ရ-ပညာမတတ်ဆိုတဲ့ စကားလုံးက တော််တော် ခေတ်စားနေတယ်။ အခုခေတ် ဘွဲ့ရတဲ့ သူတွေကိုကော ဆရာ ဘယ်လိုမြင်လဲခင်ဗျာ့။

“ဘွဲ့ရတဲ့ ကလေးတွေလည်း သူတို့ရတဲ့ ဘွဲ့တွေကို သူတို့ သိပ်တန်ဖိုးမထားတော့ဘူး။ ကျနော်တို့ ဟိုတုန်းက ဘွဲ့ရပြီး မတတ်တာ နည်းနည်း တော်သလားလို့။ စာတွေ ဖတ်တတ်သေးတယ်။ ဥပမာ ကျနော် သမိုင်းနဲ့ပြီးရင် သမိုင်းဖတ်တတ်တယ်လေ။ ပထဝီနဲ့ပြီးရင် ပထဝီဘာသာကို နားလည််တယ်။ အခုကလေးတွေက နားမလည်တော့ဘူးဗျ။ နောက်ပြီးတော့ သူတို့က မတတ်တဲ့အတွက် တန်ဖိုးမထားတော့ဘူး။ ကလေးတွေလည်း စိတ်ဓာတ်ကျတာပေါ့ဗျာ။ သူ့အတတ်ပညာ သူ သိပ်ပြီးတန်ဖိုးမထားတော့ဘူးပေါ့”

သင်ကြားရေးမှာ ဘယ်လိုနည်းစနစ်မျိုးတွေ သုံးပြီး သင်သင့်လဲ၊ အခု လက်ရှိသင်ကြားရေးကို ဘယ်လိုမြင်လဲဆရာ။

“စာသင်ရင် ဘာအတန်းပဲသင်သင် ကလေးတွေ အတွေးအခေါ်ရဖို့ တွေးခေါ်တတ်ဖို့ လိုတယ်။ အခုက ကျောင်းခန်းထဲ ဝင်သွားတာနဲ့ ဒါရေးဒါရေး၊ ဒါမှတ်ဒါမှတ် ဆိုတာမျိုးနဲ့ သွားလို့ မရဘူးလေ။ အတွေးအခေါ် ရပြီးတာနဲ့ တီထွင်ကြံဆတတ်တဲ့ တွေးခေါ်မှုမျိုး ဖန်တီးနိုင်မှုစွမ်းအားလည်း လိုသေးတယ်လေ။ အဲဒါပြီးတော့မှ နောက်တဆင့်က ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်မှုမျိုး၊ အဲဒီလိုမျိုးမှ သင်တဲ့ အတတ်ပညာက အလားအလာရှိတာပေါ့။ အခုသင်တဲ့ သင်ကြားနည်းက ဒီကွက်လပ် ဒါဖြည့်။ တခါတလေကျတော့ စာမေးပွဲဖြေရင် နံရိုးထောက်ဖြေလို့တောင် ရတယ်။ အဲလိုမျိုး များနေပြီ”

ဆရာ ပညာရေးမှာ တာဝန်ယူခဲ့တဲ့ ကာလမှာကော ကျောင်းမနေနိုင်တဲ့ ကလေးတွေ တွေ့ခဲ့ဖူးလား တော်တော်များလားခင်ဗျာ့။

“ကလေးတွေက နားလည်း မနားရ၊ ပိုက်ဆံကလည်း မတတ်နိုင် တော်ရုံတန်ရုံလည်း ကျောင်းမနေနိုင်ကြဘူးဗျ၊ အခုကျောင်းအောက်က တော်တော်များမယ်လို့ ကျနော်ထင်တယ်။ ကျောင်းအောက်ဆိုတာ အဟောသိကံဖြစ်တဲ့ ကလေးတွေ အများကြီးပါ၊ ဒါတွေကို နိုင်ငံတော် အစိုးရအနေနဲ့ တော်တော်လေး လုပ်ရမယ်။ ကျနော်ထင်တယ် အနည်းဆုံး ၁ဝ နှစ်လောက် လုပ်မှပဲ ဖြစ်မှာ”

အိမ်နီးချင်းနိုင်ငံတွေရဲ့ ပညာရေးစနစ်နဲ့ နှိုင်းယှဉ်ပြီးတော့ကော ဘယ်လိုသုံးသပ်မိလဲခင်ဗျ။

“ယိုးဒယားနဲ့ စာကြည့်မယ်ဆိုရင် ကျနော့်အထင် အနှစ် ၄ဝ လောက် နောက်ကျနေတယ်လို့ ထင်တယ်။ သင်ကြားနည်းစနစ်ကော၊ သင်ကြားနည်း သင်ယူနည်းကော၊ သင်ကြားမှု အထောက်အကူပြု ပစ္စည်းကော၊ စစ်ဆေးတဲ့ နည်းကောပဲ အားလုံးက တော်တော် နောက်ကျနေတယ်ဗျ”

ကျောင်းတွေမှာ ဆရာ မလုံလောက်တဲ့ ပြဿနာတွေ ကြားနေရပါတယ်။ တနိုင်ငံလုံးမှာ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်ရှိမလဲဗျ။

