ကချင်ကို စစ်အင်အားသုံး ဖြေရှင်းမည်ဟု စရဖ ခြိမ်းခြောက်

ကချင်ကို စစ်အင်အားသုံး ဖြေရှင်းမည်ဟု စရဖ ခြိမ်းခြောက်
by -
ဖနိဒါ

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို စစ်အင်အားသုံး ဖြေရှင်းမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဘက်ရေးရာ လုံခြံုရေးတပ် ဒုဗိုလ်မှူးကြီးသက်ပုံက အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆို ...

ချင်းမိုင် (မဇ္စျိမ) ။        ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို စစ်အင်အားသုံး ဖြေရှင်းမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဘက်ရေးရာ လုံခြံုရေးတပ် ဒုဗိုလ်မှူးကြီးသက်ပုံက အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆိုကြောင်း KIO သတင်းရပ်ကွက်က ပြောသည်။  

ဒုဗိုလ်မှူးကြီးသက်ပုံက မြစ်ကြီးနားရှိ KIO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးကြီး ဂျီးနောင်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ပြင်ရှိ စရဖ ရုံးတွင် တွေ့ဆုံကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ အကောက်ခွန်ရုံးရှေ့တွင် အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲနိုင်သော အပြင်းစား TNT ယမ်းမှုန့်ဖြင့် ပြုလုပ်ထားသော မိုင်းဗုံး ၁ဝ လုံးကို တွေ့ရှိပြီးနောက် KIO လက်ချက်ဟုလည်း ဒုဗိုလ်မှူးကြီးသက်ပုံက စွပ်စွဲလိုက်သည်။

“KIO က အခုလို လုပ်လာတဲ့အတွက် နိုင်ငံတော် အစိုးရအနေနဲ့ စစ်အင်အားသုံး ဖြေရှင်းမယ်ဆိုတာ အကြိမ်ကြိမ် ပြောတယ်။ ဒီဗုံးက KIO လုပ်ဗုံးဖြစ်တယ်၊ အစိုးရကို ရန်စတာဖြစ်တယ်၊ (KIO လက်အောက်ခံတပ်) KIA တပ်မဟာ ၃ ရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး စွပ်စွဲတာ” ဟု KIO အရာရှိတဦးက မဇ္စျိမကို ပြောသည်။

အစိုးရအနေဖြင့် စိတ်ရှည်သည်းခံနိုင်သည့် အတိုင်းအတာ ကုန်လာပြီဟု ဒုဗိုလ်မှူးကြီးသက်ပုံက ပြောခဲ့သေးသည်။

စရဖ-KIO တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး KIO ဗဟိုကော်မတီဝင်များ အရေးပေါ် အစည်းအဝေးကို အင်္ဂါနှင့် ဗုဒ္ဓဟူးတွင် လို်င်ဇာဌာနချုပ်၌ ပြုလုပ်ကြောင်း KIO အရာရှိတဦးက ပြောသည်။

မိုင်းဗုံးများ တွေ့ရှိရာ ဒေသသည် KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေထဲတွင် ဖြစ်သည်။ သို့သော် KIO ဗုံးမဟုတ်သလို၊ စစ်အစိုးရ လုပ်ကြံမှုဟု KIO လိုင်ဇာမြို့ ဌာနချုပ်မှ အဆိုပါ အရာရှိက တုံ့ပြန်စွပ်စွဲလိုက်သည်။

“ကျနော်တို့ဗုံး မဟုတ်ဘူး၊ သိလည်း မသိဘူး။ ဒါက သူ့တို့ အကြံနဲ့ လုပ်တာပဲ။ တပ်မဟာ ၃ အောက် တပ်ရင်း ၁၅ ဆိုပြီး ရေးထားပြီးတော့ ကျနော်တို့ သွားထားသလို လုပ်တာ။ ကျနော်တို့က အဲဒီလို မညစ်ပတ်ဘူး။ ကျနော်တို့ကို နာမည်ပျက်အောင် လုပ်ချင်တာလေ” ဟု သူက ပြောသည်။

ဒုဗိုလ်မှူးကြီးသက်ပုံက သိမ်းဆည်းရမိသည့် ဗုံးများနှင့် ဆက်စပ်ပစ္စည်းများ၏ ဓာတ်ပုံများအား ပြသခဲ့ပြီး၊ ပြီးခဲ့သည့်နှစ် မိုးမောက်၊ မြစ်ဆုံ၊ မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတွင် တွေ့ရှိသော မိုင်းများနှင့် အရွယ်အစား၊ အမျိုးအစား တူနေသည်ဟုလည်း ပြောဆိုခဲ့ကြောင်း KIO အရာရှိက ပြန်ပြောပြသည်။

ထို့ပြင် ပြီးခဲ့သည့်လ ရ ရက်နေ့တွင် မန်စီမြို့နယ် KIA တပ်ရင်း ၁၇ နှင့် စစ်အစိုးရတပ်အကြား ပစ်ခတ်မှုကို KIO စတင်ပစ်ခတ်ခဲ့မှုအဖြစ် စရဖ က အစည်းအဝေးတွင် ပြောခဲ့သေးသည်။

စစ်အစိုးရ၏ ဖိအားပေးမှုကို စုပေါင်းကာကွယ်ရန်အတွက် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို ပြီးခဲ့သည့်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ရာ KIO ပါဝင်နေသဖြင့် စစ်တပ်ခေါင်းဆောင်များ အလိုမကျ ဖြစ်နေသည်ဟုလည်း ဆိုခဲ့သည်။

“သူ ပြောတယ်၊ အခု အစည်းအဝေး ဆုံးဖြတ်ချက်ပေါ် မူတည်တယ်တဲ့။ ဦးဂေါင်ရီဇော်ဆိုင်း သီးခြားအဖွဲ့တွေနဲ့ ပြန်ဖွဲ့တဲ့အတွက် နေပြည်တော်က လူကြီးတွေ စိတ်ကသိကအောင့် ဖြစ်နေတယ်။ သည်းခံစိတ် ကုန်လာပြီလို့ပဲ ပြောတယ်” ဟု KIO အရာရှိက ပြောဆိုသည်။

ဖက်ဒရယ်ကောင်စီတွင် ဒုဥက္ကဋ္ဌ ၁ အဖြစ် KIO ဒုဗိုလ်ချုပ်ကြီး ဂေါင်ရီဇော်ဆိုင်းက တာဝန်ယူထားသည်။

Most read this week