ဖွဲ့စည်းပုံ ခုံရုံးနှင့် အာဏာရှင်

ဖွဲ့စည်းပုံ ခုံရုံးနှင့် အာဏာရှင်
by -
ဦးမျိုး (ဥပဒေ)

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (နအဖ ဥပဒေ အမှတ် ၂၁/၂ဝ၁ဝ) ကို ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက် နေ့စွဲအရ  (ပုံ) သန်းရွှေ လက်မှတ်ဖြင့် ထုတ်ပြန်ပိုင်ခွင့် ရှိပါသလား။ ...

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (နအဖ ဥပဒေ အမှတ် ၂၁/၂ဝ၁ဝ) ကို ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက် နေ့စွဲအရ  (ပုံ) သန်းရွှေ လက်မှတ်ဖြင့် ထုတ်ပြန်ပိုင်ခွင့် ရှိပါသလား။ နိုင်ငံ တနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စကို အဆုံးအဖြတ်ပေးရမည့် ခုံရုံးကို မည်သူတဦးတယောက်၏ အမိန့်နှင့်မျှ ပြဋ္ဌာန်းရိုး မရှိပါ။

ပြည်ထောင်စုစစ်စစ် လွှတ်တော်မျိုးကသာ ဥပဒေပြဋ္ဌာန်းပိုင်ခွင့် ရှိပါသည်။

အကယ်၍ ယခုလို ဥပဒေမျိုးကို ဥပဒေပြုလွှတ်တော်ကသာ ပြဋ္ဌာန်းလျှင် ဘာဖြစ်သွားပါမည်နည်း။ မရောင်ရာ ဆီလူး၊ မဟုတ်တာ အနာလုပ်တာမျိုးက တိုင်းပြည်ကို ချောက်ထဲရောက်အောင် လုပ်ခြင်းသာ ဖြစ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းကို ဤခုံရုံးဥပဒေပုဒ်မ ၁၂ (က) အရ လုပ်ငန်းတာဝန် ဆောင်ရွက်ရပါမည်။ ပုဒ်မ ၁၂ (ဆ) တွင်လည်း တရားရုံးတရုံးက စစ်ဆေးဆဲအမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၃ နှင့် ဤဥပဒေပုဒ်မ ၁၇ တို့အရ တင်ပြလာသည့် အငြင်းပွားမှုကို အဆုံးအဖြတ်ပေးခြင်း ဟုလည်း ပါရှိပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၃ က ခုံရုံး၏ အဆုံးအဖြတ်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်ဟု ဖော်ပြခြင်း ဖြစ်သည်။

ဤဥပဒေ ပုဒ်မ ၁၇ တွင် - ”တရားရုံးတရုံးသည် အမှုတမှုကို စစ်ဆေးစီရင်ရာတွင် ဥပဒေတရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်မှု ရှိမရှိ၊ ညီညွတ်မှု ရှိမရှိ အငြင်းပွားမှု ပေါ်ပေါက်ပါက ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ ခုံရုံးကလည်း တစုံတရာ ဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိသေးလျှင် အဆိုပါတရားရုံးသည် အမှုစစ်ဆေးစီရင်ခြင်းကို ရပ်ဆိုင်းထားပြီး၊ မိမိသဘောထားနှင့်အတူ ပြည်ထောင်စု တရားသူကြီးချုပ်ထံ စောလျင်စွာ တင်ပြရမည်။ ပြည်ထောင်စု တရားသူကြီးချုပ်သည် အဆိုပါတင်ပြချက်ကို မိမိသဘောထားနှင့်အတူ ခုံရုံးသို့ တင်သွင်းရမည်” ဟု ပါရှိသည်။