“မြန်မာပြည်မှာ ကျောင်း ၁ဝဝ မှာ ၄ဝ လောက်က ဆရာ ၂ ယောက် ကျောင်းပဲ ရှိတယ်။ သူငယ်တန်းကနေ ၄ တန်းအထိ အတန်း ၅ တန်းမှာ ဆရာ ၂ ယောက်ပဲ ရှိတယ်။ ကျနော်တို့ အမှုထမ်းနေချိန်တုန်းကဆိုရင် ၄၆ ရာခိုင်နှုန်းလောက် ရှိတာပေါ့ဗျာ။ တယောက်ကို ၂ တန်းဆိုတော့ အဓိပ္ပာယ်မရှိဘူး။ တယောက်ကို ၃ တန်း သင်တယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးလေ။ ဒါတွေက ဒီအတိုင်းပဲ ကြည့်နေကြတာပဲ”

ကျောင်းသူ ကျောင်းသားတွေအနေနဲ့ နည်းပညာပိုင်းဆိုင်ရာ ဥပမာ - ကွန်ပြူတာပေါ့နော် အဲဒီလိုမျိုးကော သင်ကြားနိုင်တာ ရှိလားခင်ဗျာ့။

“ဆရာ၊ ဆရာမ အားလုံးက ခုနပြောတဲ့ ခေတ်မီတဲ့ နည်းစနစ်တွေကို သုံးပြီးတော့ မသင်တတ်ဘူးဗျ။ ဆရာအတတ်သင်တော့ ရှိတယ်။ ဆရာအတတ်သင်က ဒါတွေက ကျနော်တို့က သုံးဖို့အတွက်က မရှိဘူး။ အိမ်နီးချင်း နိုင်ငံတွေမှာတောင် ကလေးတွေက ၂ တန်းဆို ကွန်ပြူတာ ကိုင်နေပြီ။ ကျနော်တို့ဆီမှာကတော့ အင်မတန် ကြီးကျယ်တဲ့ မော်လမြိုင် အထက ၈ တို့၊ အထက ၉ တို့၊ အထက ၆ တို့ ဆိုရင် တော်တော်ကြီးကျယ်တဲ့ ကျောင်းတွေပဲ။ နာမည်ကြီးတဲ့ ကျောင်းတွေပဲဗျ။ ဒါပေမဲ့ ကွန်ပြူတာ ၂ လုံး၊ ၃ လုံးပဲ ရှိတယ်။ ဒါကလည်း ဆရာမကြီးက ပျက်မှာစိုးလို့ သော့ခတ်ထားတယ်။ အဲဒီတော့ နည်းပညာပိုင်းမှာ ပြန်ကြည့်လိုက်ရင် ကလေးတွေက တော်တော် သနားဖို့ ကောင်းပါတယ်”

တိုင်းရင်းသား ဒေသတွေမှာလည်း ဘာသာစကားနဲ့ ပတ်သက်ပြီး သင်ကြားမှုမှာ နှောင့်နှေးနေတယ်လို့ သိရပါတယ်။ ဆရာကော ကြံုခဲ့ဖူးတာ ရှိလား။

“ဘာသာစကားပြဿနာက ကျနော်တို့ မွန်ပြည်နယ်မှာ စာသင်တယ်။ တချို့ မွန်ကလေးတွေ ဗမာစကား လုံးဝ မတတ်ဘူး။ ဗမာလို နင်းကန်သွားသင်နေလို့ မရဘူး။ အထူးသဖြင့် ကချင်မှာ ၂ နှစ်ခွဲလောက် နေဖူးတယ်။ ပြည်နယ် ပညာရေးမှူး အနေနဲ့ပါ။ ကချင်တွေက ပိုဆိုးတာပေါ့ဗျာ။ ဒုက္ခမှ ဒုက္ခ။ ၁၃ နှစ်လောက်မှ ကျောင်းလာနေတယ်။ သူငယ်တန်း ကျသေးတယ်ဆိုတော့ လင်ယူဖို့ပဲ ရှိတော့တယ်၊ အဲဒါမျိုးတွေပေါ့ဗျာ။ ဒီလိုမျိုး ပညာရေးတွေကိုတော့ စဉ်းစားဖို့တော့ လိုလိမ့်မယ်လို့ ကျနော် ထင်တယ်’’

’’ကျနော်တို့က ဘယ်သူကောင်းတယ်၊ ဘယ်သူမကောင်းဘူးတော့လည်း မပြောပါဘူးဗျာ။ လက်ရှိဖြစ်နေတဲ့ အနေအထားပဲ ကျနော်တို့က ပြောချင်ပါတယ်။ ပညာရေးက လုပ်ကိုလုပ်ရမယ်။ ပညာရေး နိမ့်ကျသွားရင်တော့ အကုန်လုံး သွားလိမ့်မယ်”

ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ ထင်လဲဗျ။

“ဘာသာစကားနဲ့ ပတ်သက်ပြီးတော့၊ ဥပမာ - မွန် ဧရိယာမှာ သူက ဗမာစကား မတတ်ဘူးဆိုရင်၊ မြန်မာစာတော့ သင်ရမယ်။ မြန်မာစာက ရုံးစာကိုး။ ဒါပေမဲ့ သူငယ်တန်းကနေ ၄ တန်းအထိ ပြောတဲ့စကားကို နားမလည်ဘူးဆိုရင် အကြောင်းအရာတခုကို မွန်လိုပဲ သင်လိုက်။ မူလတန်းမှာ မြန်မာစာတော့ သင်ရမယ်၊ အင်္ဂလိပ်စာလည်း သင်ရမယ်။ နောက်ပြီးတော့ သူက ဒီအတတ်ပညာကို တတ်ဖို့အတွက် မွန်လိုသင်မှ ဖြစ်မယ်ဆိုရင် မွန်လို သင်ပေးလိုက်ပေါ့’’

