ဥပဒေမူကြမ်း ကော်မတီများ ဖွဲ့စည်း

ဥပဒေမူကြမ်း ကော်မတီများ ဖွဲ့စည်း
by -
ကိုဝိုင်း

အမတ်များတင်သွင်းမည့် ဥပဒေမူကြမ်းများအတွက် အကြံဉာဏ်ပေးနိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အင်္ဂါနေ့ အစည်းအဝေးများက ဥပဒေမူကြမ်း ကော်မတီကို အဖွဲ့ဝင် ၁၅ ဦး ...

ချင်းမိုင် (မဇ္စျိမ) ။      ။ အမတ်များတင်သွင်းမည့် ဥပဒေမူကြမ်းများအတွက် အကြံဉာဏ်ပေးနိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အင်္ဂါနေ့ အစည်းအဝေးများက ဥပဒေမူကြမ်း ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးစီဖြင့် ဖွဲ့စည်းလိုက်သည်။

: MRTV)လွှတ်တော်နှစ်ရပ်ပေါင်း ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်ကို ပြီးခဲ့သည့် သောကြာနေ့တွင် ရပ်နားခဲ့ရာမှ ယနေ့တွင် လွှတ်တော် တရပ်ချင်းစီ အစည်းအဝေး ပြန်စခဲ့ရာ သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌများဖြစ်သည့် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်က ကော်မတီဝင် အမည်များကို ဖတ်ကြားပြခဲ့ခြင်း ဖြစ်သည်။

ဥပဒေမူကြမ်း ကော်မတီများ၏ ဥက္ကဋ္ဌများမှာ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌများဖြစ်သည့် ဦးနန္ဒကျော်ဇွာနှင့် ဦးမြငြိမ်း၊ အတွင်းရေးမှူးများမှာ ဦးတီခွန်မြတ်နှင့် ဦးစံထွန်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ အမတ်များ ဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်း ကော်မတီဝင်များမှာ ဒေါ်နန်းဝါနု (ကွန်ဟိန်း)၊ ဦးသောင်း (မော်လိုက်)၊ ဦးဘရှိန် (ကျောက်ဖြူ)၊ ဦးငွန်မောင်း (ဟားခါး)၊ ဒေါ်ဒွဲဘူ (အင်ဂျန်းယန်)၊ ဦးနန္ဒကျော်ဇွာ (ဒဂုံ)၊ ဦးတီခွန်မြတ် (ကွတ်ခိုင်)၊ ဦးစောလှထွန်း (ချောင်းဦး)၊ ဦးခင်မောင်မြင့် (ဇီးကုန်း)၊ ဦးမောင်ညို (ပေါက်)၊ ဦးခင်မောင်ရွှေ (တမူး)၊ ဦးစိုးရယ် (ဒီမောဆိုး)၊ ဦးစတီဗင် (ကျိုင်းတုံ)၊ ဦးသိန်းထွန်း (အမရပူရ) နှင့် ဒေါက်တာစိုးမိုးအောင် (ဘီးလင်း) ဖြစ်သည်။

ရှမ်း၊ ရခိုင်နှင့် ချင်း တိုင်းရင်းသားပါတီများမှ တဦးစီပါဝင်ပြီး၊ တစညတဦး၊ ကြံ့ခိုင်ရေးမိတ်ဆွေပါတီ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်မှ တဦးမှလွဲ၍ ကျန် ၁ဝ ဦးသည် ကြံ့ခိုင်ရေးပါတီ အမတ်များ ဖြစ်သည်။

အစည်းဝေးကို မနက် ၁၁ နာရီတွင် စတင်ပြီး ၁၁ နာရီ ၄ဝ မိနစ်တွင် ခေတ္တရပ်နားခဲ့ပြီး၊ နေ့လည် ၁ နာရီကျော်တွင် ပြန်စကာ မိနစ် ၂ဝ ကျော်အကြာ ပြီးဆုံးခဲ့သည်။

“ခဏနားတဲ့အချိန်မှာ စာရင်းမှာပါတဲ့ သူတွေအားလုံးကို လုပ်နိုင်မလုပ်နိုင်မေးဖို့ အပေါ်ထပ်မှာ သူရရွှေမန်းနဲ့ တွေ့ကြတာပေါ့။ အစည်းအဝေး ပြန်စတော့ သူတို့က လုပ်နိုင်ပါတယ် ဆိုတဲ့အတွက် အတည်ပြုတာကို လွှတ်တော်ကို တင်ပြပါတယ်ပေါ့။ လွှတ်တော်ကလည်း ‘အတည်ပြုပါတယ် ခင်ဗျာ’ ၃ ခါ အော်ပြီးတော့ ပြီးသွားတာပေါ့” ဟု အမတ်တဦးက ပြောသည်။

