ထိုင်း-မြန်မာ နယ်စပ်ဘုရားသုံးဆူမြို့နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့သို့ ပွင့်လင်းရာသီများ၌ နှစ်စဉ်ပုံမှန်အတိုင်း မော်တော်ကားများ ပြေးဆွဲနေသည်ကို ယခုအခါတွင် ခွင့်မပြုနိုင်သေးကြောင်း ...
ထိုင်း-မြန်မာ နယ်စပ်ဘုရားသုံးဆူမြို့နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့သို့ ပွင့်လင်းရာသီများ၌ နှစ်စဉ်ပုံမှန်အတိုင်း မော်တော်ကားများ ပြေးဆွဲနေသည်ကို ယခုအခါတွင် ခွင့်မပြုနိုင်သေးကြောင်း ကေအဲန်ယူ တပ်မဟာ(၆) အရာရှိတစ်ဦးက ကောင်းဝါ သတင်းဌာနသို့ ပြောကြားခဲ့သည်။
“အခြေအနေတွေက စိတ်ချရသေးတာ မဟုတ်ဘူး၊ ဒါကြောင့် အဓိကကျတဲ့ ဒီသေမင်းတမန် လမ်းကြောင်းကို ပိတ်ထားရတာ ဖြစ်တယ်” ဟု အဆိုပါအရာရှိက ပြောသည်။
သို့ရာတွင် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးကားလမ်း၊ ဘုရားသုံးဆူ-ခလယ်၊တံခွန်တိုင်ကားလမ်း (မုဒုံမြို့သို့သွားရာလမ်းကြောင်း)အား ယမန်နေ့မှစတင်သွားလာခွင့်ပြုခဲ့သော်လည်း လာမည့်ဖေဖေါ်ဝါရီလ(၂၇) ရက်နေ့အထိသာ မော်တော်ယာဉ်များသွားလာခွင့်ပြုမည်ဟု အဆိုပါအရာရှိပြောပြချက်အရ သိရသည်။
“ကားတွေပြေးဆွဲခွင့်ရပြီးဆိုလို့ ဘုရားသုံးဆူမှာအတော်လေး လှုပ်လှုပ်ရွရွဖြစ်သွားတာ၊ ဒါပေမယ့် သံဖြူဇရပ်ကို တိုက်ရိုက်သွားခွင့်မရတော့ အဆင်မပြေပါဘူး” ဟု အမည်မဖေါ်လိုသောမော်တော်ကား ဂိတ်မှူးတစ်ဦး ပြောသည်။
နယ်စပ်မှပြည်တွင်းသို့ ဆက်သွယ်ရာတွင်အတိုဆုံးလမ်းကြောင်းဖြစ်သည့် ဘုရားသုံးဆူ-သံဖြူဇရပ် မော်တော်ကားလမ်းသည် ၆ဝ မိုင်နီးပါးခန့်ရှိသည်ဟု သတ်မှတ်မိုင်တိုင်များအရ သိရသည်။ ထိုလမ်းကြောင်း အားလုံးနီးပါးခန့်သည် ကေအဲန်ယူတပ်မဟာ(၆) ထိန်းချုပ်ရာ နယ်မြေတွင် တည်ရှိနေသည်။
အဆိုပါ လမ်းကြောင်း၌ မြစ်ချောင်းများစွာ စီးဆင်းနေသဖြင့် မိုးရာသီအတွင်း မော်တော်ယာဉ်များ လုံးဝမသွားလာနိုင်ပေ။
ယခုအခါ ပြည်တွင်းဖက်သို့သွားလာမှုခက်ခဲနေမှုကြောင့် ဘုရားသုံးဆူမြို့မှ ရေးမြို့သို့ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ တောင်ပေါ်လမ်းများမှတဆင့် ခရီးသည်တင်မော်တော်ကားများ အများအပြားသွားလာနေသည်ကို ယခင်နှစ်များနှင့်မတူ တွေ့ရှိနေရသည်။
ယခင် ပွင့်လင်းရာသီများ၌ ဘုရားသုံးဆူနယ်စပ်မြို့မှ ရေးမြို့၊ သံဖြူဇရပ်မြို့၊ မုဒုံမြို့၊ ကြာအင်းဆိပ်ကြီးမြို့သို့ မော်တော်ကားများဖြင့် သွားလာနိုင်သည်။
ထိုလမ်းကြောင်းများအနက် ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းသည် ခရီးသွားအများဆုံးလမ်းမကြီးလည်း ဖြစ်သည်။
၁၉၉ဝ ခုနှစ်တွင် မြန်မာစစ်အစိုးရတပ်ဖွဲ့မှ ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းကို မော်တော်ယာဉ်များပြေးဆွဲနိုင်ရန် စီစဉ်ခဲ့သည်ဟု သတင်းမှတ်တမ်းများအရသိရသည်။
အဆိုပါ မော်တော်ကားလမ်းသည် တောင်ကြားလမ်းဖြစ်ပြီး ဂျပန်ခေတ်၊ ဘုရားသုံးဆူ-သံဖြူဇရပ် သေမင်းတမန်မီးရထားလမ်းနှင့် ယှဉ်လျှက်တည်ရှိသည်။