စစ်အစိုးရ တင်မြောက်သည့် ကချင်ပြည်နယ် ၀န်ကြီးချုပ်အား ကချင်များ လက်မခံ

စစ်အစိုးရ တင်မြောက်သည့် ကချင်ပြည်နယ် ၀န်ကြီးချုပ်အား ကချင်များ လက်မခံ
by -
KNG

မြန်မာစစ်အစိုးရ ထိန်းချုပ်သော ကချင်ပြည်နယ် လွှတ်တော်၌ ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ကချင်ဗုဓ္ဒဘာသာဝင် ဦးလဂျွန်ငန်ဆိုင်းအား ရွေးချယ် တင်မြောက်လိုက်ရာ ကချင်များ လက်ခံကြိုဆိုခြင်း မရှိ ...

မြန်မာစစ်အစိုးရ ထိန်းချုပ်သော ကချင်ပြည်နယ် လွှတ်တော်၌ ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ကချင်ဗုဓ္ဒဘာသာဝင် ဦးလဂျွန်ငန်ဆိုင်းအား ရွေးချယ် တင်မြောက်လိုက်ရာ ကချင်များ လက်ခံကြိုဆိုခြင်း မရှိကြောင်း သိရသည်။

စစ်အစိုးရမှ ရွေးချယ်တင်မြောက်တဲ့ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း။ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးမဂျွယ်မရိုင်ဒူဝါ လဂျွန်ငန်ဆိုင်းအား ရွေးချယ်ခြင်းသည် စစ်အစိုးရမှ ကချင်ပြည်နယ်အား ကချင်လူမျိုး ကိုယ်တိုင် အုပ်ချုပ်နေသည်ဟု ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခြင်းသာဖြစ်ကြောင်း ကချင်များ ထင်မြင်ထားသည်။

ဦးလဂျွန်ငန်ဆိုင်းအား မြန်မာစစ်အစိုးရမှ အဓိကခန့်အပ်ထားခြင်းသည် ကြံ့ဖွံ့ပါတီဝင်လည်းဖြစ် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူလည်းဖြစ်သည့် အလျောက် ပေးအပ်ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက် ကချင်ကျောင်းသား ခေါင်းဆောင်ဦးအောင်ဝါမှ သုံးသပ်သည်။

ထိုနည်းတူကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ လိုင်ဇာဌာနချုပ်မှ အရာရှိ တစ်ဦးမှလည်း “ခရစ်ယာန် ကချင်များကို ဦးဆောင်ရန် ဗုဒ္ဓဘာဘာဝင် ငန်ဆိုင်းကို ရွေးချယ်လိုက်ခြင်းဟာ အစိုးရသစ်က ယခင်အစိုးရဟောင်းများ ပြုလုပ်သည့်အတိုင်း ဗုဒ္ဓဘာသာသွတ်သွင်းခြင်း (Buddhism) အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်နေတာ ဖြစ်တယ်” ဟု ထိုင်းအခြေစိုက် ကချင်သတင်းဌာနသို့ ပြောဆိုခဲ့သည်။

နောက်ပြီး ပြီးခဲ့သည့်နှစ် စစ်အစိုးရ၏ ပြည်လုံးကျွတ်ရွေးကောက်ပွဲအား ခရစ်ယာန်များ၏ ဥပုဒ် တနင်္ဂနွေနေ့ (နိုဝင်ဘာဘ ရ၊ ၂၀၁၁) တွင် စီစဉ်ကျင်းပခဲ့ခြင်းသည် တိုင်းရင်းပေါင်းစုံမှီတင်းနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံရှိ ခရစ်ယာန်များအား ဘာသာရေးအရဖိနှိပ်ခြင်းဖြစ်ကြောင်းလည်း သူ့အမြင်သုံးသပ်သွားသည်။