’’ဒါပေမဲ့ မူလတန်းပြီးတာနဲ့ မြန်မာစာ ကောင်းကောင်းဖတ်တတ်မယ်၊ ဗမာစကား ကောင်းကောင်း ပြောတတ်မယ်၊ ကောင်းကောင်း သူဆွေးနွေးတတ်မယ်။ အလယ်တန်း ရောက်တဲ့အခါ မွန်ဘာသာနဲ့ သင်ဖို့ သိပ်မလိုတော့ဘူး၊ အဲဒီလို မြင်တယ်ဗျ။ အင်္ဂလိပ်စာတော့ သင်ရမယ်၊ မြန်မာစာတော့ ဆက်သင်ရမယ်။ သို့သော် မွန်စာ သင်မယ်ဆိုရင် သက်မွေးဝမ်းကျောင်း အတတ်ပညာအတွက် မဟုတ်ဘဲနဲ့ ဘာသာ စကားတခုအနေနဲ့ သင်မယ်ဆိုရင်တော့ သင်ပါ။ ဟိုး တက္ကသိုလ်အထဲလည်း သင်လို့ရတာပဲ။ ဒါပေမဲ့ အတတ်ပညာအတွက်တော့ မွန်ဘာသာနဲ့ မသင်နဲ့၊ မြန်မာစာနဲ့တောင်မှ သင်လို့မှ မရဘဲဗျ’’

’’တိုင်းရင်းသား ဘာသာနဲ့ ပတ်သက်ပြီးတော့ ဗမာကလေးတွေလည်းပဲ တတ်အောင်လို့ ဘာသာရပ်တခုအနေနဲ့ ပြဋ္ဌာန်းဖို့ လိုတယ်။ သို့သော်လည်း မြန်မာစာ အဓိကပေါ့။ အဲဒါမျိုး ကျနော်တို့ သွားမယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမယ်လို့ ကျနော်တို့ သတ်မှတ်တယ်”

မြန်မာနိုင်ငံရဲ့ အဝေးသင် ပညာရေးစနစ် အခြေအနေက ဘယ်လိုရှိလဲဗျ။

“အဝေးသင်ပညာရေးလည်း ဒီအတိုင်းပဲပေါ့ဗျာ။ စာမေးပွဲမှာ ရေးထည့်နော်၊ ဘာပဲဖြစ်ဖြစ် ရေးထည့်လိုက်။ ဟုတ်ဟုတ် မဟုတ်ဟုတ် အမှတ်ပေးလို့ ရတယ်ဆိုတဲ့ စနစ်က ရောက်နေတယ်ဗျ။ နောက်တခါ အဝေးသင်ပညာရေးကဗျာ စာမေးပွဲ နီးတဲ့အခါ ၁ဝ ရက်၊ ၁၅ ရက်လောက် တက်ရင် ပြီးသွားတာပဲ။ အဓိပ္ပာယ်က ၁၅ ရက်လောက်တက်ရင် တတန်းရတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်နေတယ်ဗျ”

ဒါကို ဆရာက ဘယ်လိုဖြစ်စေချင်လဲ။

“ကျနော်တို့ ဖြစ်စေချင်တာက ကလေးဗဟိုပြု သင်ကြားရေးပေါ့၊ နောက်တခုက လာသင်တဲ့လူရဲ့ လှုပ်ရှားမှုက အဓိက ကျတယ်လေ။ ဥပမာဗျာ ဖန်ခွက်အကြောင်း သင်ချင်တယ်ဆိုရင် ဆရာက လာတာနဲ့ အော်ပြီးတော့ ကျောင်းသားတွေကို စာချပေးမယ့်အစား ဖန်ခွက်တခု ချပေးလိုက် သူဘာသာသူ ပြောနေပစေ။ အများကြီး သူ သိတယ်ဗျ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ခင်ဗျား Guide လုပ်ပေးလိုက်ရင် ဖန်ခွက်အကြောင်းကို သူတခါထဲ သင်ယူလို့ ရမယ်။ ဖန်တီးမှု အတွေးအခေါ်လည်း ရမယ်၊ ခုနပြောတဲ့ ဘက်စုံထောင့်စုံက တွေးခေါ်တဲ့ ပုံစံမျိုးလည်း ရမယ်”

အဲဒီ ဘက်စုံထောင့်စုံက တွေးခေါ်တဲ့ သင်ကြားရေး စနစ်အကြောင်းကို ပိုပြီး အသေးစိတ် ပြောပြပေးပါ။

