မွန်အမျိုးသားနေ့တွင် မွန်နိုင်ငံရေး ပါတီများ နည်းတူ ပြည်တွင်းပြည်ပ နေရာအနှံ့တွင် ထူးခြားစွာ ကျင်းပခဲ့

မွန်အမျိုးသားနေ့တွင် မွန်နိုင်ငံရေး ပါတီများ နည်းတူ ပြည်တွင်းပြည်ပ နေရာအနှံ့တွင် ထူးခြားစွာ ကျင်းပခဲ့
by -
မင်းထက်အောင်

ယခုနှစ် ဖေဖါ်ဝါရီလ ၁၉ ရက်နေ့တွင်ကျရောက်သော ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့အား မွန်နိုင်ငံရေး ပါတီများနည်းတူ နေရာအနှံ့တွင် ထူးခြားစွာ ကျင်းပခဲ့ကြကြောင်း သတင်းပေးပို့ချက်များအရ သိရသည်။ ...

ယခုနှစ် ဖေဖါ်ဝါရီလ ၁၉ ရက်နေ့တွင်ကျရောက်သော ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့အား မွန်နိုင်ငံရေး ပါတီများနည်းတူ နေရာအနှံ့တွင် ထူးခြားစွာ ကျင်းပခဲ့ကြကြောင်း သတင်းပေးပို့ချက်များအရ သိရသည်။

စစ်အစိုးရနှင့် အပစ်ရပ်စဲ ပျက်ပြယ်ခဲ့သည့် NMSP မွန်ပြည်သစ်ပါတီဗဟိုမှကျင်းပသော မွန်အမျိုးသားနေ့ အခမ်းအနားကို ပါတီဗဟိုဌာနချုပ်အနီး ပနန်းပိန်ရွာတွင် စစ်ရေးပြအခမ်းအနားဖြင့်ကျင်းပခဲ့ပြီး ပါတီဒုဥက္ကဌနိုင်ရော့စက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ရာ အထင်ကရမွန်ရဟန်းသံဃာတော်များ၊ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ၊ ဒေသခံမွန်လူငယ်များနှင့် လူထုများတက်ရောက်ခဲ့ကြောင်း တက်ရောက်သူများထံမှ သိရသည်။

အလားတူ မြို့နယ်များကိုယ်စားပြု မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို)အား သံဖြူဇရပ်မြို့၊ ကြာကန်-အားကစားကွင်း၌ ကျင်းပခဲ့ရာ သဘာပတိအဖြစ် နိုင်တင်အောင် (မွန်အမျိုးသားခေါင်းဆောင်-နိုင်အောင်ထွန်း၏သား)က ဆောင်ရွက်ခဲ့ကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ယခုနှစ်မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို)တွင် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲဝင် ယခုအဖျက်သိမ်းခံ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF မှ နိုင်သက်လွင်၊ ဒေါက်တာမင်းကြည်ဝင်းနှင့် ဒေါက်တာမင်းစိုးလင်းတို့ဦးဆောင်နေသည်ကိုတွေ့ရှိရပြီး MNDF ဒုဥက္ကဌနိုင်ငွေသိမ်းလည်း အခမ်းအနားသို့တက်ရောက်ခဲ့သည်။

ထို့အတူ နေပြည်တော်ရောက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP မှ မွန်အမတ်မင်းများသည်လည်း နေပြည်တော် သပြေကုန်းစျေးအနီးရှိ မောခမ်းနွံ-ရှမ်းစားသောက်ဆိုင်တွင် မွန်အမျိုးသားနေ့ညစာစားပွဲကျင်းပခဲ့ရာ လွှတ်တော်တက်ရောက်နေ့ကြသည့် အခြားပါတီများမှ အမတ်တစ်ရာနီးပါးတက်ရောက်ခဲ့ကြောင်း တက်ရောက်ခဲ့သူတစ်ဦးက “ကောင်းဝါ” သို့ သတင်းပေးပို့ခဲ့သည်။

၄င်းညစာစားပွဲအခမ်းအနား၌ မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို)သံဖြူဇရပ်မြို့မှ ပေးပို့သောသဝဏ်လွှာအပြင် AMDP ဥက္ကဌနိုင်ငွေသိန်း၏ မွန်အမျိုးသားနေ့သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့သည်။

၆၄ ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားကို ပြည်တွင်းရှိမွန်ဒေသများ၌ မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို) ဦးဆောင်မှုဖြင့် မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအဆင့် စသဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းပေးပို့ချက်များအရ သိရသည်။

ထို့အပြင် ထိုင်းနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၊ မဲဆောက်၊ မဟာချိုင်ဒေသများ၌ အခမ်အနားများကျင်းပခဲ့သည့် ဓါတ်ပုံသတင်းပေးပို့ချက်များ လက်ခံရရှိခဲ့သည်။

အလားတူ ဂျပန်၊ တောင်ကိုးရီးယား၊ အမေရိကန်၊ သြစတေးလျ၊ နယ်သာလင် နိုင်ငံတို့တွင်လည်း မွန်အမျိုးသားနေ့ ကျင်းပခဲ့သည့်သတင်းများ လက်ခံရရှိခဲ့သည်။

၁၉၄၆ ခုနှစ်ကုန်ခါနီးတွင်(ယခင်-ကျိုက္ခမီမြို့နယ်) ယခု သံဖြူဇရပ်မြို့နယ်၊ပငကျေးရွာ၌ မွန်တိုင်းရင်းသားအစည်းအရုံးမှကြီးမှူး၍ အလွှာပေါင်းစုံမှလူဦးရေတစ်ထောင်ကျော်တက်ရောက်ခဲ့သော ပထမအကြိမ် မွန်အမျိုးသားညီလာခံတရပ်ကိုကျင်းပခဲ့စဉ် “သမလ၊ ဝိမလ မွန်ဘုရင်နှစ်ပါး ဟံသာဝတီ(ပဲခူး)နေပြည်တော်စတင်တည်ထောင်သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့ဟုသတ်မှတ်ကြောင်း” ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည်ဟု မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း အခန်း(၈)၌ ရေးသားဖေါ်ပြသည်။

Most read this week