ဦးငန်ဆိုင်း ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာခြင်းဖြင့် “ပြည်သူလူထုအတွက် အလားလာကောင်းဖြစ်ပေါ်ရန်၊ မျှော်လင့်ရန် မရှိကြောင်း” ကချင်အမျိုးသားကောင်စီ (Kachin National Council, KNC) နှင့် ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization, KNO) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင်နေထိုင်သူ ရှေ့နေဟောင်း ဦးခွန်ဆာမှ ရှုမြင်သည်။

“ငန်ဆိုင်းမှာ ကချင်လူထုအတွက် နိုင်ငံရေးအခွင့်အရေးတိုးတက်ဖို့ လုပ်ပိုင်ခွင့်အာဏာလုံးဝ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ စစ်အစိုးရအလိုကျ ပြဌါန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နဲ့ သူ့အထက်က နိုင်ငံတော်သမ္မတ၏ မျက်နှာကိုကြည့်ပြီး သူ့၏ညွှန်ကြားချက်အတိုင်း ကချင်ပြည်နယ်ကို အုပ်ချုပ်ရမှာမို့လို့ပါ။”

စစ်အစိုးရက ကချင်ပြည်နယ်တွင် မည်သည့်နိုင်ငံရေးအတိုက်အခံပါတီမျှမရှိအောင် တားမြစ်ချုပ်ချယ်ထားချိန် ဦးငန်ဆိုင်းမှ ကချင်ပြည်သူများ၏ သာယာဝပြောရေးဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း ကျောင်းသားခေါင်းဆောင်အောင်ဝါလည်းဆိုသည်။

နိုင်ငံတော်သမ္မတလောင်း ဦးသိန်းစိန်၏ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးလဂျွန်ငန်ဆိုင်းအား ရွေးချယ်တင်သွင်းချက်ပေါ် ပြည်နယ်လွှတ်တော်က အကန့်အကွက်မရှိ အတည်ပြုကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာ The New Light of Myanmar ၌ ဖော်ပြပါရှိသည်။

ဦးငန်ဆိုင်းသည်အင်ဂျင်နီယာနှင့် စီးပွားရေးလုပ်ငန်းဖြင့် ရပ်တည်နေသူဖြစ်သည်။ ၎င်း၏ ဖခင် လဂျွန်တူးခေါင် (ကွယ်လွန်) သည်လည်း ဗိုလ်ချုပ်နေဝင်း အာဏာမသိမ်းမီ ဦးနုပါလီမန်ခေတ် (၁၉၄၈-၁၉၆၂) တွင် အမျိုးသားလွှတ်တော်အမတ်ဖြစ်ခဲ့သည်။

ထို့ပြင် သူသည် ဦးနုပါလီမန်ခေတ် ဗမာလိုလားသူ ပထမဆုံးကချင်ပြည်နယ်ဥက္ကဋ္ဌ ဆမားဒူဝါဆင်ဝါးနောင် နှင့် ဆွေမျိုး တော်စပ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးရွေးကောက်ခံ ၀န်ကြီးချုပ် ဦးနုသည် ၁၉၅၈ ခုနှစ်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေငြာခဲ့ပြီး ဗမာလူမျိုးကြီးဝါဒကိုလည်း အစပြုခဲ့သည်။

ယခုလို လူများစုဗမာနှင့်ဗုဓ္ဒဘာသာဝင်ချင်းတူ ဦးလဂျွန်ငန်ဆိုင်းအား ခရစ်ယာန်ကချင်များ၏ ခေါင်းဆောင် ခန့်အပ်ခြင်းသည် “ဗမာလူမျိုးကြီးဝါဒ (Burmanization) နှင့် ဗုဓ္ဒဘာသာသွတ်သွင်းခြင်းဝါဒ (Buddhism)” ကို ထပ်မံ အကောင်အထည် ဖော်ဆောင်နေခြင်း ဖြစ်သည်ဟု KIO အရာရှိက သုံးသပ်သည်။

Most read this week