မနက်ဖြန် တောင်သူလယ်သမားများနေ့ တရက်နားပြီး ၃ ရက်နေ့ မနက် ၁ဝ နာရီတွင် ပြန်လည်စတင်မည်။ ယနေ့ အစည်းအဝေးသို့ တက်ရောက်သူ အမတ် ၄၃ဝ ဦးဖြစ်ပြီး၊ ကြံ့ခိုင်ရေး အမတ်များဖြစ်သည့် ဦးဘဋ္ဌေး (မိုးကုတ်)၊ ဦးမြင့်ထွန်း (ကော့သောင်း)၊ ဦးကျော်မြင့် (အရာတော်) တို့နှင့် NDF အမတ် ဦးခင်မောင်ဝင်း (လမ်းမတော်) တို့ ၄ ဦး ခွင့်ယူသည်။

အလားတူ အမျိုးသားလွှတ်တော်အတွက် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များမှာ ဦးမြငြိမ်း-ညွှန်မှူး-ငြိမ်း (ရန်ကုန်-၇) ကြံ့ခိုင်ရေး၊ ဦးခက်ထိန်နန်-သိပ္ပံဘွဲ့ စိုက်ပျိုးရေး ဒီပလိုမာ (ကချင်-၁) စဒက ၊ ဒေါ်နန်းနီနီအေး-လက်ထောက်ကတိက-ကွန်ပြူတာ (ကရင်-၆) ကြံ့ခိုင်ရေး၊ မန်းအောင်တင်မြင့် (ကရင်-၁၂) ကရင်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီ၊ စွန်ဒုတ်ကျင် (ချင်း-၆) ကြံ့ခိုင်ရေး ပါဝင်သည်။

ထို့ပြင် ဒေါက်တာလှသိန်း (မွန်-၆) ကြံ့ခိုင်ရေး၊ ဦးသန်းမြင့် (တနင်္သာရီ-၁ဝ) ကြံ့ခိုင်ရေး၊ ဦးမြင့်ထွန်း (ပဲခူး-၁ဝ) ကြံ့ခိုင်ရေး၊ ဦးစိုးမြင့် (မကွေး-၆) ကြံ့ခိုင်ရေး၊ ဦးဇော်မြင့်ဖေ (မန္တလေး-၅) ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒေါက်တာမြဉာဏစိုး (ရန်ကုန်-၄) NDF ၊ ဦးတင်ယု (ရန်ကုန်-၁၁) ကြံ့ခိုင်ရေး၊ ဦးကျော်ထွန်းအောင် (ရခိုင်-၅) RNDP၊ ဦးစံထွန်း (ကချင်-၁၁) ကြံ့ခိုင်ရေးနှင့် စိုင်းပေါင်းနပ် (ရှမ်း-၁၂) ဝ’ ဒီမိုကရက်တစ်ပါတီ ဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုလည်း မနက်ဖြန်တရက် ရပ်နားပြီး ၃ ရက်နေ့တွင် ပြန်စမည်။

ဦးနန္ဒကျော်ဇွာ

တာဝန် = ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်းကော်မတီ ဥက္ကဋ္ဌ
ဇာတိ = ရန်ကုန်
အသက် = ၆ဝ နှစ်
ပညာ = BSC, MSC, RL
အလုပ်အကိုင် = တရားရုံးချုပ် ရှေ့နေ၊
ဖခင် = ဗိုလ်မှူးချုပ် (ငြိမ်း) စည်သူတင်ဖေ
မိခင် = ဒေါ်သိန်းဆိုင် (တရားရုံးချုပ်ရှေ့နေ)
ဇနီး = ဒေါ်မြင့်ဋ္ဌေး (ဆရာဝန်)
သမီးများ = စောသုနန္ဒီ၊ ထွေးကြာနန္ဒီ
နေရပ် = အမှတ် ၁၂၄၊ မြလေးရုံ၊ ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။

ဦးမြငြိမ်း

တာဝန် = အမျိုးသားလွှတ်တော် ဥပဒေမူကြမ်းကော်မတီ ဥက္ကဋ္ဌ
ဗဟိုဝန်ထမ်းတက္ကသိုလ် ဥပဒေအရာရှိ (၁၉၇၃-၇၄)၊  ဗဟိုဥပဒေရုံး၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ရှေ့နေချုပ်ရုံး။
ပညာ = ဝိဇ္ဇာ (ဥပဒေ)
ဇာတိ = သံဒင်းကျေးရွာ၊ ရွှေပြည်သာမြို့နယ် (ယခင်မှော်ဘီမြို့နယ်)၊ ရန်ကုန်။
လိပ်စာ = အင်းစိန်မြို့နယ်၊ ရန်ကုန်။

Most read this week