“ဖန်ခွက် ဥပမာလိုပေါ့။ ဖန်ခွက်တွေ့တာနဲ့ တပြိုင်နက် သူက တွေးတော့မယ်။ ပြီးရင် ဖန်တီးမှု အတွေးအခေါ် ရမယ်။ ဒီဖန်ခွက်က ရှည်နေတယ်ဆိုရင် တိုရင် တော်တော်ကောင်းမှာပဲလို့ သူတွေးတော့မယ်။ အကယ်၍ ဒီဖန်ခွက်က တိုလည်း တိုတယ်၊ လှလည်း လှတယ်ဆိုရင် စျေးမှာ ရောင်းကောင်းမယ်လို့ သူတွေးတော့မယ်။ ဆရာယူလာတဲ့ ဖန်ခွက်က ရှည်လည်း ရှည်တယ်၊ လှလည်း မလှဘူးဆိုရင် ဒီဖန်ခွက်မျိုးက ဘယ်သူမှ ဝယ်မှာမဟုတ်ဘူးလို့ သူတွေးတော့မယ်။ ဒါဟာ ဖန်တီးမှု အတွေးအခေါ်ဗျ။ ဒါ သူငယ်တန်းအတွက် ပြောတာပါ”

ဒီလို သင်ကြားနည်းကို အကောင်အထည်ဖော်ရင် ဘယ်လိုပြဿနာတွေ ကြံုလာနိုင်မလဲဗျ။

“ခုန ကျနော်ပြောတဲ့ အတွေးအခေါ်တို့၊ တီထွင်ဆန်းသစ်တဲ့ အတွေးအခေါ်တို့ ရအောင်သင်မယ်ဆိုရင် စနစ်က အားလုံး ပြောင်းသွားတယ်လေ။ အတန်းပြင်ဆင်မှုကလည်း အားလုံး ပြောင်းသွားတယ်။ အဲဒီတော့ တနှစ်ကို ဘယ်ပြည်နယ်က၊ ဘယ်တိုင်းက မြို့နယ် ဘယ်လောက်ပဲ လုပ်ပါ။ အာလုံး တပြိုင်နက်ထဲ မလုပ်နိုင်ဘူး။ သဘောလောက်တော့ လုပ်တာပေါ့ဗျာ၊ အကောင်အထည် မပေါ်ဘူး။ အကောင်အထည် ဖော်တဲ့နေရာမှာလည်း ဆရာ ၂ ယောက်ပဲ ရှိတဲ့ကျောင်း ဘယ်လိုမှ လုပ်လို့ မရဘူးလေ။ နောက်တခါ မြို့ကျောင်းဆိုရင် အခုကျနော်တို့ မော်လမြိုင်က အထက ၆ တို့၊ ၉ တို့မှာ တတန်းကို ကျောင်းသား ၈ဝ လောက် ရှိတယ်။ အဲဒီတော့ CCA (ကလေးဟိုပြု သင်ကြားနည်း) နဲ့က သင်လို့မရဘူး။ သူက အများဆုံး တတန်းကို ၂၅ ယောက်ပဲ။ ဒီ့ထက်ပိုပြီးတော့ လက်ခံမယ်ဆိုရင် သင်လို့ မကောင်းတော့ဘူးလေ”

ဒီနည်းစနစ်မျိုးကို အစိုးရအနေနဲ့ အကောင်အထည်ဖော်တာ ရှိလားဗျ။

“ဒီခေတ်မှီတဲ့ CCA လို့ခေါ်တဲ့ (ကလေးဟိုပြု သင်ကြားနည်း) စနစ်၊ ခုနပြောတဲ့ Critical Thinking တွေက သိပ်မတွင်ဘူးဗျ။ သိပ်မတွင်ဘူးဆိုတာက နိုင်ငံတော်အစိုးရက သူက တဆက်ထဲ အကောင်အထည်ဖော်တာ မဟုတ်ဘူးဗျ၊ ဥပမာဆိုရင် တနှစ်ကို ၁ဝ မြို့နယ်ဆိုရင် ၁ဝ မြို့နယ်၊ မြို့နယ် ၂ဝ ဆိုရင် မြို့နယ် ၂ဝ ။ အဲဒီလောက်ပဲဆိုတော့ ဒါတွေဟာ ဘယ်တော့ ပြီးမလဲဗျ”

ဆရာ၊ ဆရာမတွေကို မွမ်းမံသင်တန်းတွေ ပေးနေတာတွေ ရှိတယ်။ ဥပမာ - ဖောင်ကြီးသင်တန်းပေါ့။ အဲဒီ သင်တန်းတွေအပေါ် ဆရာ ဘယ်လိုသုံးသပ်လဲ။

“မွမ်းမံသင်တန်းတွေ ဘာတွေက ဖောင်ကြီးသင်တန်းတို့ ဘာတို့တွေမှာ ဝန်ကြီးတွေက လာပြောရင် အဲဒီ ပေါ်လစီအကြောင်းပဲ ပြောနေတာပဲ။ ဘယ်လောက် ကောင်းကြောင်း၊ ဘယ်လောက် တိုးတက်ကြောင်း။ ဒါတွေဟာ ကျနော်ထင်တယ်၊ သိပ်မလိုဘူး။ ပညာရေးအကြောင်း သင်ပေါ့ဗျ။ ဘယ်လောက် ကောင်းတယ်၊ စီမံချက် ဘယ်လိုရှိတယ်၊ ဘယ်လောက်အထိ တိုးတက်လာတယ်၊ တံတား ဘယ်လောက်ပြီးသွားပြီ၊ ဒါတွေဟာ ကျနော်ထင်တာ သိပ်ပြီးတော့ မလိုပါဘူး၊ ပညာရေး သင်တန်းတွေမှာ”

ဆရာတို့ ပညာရေးမှာ တာဝန်ယူခဲ့တုန်းကကော ပြည်ပနိုင်ငံတွေက ပညာရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ လာပေးဖူးတာ ရှိလား။