အကယ်၍ တရားရုံးတရုံးရုံးတွင် နအဖ စစ်အုပ်စု တည်ဆဲဥပဒေတခုခုနှင့် ယခု ၂ဝဝ၈ ဖွဲ့စည်းပုံပါ ဥပဒေပုဒ်မ တခုခုတို့ အငြင်းပွားမှု စစ်ဆေးစီရင်ရာတွင် ပေါ်ပေါက်သည်ဆိုပါက ခုံရုံးသို့တင်ပြရန် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ၂ဝဝ၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၆ (ဃ) တွင် နိုင်ငံတော်သည် - စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်း မပြုရဟု ဖော်ပြထားသည်။ သို့သော် နအဖ စစ်အုပ်စု တည်ဆဲဥပဒေ ဖြစ်သည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ (နအဖ ဥပဒေ အမှတ် ၉/၈၉) ပုဒ်မ - ၃  တွင် အောက်ဖော်ပြပါ စီးပွားရေးလုပ်ငန်းများကို အစိုးရကသာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိသည်။ (က) မှ (ဌ) အထိ ဖော်ပြထားသည်။ အတိုချုပ် ဖော်ပြအပ်ပါသည်။

(က) ကျွန်းသစ်
(ခ) သစ်တော
(ဂ) ရေနံနှင့် သဘာဝဓာတ်ငွေ့
(ဃ) ပုလဲ။ ကျောက်စိမ်းနှင့် တွင်းထွက်ကျောက်မျက်ရတနာများ
(င) ငါး၊ ပုဇွန်
(စ) စာတိုက်နှင့် ကြေးနန်း
(ဆ) လေကြောင်းနှင့် ရထားပို့ဆောင်ရေး
(ဇ) ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း
(စျ) အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံကြား ထုတ်လုပ်ခြင်းလုပ်ငန်း
(ည) သတ္တုရှာဖွေထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းလုပ်ငန်း
(ဋ) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း
(ဌ) လုံခြံုရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်ခြင်းတို့ ဖြစ်ပါသည်။

အစိုးရကသာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုပြီး၊ အခြားမည်သူ့ကိုမျှ စီးပွားရေးလုပ်ပိုင်ခွင့် မပေးဘဲ အစိုးရ အကြောင်းပြချက်ဖြင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နအဖ ဥပဒေ အမှတ် (၉/၈၉) ဖြင့် နိုင်ငံပိုင် သိမ်းယူခြင်း ပြုလုပ်ထားသည်ကို တွေ့ရပေသည်။

ကြံ့ဖွံ့အစိုးရကသာ နိုင်ငံပိုင်သိမ်းယူခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည့် နအဖ စစ်ခေါင်းဆောင်၏ ဥပဒေမှာ ရယ်ရွှင်ဟားတိုက်ဖွယ်ရာ ဟာသတပုဒ်နှင့် တူနေပေတော့သည်။ အကယ်၍ ငါးဖမ်းတံငါသည် တဦးမှာ ကရုကမာ ကောင်ထဲမှ ပုလဲကြီးတလုံးကို ရရှိသည်ဆိုပါစို့။ ထိုတံငါသည်က စျေး၌ ဝယ်ယူသူတဦးဦးကို ငွေအမြောက်အမြားဖြင့် ရောင်းချလိုက်သည်တွင် နိုင်ငံပိုင် စီးပွားရေးဥပဒေ ပုဒ်မ ၉ ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ပါတော့မည်။ ထို့ပြင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။

ပြည်သူလူထုမှာ နိုင်ငံပိုင်အဖြစ် မြေယာအမြောက်အမြား လုယက်သိမ်းယူခြင်း ခံနေရပါသည်။ ဘယ်သူ့ထံတွင်နည်း။ နအဖ စစ်အုပ်စုထံတွင် ဖြစ်သည်။ စစ်အုပ်စု  ကြံ့ဖွံ့အစိုးရက နိုင်ငံပိုင်သိမ်း ယူနိုင်ရန် ပြဋ္ဌာန်းထားသည့် ဥပဒေများကို မည်သည့် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက အဆုံးအဖြတ် ပေးနိုင်ပါမည်နည်း။ ဤသို့ဆိုလျှင် -

ဘာလုပ်ကြမည်နည်း။

Most read this week