လွှတ်တော်ဥက္ကဋ္ဌများ၏ ခုံများသည် တူဖြင့် နေ့စဉ် အထုခံနေရသဖြင့် လွှတ်တော် သက်တမ်း ၅ နှစ်ပြည့်သည်အထိ ခံနိုင်ပါ့မလားဟု အမတ်အချို့ စိုးရိမ်နေကြသည်။ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ လွှတ်တော်ဥက္ကဋ္ဌများ၏ ခုံများသည် တူဖြင့် နေ့စဉ် အထုခံနေရသဖြင့် လွှတ်တော် သက်တမ်း ၅ နှစ်ပြည့်သည်အထိ ခံနိုင်ပါ့မလားဟု အမတ်အချို့ စိုးရိမ်နေကြသည်။
လွှတ်တော်အတွင်း အမတ်များ၏ “သဘောတူညီချက်” ကို တောင်းခံပြီးပါက လွှတ်တော် ဥက္ကဋ္ဌများက ခုံအား တူဖြင့်ထု၍ အဆုံးသတ်လေ့ရှိသည်ကို ရည်ညွှန်းပြောဆိုကြခြင်း ဖြစ်သည်။
“ကြားထဲမှာ ခဏနားတယ်။ ပြည်သူ့ငွေစာရင်းကော်မတီ ၁၅ ယောက်ကို ခေါ်ပြီးတော့ လွှတ်တော် ဥက္ကဋ္ဌက ပြောတယ်။ ၁၁ နာရီမှာ ပြန်စတယ်။ အဲဒီ နာမည် စာရင်းတွေ ဖတ်ပြပြီးတော့ အတည်ပြုတယ်ဆိုတာ သုံးကြိမ်အော်၊ ပြီးတော့မှ ခုံကို တူနဲ့ ရိုက်ပြီးတော့ ပြီးသွားတာပေါ့” ဟု အမတ်တဦးက မဇ္စျိမကို ပြောသည်။
“အဲဒီခုံတော့ မသက်သာဘူးဗျ။ တနေ့ကို ၄ ကြိမ်လောက် အရိုက်ခံနေရတယ်။ ၅ နှစ်တောင် ခံပါ့မလား မသိဘူး” ဟု အမတ်တဦးကလည်း ပြောသည်။
ကြာသပတေး မနက် ၁ဝ နာရီ၌ စတင်ကျင်းပပြီး ၁၁ နာရီ ၅ မိနစ်တွင် ပြီးသည့် အမျိုးသားလွှတ်တော် ၃ ရက်မြောက် အစည်းအဝေးမှ ပြည်သူ့ငွေစာရင်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအဖြစ် ကြံ့ခိုင်ရေးအမတ်များဖြစ်ကြသော ဦးအောင်ထွန်း (မကွေး-၁၁) နှင့် ဦးခင်မောင်အေး (စစ်ကိုင်း-၇) တို့ ဖြစ်သွားသည်။ ဦးအောင်ထွန်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးဖြစ်ပြီး ဗိုလ်မှူးချုပ်ဟောင်း ဖြစ်သည်။
အဖွဲ့ဝင်များအဖြစ် ဦးဘရန်ရှောင် (ကချင်-၃) တစည၊ ဦးဆားရယ် (ကယား-၆) ကြံ့ခိုင်ရေး၊ ဦးစောထွန်းမြအောင် (ကရင်-၅) ကြံ့ခိုင်ရေး၊ ဦးဇုန်လှယ်ထန်း (ချင်း-၂) CPP၊ ဦးစတီဗင်သာဘိတ် (ချင်း-၄) CNP၊ ဒေါ်ရီရီမြင့် (မွန်-၁) ကြံ့ခိုင်ရေး၊ ဦးသိန်းဝင်း (စစ်ကိုင်း-၉) ကြံ့ခိုင်ရေး၊ ဦးမိုးမြင့် (တနင်္သာရီ-၇) ကြံ့ခိုင်ရေး၊ ဒေါ်ချိုနွယ်ဦး (ပဲခူး-၇) ကြံ့ခိုင်ရေး၊ ဒေါ်ခင်ဝိုင်းကြည် (ရန်ကုန်-၁) NDF၊ ဦးခင်မောင်ရီ (ဧရာဝတီ-၆) ကြံ့ခိုင်ရေး၊ ဦးခင်မောင် (ခ) ဦးအောင်ကျော်ဦး (ရခိုင်-၃) RNDP နှင့် ဦးရှုမောင် (ရှမ်း-၈) ကြံ့ခိုင်ရေး ဖြစ်သည်။
အမျိုးသားလွှတ်တော်တွင် ကြံ့ခိုင်ရေးက ၁၂၉ ဦး၊ တပ်မတော်ခန့် အမတ် ၅၆ ဦး၊ အခြား ပါတီများမှ ၃၉ ဦး စုစုပေါင်း ၂၂၄ ဦး ရှိရာမှ ယနေ့ တဦးသာ ခွင့်တိုင်ပျက်ကွက်သည်။ ၄ ရက်နေ့ အစည်းအဝေးကို မနက်ဖြန် ၁ဝ နာရီတွင် ဆက်လက်ကျင်းပမည်။
ဦးအောင်ထွန်း ခေါ် ခင်မောင်ထွန်း
အသက် = ၅၈ နှစ်
ဇာတိ = ပေါက်မြို့နယ်၊
ပညာနှင့် စစ်ဘက်ရာထူးများ = မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေး)၊ ဗိုလ်မှူးချုပ် (ငြိမ်း)၊ စစ်တက္ကသိုလ် အမှန်စဉ်-၁၆ ဗို်လ်လောင်းသင်တန်း၊ ခလရ-၅၆ (မြင်းခြံ)၊ ခလရ-၃၆ (ကျုံပျော်)၊ ခလရ-၉ဝ (မှော်ဘီ)၊ ခလရ-၅ဝ (ဂန့်ဂေါ)၊ ခမရ-၁ဝ၄ (မော်လမြိုင်)၊ နတခ၊ တမခ (၅၅)၊ တမခ (၆၆)၊ ဥစသ တို့တွင် ထမ်းဆောင်ခဲ့ပြီး ဒုဝန်ကြီးအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၌ တာဝန်ထမ်းဆောင်။ (သင်္ဂဟတံဆိပ်၊ တိုက်ပွဲဝင်တံဆိပ်၊ နအဖ တံဆိပ်၊ မိုင်းယန်း/မယ်သဝေါ တိုက်ပွဲတံဆိပ်၊ စစ်မှုထမ်းသက်တမ်းတံဆိပ်၊ စစ်ဦးစီးတက္ကသိုလ် သင်တန်းဝင်တံဆိပ် ရရှိထားသည်။)
လိပ်စာ = တောင်ဥက္ကလာပ၊ ရန်ကုန်။
ဦးခင်မောင်အေး
အသက် = ၆၃ နှစ်
ဇာတိ = ပင်လယ်ဘူးမြို့၊
ပညာ = သိပ္ပံဘွဲ့ (သတ္တဗေဒ) (OHIO University USA)၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ငါးလုပ်ငန်းဦးစီးဌာန၊
လိပ်စာ = သာကေတမြို့နယ်၊ ရန်ကုန်တိုင်း။
ခလရ-၈၂ (ဒုဗိုလ်)၊ ခမရ-၁၇ (တပ်ခွဲမှူး)၊ ခမရ-၁၁၂ (ဒု-ရင်းမှူး)၊ ခမရ-၃၃၉ (ဒု-ဗိုလ်မှူးကြီး)၊ သင်တန်းအမှတ်စဉ်-၄၃ ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၊