“ဟိုတုန်းကဆိုရင် ကိုရီးယားတို့၊ သြစတြေးလျတို့ကနေ လာပေးတဲ့ သင်တန်းတိုတွေ ရှိတယ်။ အခုက ဘယ်သူမှ လာမပေးတော့ဘူး။ နိုင်ငံတော်အစိုးရက အဲဒီသင်တန်းတွေ လက်မခံတော့ဘူးလားတောင် မပြောတတ်ဘူး။ အရင်တုန်းက သင်တန်းတွေ နောက်တခါ ကျနော်တို့ ဆွေးနွေးပွဲတွေ တော်တော် လာလုပ်တယ်။ အရမ်းကောင်းတယ်။ တခေါက် ကိုရီးယားက လာတယ်၊ တော်တော်ကောင်းတယ်ဗျ။ အခုကျတော့ ကျနော်တို့ဆီမှာ အဲဒီလို လုပ်ပေးနိုင်တဲ့ အနေအထားလည်း မရှိဘူးလေ”

ပညာရေး ဝန်ထမ်းတွေအနေနဲ့ စားဝတ်နေရေး မပြေလည်တာတွေ ရှိတယ်။ အဲဒါတွေကြောင့် ဆရာဆရာမတွေအပေါ် ရိုက်ခတ်တာတွေ ရှိနေတယ်၊ ဆရာ ဘယ်လိုထင်လဲခင်ဗျာ့။

“စားဝတ်နေရေးကလည်း တော်တော်ကျပ်တယ်။ ဟိုးတုန်းကပေါ့ဗျာ၊ ပေးထားတဲ့ လစာက ၁၉၆၁ ခုနှစ်လောက်က အလယ်တန်း ကျောင်းအုပ်လုပ်တယ်ဗျာ။ လစာ ၃၅ဝ ရတယ်ဆိုတာ ရွှေတကျပ်သားကို ၁၅ဝ တောင် မပြည့်ဘူး။ ဒီလိုဆိုတော့ စားလို့လောက်တာပေါ့။ အခုဟာက လစာ တသိန်းရလည်း ဘာမှ သိပ်မထူးပါဘူး။ တယောက်ထဲ အတွက်လောက်ပဲ ရတယ်။ အဲဒီလိုကနေ မဖူမလုံတာတွေ ရှိလာတော့ ကလေးတွေကနေ ကျူရှင်တက်ခိုင်း ကလေးတွေဆီကနေ ရတာယူ။ ဆရာ ဆရာမတွေလည်း စိတ်ဓာတ်တွေက တော်တော် ပြောင်းသွားတယ်ဗျ။ စားဝတ်နေရေး တတ်နိုင်ရင်တော့ ဖြည့်ပေးရမှာပေါ့ဗျာ။ အဲဒါမျိုးတော့ ဖြစ်စေချင်တယ်ဗျာ။ ဒါပေမဲ့ နိုင်ငံတော် အစိုးရမှာ ပိုက်ဆံရှိ၏ မရှိ၏ ဆိုတာတော့ ကျနော် သိပ်မသိဘူး”

သတင်းတွေထဲမှာ ပညာရေး အသုံးစရိတ်အနေနဲ့ ၆ ရာခိုင်နှုန်းလောက် သုံးမယ်လို့ သိရတယ်။ ဒီ အသုံးစရိတ်အပေါ် ဆရာ ဘယ်လိုမြင်လဲ။

“ဆရာ၊ ဆရာမ ၄ သိန်းလောက် ရှိတယ်။ ဆရာ ဆရာမတွေကော၊ ပညာရေးဝန်ထမ်းတွေကော ဘာဘာညာညာ အားလုံးပေါင်းလိုက်မယ်ဆိုရင် ၄ သိန်းလောက် ရှိတယ်။ အဲဒီ ၄ သိန်းကို ကျနော်တို့ စဉ်းစားတယ်ဆိုရင် အဲဒီ ရာခိုင်နှုန်းက နည်းလွန်းတယ်ဗျ။ အထူးသဖြင့် ပညာ/ကျန်းမာပေါ့ဗျာ။ ၁၅ ရာခိုင်နှုန်းလောက် သုံးနိုင်ရင်တော့ ပိုကောင်းမှာပေါ့ဗျာ။ ကျနော်တို့ကတော့ တွက်တာပေါ့လေ။ ဒါပေမဲ့ အစိုးရမှာ ဝင်ငွေ ဘယ်လောက်ရှိတယ်ဆိုတာ ကျနော် မသိပါဘူး”

ဒီလိုပညာရေးမှာ အသုံးစရိတ် နည်းတဲ့အတွက် သင်ကြားရေးမှာ ထိခိုက်မှုတွေကော ဘယ်လိုနိုင်သလဲဗျ။

