အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ရှပေါင်ယောင် မနောပွဲတော် ကျင်းပ

အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ရှပေါင်ယောင် မနောပွဲတော် ကျင်းပ
by -
KNG

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ အယူနာချာ ပရာဒေ့ရှ် ပြည်နယ်တွင် ဌါနေဆိန်းဖော် (မြန်မာပြည်တွင် ကချင် ဟုခေါ်သည်) လူမျိုးများ၏ ၂၇ ကြိမ်မြောက် ရိုးရာ “ရှပေါင်ယောင် မနောပွဲတော်ကြီး” အား ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ စတင် ...

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ အယူနာချာ ပရာဒေ့ရှ် ပြည်နယ်တွင် ဌါနေဆိန်းဖော် (မြန်မာပြည်တွင် ကချင် ဟုခေါ်သည်) လူမျိုးများ၏ ၂၇ ကြိမ်မြောက် ရိုးရာ “ရှပေါင်ယောင် မနောပွဲတော်ကြီး” အား ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ စတင်ကျင်းပခဲ့သည်။

မြန်မာပြည်တွင် ကချင်မနောပွဲတော်အား ထိန်းချုပ်မှုအောက်တွင် ကျင်းပရသော်လည်း အိန္ဒိယအရှေ့မြောက်ပိုင်း၊ အယူနာချာပရာဒေ့ရှ်ပြည်နယ် ရှပေါင်ယောင်မနောပွဲတော်အား ယခုလို လွတ်လွတ်လပ်လပ် ကျင်းပနေပုံ။ ဓါတ်ပုံ - ကချင်သတင်းဌာနပွဲတော်သို့ အိမ်နီးချင်း မြန်မာနိုင်ငံမှ လာရောက်သူ သွေးသားချင်း ကချင်ဧသည် ၁၀၀ ကျော်ရှိကြောင်း သိရသည်။

ကချင်လူမျိုးတို့၏ ထင်ရှားသောလက္ခဏာ မနောပွဲတော်ကို ကချင် မျိုးနွှယ်စုများ အဓိက ပျံ့ကျဲ နေထိုင်ကြသည့် မြန်မာ၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများ တွင် နှစ်စဉ်ကျင်းပလေ့ ရှိသည်။

“ကျနော်တို့ဟာ အားလုံး ပါ၀င်ဆင်နွှဲကြတဲ့ မနောပွဲတော်ကြီးမှာ အချင်းချင်း ဆုံတွေ့နိုင်ကြတာ ဆိုတော့ ဒါကို ကျင်းပနိုင်ဖို့ အင်မတန် အရေးကြီးတယ်။” ဟု ဆိန်းဖော (Singpho) ယဉ်ကျေးမှု ဥက္ကဋ္ဌ ပီဆာလတ်နောင် ပြောသည်။

ယခု ရှပေါင်ယောင် မနောပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁၃ မှ ၁၅ ရက်ထိ အယူနာချာ ပရာဒေ့ရှ်ပြည်နယ်၊ ချန်လန်ခရိုင်၊ ဘွမ်ဒွမ်ဆာ (Bau Dumsa) တွင် ကျင်းပပါသည်။

အိန္ဒိယအစိုးရမှ အထူးဧည့်သည်တော် ရှာရှ့်ရာရှဘာပါလီမန်အမတ် သီရိမူကွတ်မထီ (အယူနာချာပရာဒေ့ရှ်ပြည်နယ် ၀န်ကြီးဟောင်း)၊ လုခ်ရှဟာပါလီမန်အမတ် သီရိနီနောင်ဧရင် နှင့် ပြည်သူ့ကျန်းမာရေးအင်ဂျင်နီယာဌာနဝန်ကြီး ချောနာမင်း တို့လည်း ပွဲတော်သို့ တက်ရောက်ခဲ့သည်။

ဒေသအတွင်း မူးယစ်ဆေးဝါးပြဿနာ နှင့် နာဂလက်နက်ကိုင်အဖွဲ့ (National Socialist Council of Nagaland, NSCN) ၏ လှုပ်ရှားမှုသည် ဆိန်းဖောတို့အား အဓိက ခြိမ်းခြောက်နေသည်ဟု ဒေသခံလူကြီးများ ပြောသည်။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN) အား ခါပ်လန် က ၁၉၈၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ကချင်မျိုးနွှယ်များ အများစုနေထိုင်သည့် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် ပြီးခဲ့သည့်လ ဇန်နဝါရီ ရ မှ ၁၁ ရက်ထိ “၆၃ နှစ်ပြည့် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး” ကို ကျင်းပခဲ့သော်လည်း မြန်မာစစ်အာဏာပိုင်များ၏ တိုက်ရိုက်ထိန်းချုပ်၊ ဦးဆောင်မှုအောက်တွင် ကျင်းခဲ့ရခြင်းဖြစ်သည်။

သို့သော်လည်း ယခုကျင်းပသည့် အိန္ဒိယ အယူနာချာပရာဒေ့ရှ် ရှပေါင်ယောင်မနောပွဲတော်ကြီးကို ဌါနေ ဆိန်းဖောများ လွတ်လွတ်လပ်လပ် ဦးဆောင် ကျင်းပခြင်းဖြစ်သည်။