ပထမဆုံး လီဆူရိုးရာ နှစ်သစ်ကူးပွဲတော် မြစ်ကြီးနားတွင် ကျင်းပ

ပထမဆုံး လီဆူရိုးရာ နှစ်သစ်ကူးပွဲတော် မြစ်ကြီးနားတွင် ကျင်းပ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြန်မာတစ်နိုင်ငံလုံးရှိ လီဆူတိုင်းရင်းသားများ၏ နှစ်သစ်ကူး ရိုးရာပွဲတော်အား ပထမဦးဆုံးအကြိမ် ကျင်းပနေသည်။ ...

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြန်မာတစ်နိုင်ငံလုံးရှိ လီဆူတိုင်းရင်းသားများ၏ နှစ်သစ်ကူး ရိုးရာပွဲတော်အား ပထမဦးဆုံးအကြိမ် ကျင်းပနေသည်။

ပထမဆုံး မြန်မာတနိုင်ငံလုံးရှိ လီဆူတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူးပွဲတော် ကချင်ပြည်နယ် မြစ်ကြီးနားတွင်ကျင်းပ။ ဓါတ်ပုံ-ကချင်သတင်းဌါနပွဲတော်မှာ ဖေဖော်ဝါရီ ၁၅ရက်မှ ၄ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတဝန်းရှိ လီဆူများနှင့် ရပ်ဝေးမှ ထိုင်းလီဆူမျိုးနွယ်၊ တရုတ်ပြည်မှ လီဆူမျိုးနွယ်စသဖြင့် လာရောက် ပါဝင် ဆင်နွဲနေကြသည်။

ယခုလို နှစ်သစ်ကူးရိုးရာပွဲအား ပထမဦးဆုံးအကြိမ် ကျင်းပရခြင်းမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျအောင်နှင့် မြစ်ကြီးနားမြို့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းဇော်တို့မှ ကျင်းပခွင့်ပေးတာ ဖြစ်ကြောင်း ပွဲတာဝန်ရှိသူ တစ်ဦးပြောသည်။

“လီဆူရိုးရာ ထိန်းသိမ်းဖို့ရန်၊ ရိုးရာဝတ်စုံများကို သိဖို့ရန်နှင့် ခုဆို နိုင်ငံခြား ဝတ်စုံတွေကိုသာ အတုယူ ဝတ်ဆင်နေတာကြောင့် ကိုယ့်ရိုးရာကို မသိလာကြဘူး၊ ဒါကြောင့် ခုလိုကျင်းပတာ ဖြစ်တယ်” ဟု ပွဲတာဝန်ရှိသူမှပင် ပြောသည်။

ပွဲတက်ရောက်သူ ဦးရေမှာ ၂ သောင်းကျော်ရှိပါတယ်လို့ ဧည့်စာရင်းမှ သိရသည်။

“တစ်ခါမှ မတွေ့ဖူးတဲ့ လီဆူရိုးရာ ဝတ်စုံတော်တော်များများကို တွေ့ရတယ်၊ ပျော်လည်း ပျော်တယ်၊ လီဆူ ဆိုတဲ့ လူတော်တော်များကိုလည်း တွေ့ရတယ်၊ ဒီလောက်ရှိတယ်ဆိုတာ မသိခဲ့ဘူးလို့”  ပွဲတက်ရောက်သူ လီဆူ တစ်ဦးမှ ပြောသည်။