“စဉ်ဆက်မပြတ် သင်ကြားနည်း သင်မယ် စစ်ဆေးမယ်၊ သင်မယ် စစ်ဆေးမယ်၊ အဲဒါမျိုးပေါ့။ စဉ်ဆက်မပြတ် စစ်ဆေးပြီးတော့ အတန်းတင်ပေးတာပေါ့။ အဲဒီစနစ်ကလည်း မဆိုးပါဘူးဗျ။ ဒါပေမဲ့ အကောင်အထည် ဖော်တဲ့အခါ capacity ပြဿနာတွေ၊ သင်ကြားမှု အထောက်အကူပြုပစ္စည်း ပြဿနာတွေ၊ ပြီးတော့ ဆရာဆရာမတွေ သင်နည်းကို မကျွမ်းကျင်တဲ့ ပြဿနာတွေ၊ နောက်တခါ ဘာသာစကားပြဿနာတွေ အဲဒါတွေ အမြဲရှိတယ်။ အဲဒီသင်ကြားနည်းကနေ ကလေးဗဟိုပြု သင်ကြားနည်းကို ပြန်ပြောင်းလာတယ်။ ဒါပေမဲ့ နိုင်ငံတော် အစိုးရက အမှန်အတိုင်း ပြောမယ်ဆိုရင် ဒီသင်နည်းကို သိပ်မကြိုက်ဘူးဗျ။ သူက democratic learning ကိုးဗျ”

နောက်တခုက သင်ကြားရေးနဲ့ သင်ယူရေးမှာ အထောက်အကူဖြစ်စေတဲ့ စာကြည့်တိုက်တွေ၊ စာအုပ်စာတမ်းတွေကော မြန်မာနိုင်ငံရဲ့ တက္ကသိုလ်/ကောလိပ်တွေမှာ လုံလောက်ရဲ့လား။

“ကျောင်းမှာ ဘယ်ကျောင်းမှ စာကြည့်တိုက် မရှိဘူး။ ရှိတော့ရှိတယ်၊ ဘာစာအုပ်တွေမှန်း မသိဘူး၊ အဟောင်းအဆွေးတွေ။ အဲဒါမျိုးတွေလည်း ကလေးတွေက လိုတယ်ဗျ။ နောက် လေ့လာဖို့လည်း လိုတယ်။ အရင်ကလို မဟုတ်တော့ဘူး။ ကျနော်တို့ တက္ကသိုလ် ကျောင်းသားဘဝက နိုင်ငံခြားက လာပို့တဲ့ စာအုပ်တွေနဲ့၊ ကိုယ့်စာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေနဲ့၊ ရောင်းတဲ့စာအုပ်တွေနဲ့ ကြိုက်တာ ဝယ်လို့ရတယ်။ အခုက ဒီလိုမဟုတ်တော့ဘူး။ သင်ကြားမှု၊ သင်ယူမှု၊ အထောက်အကူပြု ပစ္စည်းတွေပေါ့နော်၊ အဲဒါတွေလည်း လိုသေးတယ်”

ပညာရေးမှာ စစ်တပ်က ပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်နေတာနဲ့ ပတ်သက်ပြီးတော့ကော။

“မန္တလေးမှာ ကျနော် ညွှန်ကြားရေးမှူး လုပ်တုန်းက တပ်က ပုဂ္ဂိုလ်တွေပေါ့ဗျာ၊ အခုဆိုရင်တော့ ဒုချုပ်လောက်တောင် ဖြစ်နေပြီလား မပြောတတ်ဘူး။ သူတို့က လွယ်တယ်ဗျ။ ကျနော်တို့က ညွှန်ကြားရေးမှူး ဖြစ်တယ်ဆိုတာ အိုပြီးတော့မှ၊ လုပ်သက် ၃ဝ၊ ၄ဝ ဖြစ်ပြီးတော့မှ။ သူတို့ကတော့ အဲဒီလို မဟုတ်ဘူး။ အဲဒီကလေးတွေ ကျနော်မှတ်မိသေးတယ်။ ကျနော် မြို့နယ်ပညာရေးမှူး ဖြစ်တုန်းက ရုံးချုပ်သွားမယ်ဆိုရင် ကွမ်းယာဝယ်ခိုင်းလိုက်၊ ဘာဝယ်ခိုင်းလိုက်နဲ့ နောက်တခါ ပြန်တွေ့တော့ သူက Captain ဖြစ်နေပြီ။ အဲဒီအခါကျတော့ သူက ဒုဝန်ကြီးနောက် လိုက်နေတယ်ဗျာ။ နောက် ကျနော်လည်း ထွက်လာကော၊ တခါထဲ ညွှန်ကြားရေးမှူး ဖြစ်သွားတယ်။ အဲဒီတော့ မကျွမ်းကျင်သော သူများကို အဲဒီလို သွားထားတဲ့အခါ သူလည်းပဲ ဘာတတ်မလဲဗျ။ သူက ညွှန်ကြားရေးမှူးဆိုတော့ဗျာ ရုံးအလုပ်ပဲ လုပ်နိုင်မှာပေါ့။ ကျန်တဲ့ ပညာရေးအလုပ်က သူက နားမှ မလည်ဘဲဟာ။ အဲဒါမျိုးတွေက အများကြီးပဲဗျ၊ ပညာရေးမှာ။ ဒါတွေက ပြင်ဖို့ ပြောင်းဖို့ လိုပြီပေါ့။ မကျွမ်းတဲ့ သူကတော့ အထူးသဖြင့် ပညာရေးမှာ လာမလုပ်တာ အကောင်းဆုံးပဲ။ ကိုယ်မတတ်တဲ့ ဟာတခုကို လာလုပ်တဲ့အခါကျတော့ အဆင်မပြေဘူးပေါ့ဗျာ”

