မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်နယ်လွှတ်တော် အမတ်နှစ်ဦးတို့အား ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်ရန် မွန်ပြည်နယ် လွှတ်တော်က သဘောတူကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဌ ကြေညာချက် ...
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်နယ်လွှတ်တော် အမတ်နှစ်ဦးတို့အား ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်ရန် မွန်ပြည်နယ် လွှတ်တော်က သဘောတူကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဌ ကြေညာချက်ကို ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားဖေါ်ပြသည်။
မွန်ပြည်နယ် လွှတ်တော် ပုံမှန်အစည်းအဝေး တတိယနေ့ကို မော်လမြိုင်မြို့၌ ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ပါတီက ဝန်ကြီး ၂ နေရာရမှာဆိုတော့ သိပ်မဆိုးလှဘူးလို့ဆိုရမှာပါ” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်တစ်ဦးက သုံးသပ်သည်။
အဆိုပါ မွန်ပြည်နယ်ဝန်ကြီးများအဖြစ် သဘောတူခံရသည့် မွန်အမတ်နှစ်ဦးမှာ ဒေါက်တာမင်းနွယ်စိုး(ခေါ်) ဦးထွန်းရီနှင့် နိုင်လဝီအောင်(ခေါ်) နိုင်မြင့်ဆွေတို့ ဖြစ်ကြသည်။
ဒေါက်တာမင်းနွယ်စိုးသည် မုဒုံမြို့နယ်၊အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်သည်။
နိုင်လဝီအောင်သည် ရေးမြို့နယ်၊အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး မွန်ပြည်သစ်ပါတီမှဗိုလ်မှူးကြီးအဆင့်ဖြင့် အနားယူခဲ့သူတစ်ဦးလည်း ဖြစ်သည်။
အလားတူ တစညပါတီဝင် သထုံမြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှိုင်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးမြင့်အောင် တို့သည်လည်း ပြည်နယ်ဝန်ကြီးများအဖြစ် သဘောတူညီကြောင်း သတင်းစာတွင် ဖေါ်ပြရေးသားသည်။
ထို့အပြင် ပြည်ခိုင်ဖြိုးအမတ်များဖြစ်ကြသည့် ဒေါက်တာလှဦး၊ ဒေါက်တာတိုးတိုးအောင်၊ ဒေါက်တာခင်မောင်သွင်၊ ဦးမျိုးညွန့်နှင့် ဦးဝင်းမော်ဦးတို့သည်လည်း ပြည်နယ်ဝန်ကြီးများအဖြစ် သဘောတူညီစာရင်းတွင် ဖေါ်ပြထားသည်။
၂၀၁၀ ဖွဲ့စည်းပုံအရ မကြာမီတွင်ပထမဦးဆုံး မွန်ပြည်နယ်အစိုးရနှင့်ဝန်ကြီးအဖွဲ့များ ပေါ်ပေါက်လာမည်ဟု ယူဆကြသည်။
အဆိုပါမွန်ပြည်နယ်ဝန်ကြီးများသည် မွန်ပါတီဝင်ဝန်ကြီးများမှလွဲ၍ မွန်စကားနှင့်မွန်စာပေ ပြောဆိုရေးသားတတ်သူ မရှိသလောက်ဖြစ်နေသည်ဟု လေ့လာသုံးသပ်ကြသည်။
“မွန်ပြည်နယ်လွှတ်တော်သာပြောတယ်၊ အမတ်တွေဆွေးနွေးကြတာကတော့ ဗမာလိုပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အမတ်အများစုဟာ မွန်မဟုတ်လို့ပေါ့” ဟု ၂၀၁၀ မွန်အမတ်တစ်ဦးက ပြောသည်။
မဆလခေတ် ၁၉၇၄ ဖွဲ့စည်းပုံအရ မွန်ပြည်နယ်အဖြစ် စတင်သတ်မှတ်ခဲ့သည်။
၁၉၄၇ ဖွဲ့စည်းပုံတွင် လက်ရှိမွန်ပြည်နယ်ကို တနင်္သာရီတိုင်း(၁) ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။