ဆရာ တာဝန်ယူချိန်တုန်းကကော ဒီပညာရေးနဲ့ပတ်သက်တဲ့ အားနည်းချက်တွေကို တင်ပြတာ ရှိခဲ့ဖူးလားခင်ဗျာ့။

“ကျနော် တာဝန်ယူနေတုန်းကဆို ဝန်ကြီးနဲ့ဘာနဲ့ ပြောတယ်။ ကျနော် တခုကောင်းကောင်း မှတ်မိတယ်ဗျ။ ခင်ဗျား မှတ်မိမလားတော့ မသိဘူး။ CPR လို့ ခေါ်တဲ့ ကျောင်းသူကျောင်းသားရဲ့ ကိုယ်ရည်ကိုယ်သွေး မှတ်တမ်းလို့ ခေါ်မှာပေါ့။ ဝန်ကြီးက အဲဒါကို ထုတ်ပြီးတဲ့အခါ တိုင်း ၂ ခုနဲ့ မြို့နယ် ၁ဝ ခုကို စမ်းကြည့်လိုက်တဲ့ အခါကျတော့ တက်လာတဲ့ အစီရင်ခံစာတွေက ဆရာဆရာမတွေက တကယ်မလုပ်နိုင်ဘူးဗျ။ ပေးလိုက်တဲ့ အမှတ်တွေက ဆရာမကို ကြိုဆိုတဲ့အတွက် ဘယ်နှမှတ်၊ ဘာသာရေးနဲ့ ပတ်သက်တာဆိုလည်း ဘုရားစင်ပြင် ပန်းတင် ဘယ်နှမှတ်၊ ပေးတော့လည်း ပေးသင့်တယ်၊ ဖွံ့ဖြိုးရေးအမှတ်တွေပေါ့။ ဒါပေမဲ့လည်း အဲဒီအမှတ်တွေက ကလေးက စာမကျက်ဘဲနဲ့လည်း ၃ တန်းကနေ ၆ တန်းအထိ ရှိတယ်’’

’’အဲဒီတော့ ဒါတွေကို ကျနော်က ဝေဖန်တာပေါ့လေ။ စည်းဝေးတွေမှာလည်း တင်ပြတယ်။ ၄ လပတ် အစီရင်ခံစာတွေလည်း ရေးတယ်၊ အဲဒီအစီရင်ခံစာမှာလည်း တင်ပြတယ်။ ကျနော်တို့ ညွှန်ချုပ် (ဗိုလ်မှူးကြီး ဝင်းထိန်) ကိုယ်တိုင်ပြောတယ်။ ဒါပေမဲ့ သူလည်း ချခံထိတာပဲ၊ ကျနော်လည်း ချခံထိတာပဲ။ ရှင်းရှင်းကို ပြောတာ၊ ဝန်ကြီးက ကျုပ်က ဝန်ကြီးဗျ၊ ကျုပ်က စိတ်ကူးယဉ်ပြီးတော့ စာထုတ်တတ်တာ မဟုတ်ဘူး။ ဝန်ကြီးက အဲဒီလို ပြောတဲ့အခါ ကျနော်တို့ကလည်း ဘာမှ မပြောတတ်တော့ဘူးပေါ့ဗျာ”

အဲဒီတော့ ဆရာရယ် ဝန်ကြီးက အစီအစဉ်တခု လုပ်တော့မယ်၊ စီမံချက်တခု လုပ်တော့မယ်ဆို တခြား တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းတာ၊ ဆွေးနွေးတာ မရှိဘူးလားခင်ဗျာ့။

“မရှိဘူး။ ဒါပေမဲ့ ဝန်ကြီးက အပေါ်မှာ သူလေ့လာထားပြီးတော့ သူလုပ်တာ ထင်ပါတယ်။ ချပြတာတော့ ရှိတော့ ရှိတယ်၊ ဒါပေမဲ့ သိပ်နည်းတယ်။ သေသေချာချာ ဆွေးနွေးပြီးတော့ လုပ်လိုက်မယ်ဆိုရင်တော့ ပိုပြီး သဘာဝကျမယ်။ ပိုပြီးတော့ သဘာဝကျမယ်ပေါ့ဗျာ”

အခု မြန်မာနိုင်ငံမှာ Phd  လို ဘွဲ့တွေပေးနေတယ်။ အဲဒီအပေါ်မှာကော ဘယ်လိုမြင်လဲဗျ။

“အခု Phd ပြီးထားတဲ့သူတွေကို အထက်တန်းကျောင်းအုပ် ခန့်တယ်ဗျ။ Phd သမားတွေက သူတော်တယ်ဆိုရင် တက္ကသိုလ်မှာပဲ စာသင်ပေါ့။ ဓာတုဗေဒနဲ့ပြီးရင် ဓာတုဗေဒနဲ့ သင်၊ ရူပဗေဒနဲ့ပြီးရင် ရူပဗေဒနဲ့ သင်ပေါ့။ အခုဟာက အခြေခံပညာရေးမှာ ပြန်ချတဲ့အခါကျတော့ သူက အသက်ကလည်း ငယ်ငယ်လေး၊ ကျောင်းမှာရှိတာက ဆရာမကြီးတွေဆိုတော့ လူမှုရေးအရ သိပ်အဆင်မပြေဘူးပေါ့ဗျာ။ ပြီးတော့ ဆရာဆရာမတွေ စာသင်တဲ့အခါ သင်ကြားပို့ချမှု၊ အကြံပေးမှုလည်း သူမလုပ်တတ်ဘူး။ သင်ကြားမှုပိုင်းမှာလည်း သူမဝင်နိုင်ဘူးဆိုတော့ ဒါတွေက မသင့်တော်တဲ့ ဟာတွေပါ။ သူတို့ အလုပ်ရတာတော့ ဝမ်းသာပါတယ်၊ ဒါပေမဲ့ အဆင်မပြေဘူးလေ။ မော်လမြိုင် ကျောင်းတွေမှာဆို Phd သမားတွေ ချပေးတာ သိပ်အဆင်မပြေဘူးလေ၊ သူမှ မလုပ်တတ်ဘဲဟာ”

ကျောင်းဆရာ၊ ဆရာမတွေ သူတို့ရရှိထားတဲ့ ဘွဲ့တွေအပေါ်မှာ အခြေခံပြီးတော့ ခွဲခြားမှုတွေ ရှိတယ်လို့ သိရတယ်။ ဆရာကော ကြံုခဲ့ဖူးတာ ရှိလား။

“ခွဲခြားတာက အင်္ဂလိပ်စာ အထူးပြုနဲ့၊ ပြီး လူကို လွန်ခဲ့တဲ့ ၃၊ ၄ နှစ်တုန်းကဆို အထက်တန်းပြ တိုက်ရိုက်ပေးလိုက်တယ်။ ကျောင်းမှာ အိုအဲ့ပြီးတော့ နေတဲ့ ဆရာ ဆရာမတွေ၊ သင်တန်းတွေ အမျိုးမျိုးပြီး၊ B.Ed လည်းပြီး၊ စောင့်နေတဲ့သူတွေက သူတို့တွေက အထက်တန်းပြ မဖြစ်ဘူးလေ။ အဲဒီကြားတွေမှာ သဘောထားတွေက အဆင်မပြေဘူးပေါ့ဗျာ။ ကျောင်းအုပ်နဲ့ လက်ထောက်ကြားမှာ အဆင်မပြေဘူး”

သင်နေတဲ့ သင်ရိုးတွေဟာ ခေတ်မမီတော့ဘူးဆိုတဲ့ ယူဆချက်တွေ ရှိနေတယ်။ ဆရာ ဘယ်လိုမြင်လဲ။

“သင်ရိုးတွေလည်း ပြင်ရမယ်လေ။ အခု ကျနော်တို့ အင်္ဂလိပ်စာ သင်နေတယ်။ မူလတန်းမှာဆိုရင် အင်္ဂလိပ်စာ စကားလုံးက ၂၅ဝ လောက် ရှိတယ်။ ကျနော်က အနည်းဆုံး ၃ဝဝ လောက် ဖြစ်စေချင်တယ်။ ဒီသင်ရိုးတွေကို ကျနော်တို့က အတတ်နိုင်ဆုံး ပြင်ဖို့တော့ လိုတယ်။ အခုက ကျနော်တို့က မူလတန်းမှာ သင်တဲ့စာ အလယ်တန်းမှာ လိုက်မီရအောင်၊ အလယ်တန်းမှာ သင်တဲ့စာ အထက်တန်းမှာ လိုက်မီရအောင်ဆိုတဲ့ အနေအထားပဲ ဖြစ်နေတယ်’’

’’ကျနော်တို့ လိုလားတဲ့၊ အတွေးအခေါ်ပါတဲ့ သင်ကြားရေးနဲ့ ဆိုရင်တော့ တတ်သင့်တတ်ထိုက်တာတွေ မတတ်ဘူး ဖြစ်နေတယ်။ သင်ရိုးက ပုံသေထားလို့ မရဘူးလေ။ ပြင်သင့်တဲ့ဟာ၊ ပြောင်းသင့်တဲ့ဟာကို အမြဲတမ်း ပြောင်းနိုင်တဲ့ အနေအထားရှိမှ သူရှင်သန်မယ့် အနေအထား ရှိတာကိုး။ ဒါမှာလည်း တခြားနိုင်ငံတွေနဲ့ တန်းတူနိုင်မယ့် အနေအထား ရှိနိုင်တာကိုး”

ဆရာက ပညာရေးကဏ္ဍမှာ တော်တော်ပဲ ထဲထဲဝင်ဝင် လုပ်ခဲ့တာဆိုတော့ ဆရာတို့ပါတီရဲ့ ပညာရေးနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ မူဝါဒလေး နောက်ဆုံးအနေနဲ့ သိပါရစေ။

၁။ လူတိုင်းစာတတ်မြောက်ရေးစနစ်ကို အကောင်အထည်ဖော်မယ်။
၂။ အခမဲ့ မသင်မနေရ အခြေခံပညာရေးစနစ်ကို အကောင်အထည်ဖော်မယ်။
၃။ နိုင်ငံတော်၏ ကြီးကြပ်မှုအောက်မှ ပုဂ္ဂလိက ပညာရေးစနစ်ကို အားပေးမယ်။
၄။ အထက်တန်းပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်များ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်မယ်။
၅။ တိုင်းရင်းသားတို့၏  ဒေသများတွင်  သက်ဆိုင်သည့် တိုင်းရင်းသားလူမျိုးတို့၏  စာကို သင်ကြားခွင့်ရရှိအောင် ဆောင်ရွက်မယ်။

အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Most read this week