အသားညိုညို အရပ်မမြင့်တမြင့်နဲ့ အသက် ၂ဝ ရှိပြီ ဖြစ်တဲ့ ခွန်းလခွီးဟာ မကြာခင် ရက်အနည်းငယ်မှာဘဲ ဒုက္ခသည်ဘဝကနေ လွတ်မြောက်တော့မှာပါ။ ...
အသားညိုညို အရပ်မမြင့်တမြင့်နဲ့ အသက် ၂ဝ ရှိပြီ ဖြစ်တဲ့ ခွန်းလခွီးဟာ မကြာခင် ရက်အနည်းငယ်မှာဘဲ ဒုက္ခသည်ဘဝကနေ လွတ်မြောက်တော့မှာပါ။ သူအခု လက်ရှိ နေထိုင်နေတဲ့ ထိုင်း-မြန်မာနယ်စပ် - ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းထဲကနေ တတိယနိုင်ငံပြန်လည်အခြေချနေထိုင်ရေး အစီအစဉ်နဲ့ အမေရိကန်နိုင်ငံကို ထွက်ခွာသွားရတော့မှာ ဖြစ်ပါတယ်။
ဒုက္ခသည်ဘဝကနေ အမေရိကန်မှာ ဘဝအသစ်တဖန် စတင်ရတော့မှာမို့ ခွန်းလခွီးအတွက် ဘဝတသက်တာမှာ အကြီးမားဆုံးသော ပြောင်းလဲမှုကြီးတခုဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမှုနဲ့ ရင်ခုန်သံတွေက သူ့ရဲ့မျက်ဝန်းမှာ အလိုလိုပေါ်လွင်နေတာကတော့ အမှန်ပါဘဲ။
ဒုက္ခသည်ကနေ လွတ်မြောက်ပြီး ဘဝသစ်ကို ပြန်လည်ထူထောင်တဲ့ အခွင့်အရေးရရှိသူတိုင်း ကျေနပ်ပျော်ရွှင်နေကြစမြဲပါ။ ဒါပေမယ့်လို့ လခွီးအတွက်တော့ အဲဒီလိုမျိုး မဟုတ်ပါဘူး။ နှစ်နဲ့ချီပြီး တစ်ဆောင်ထဲနေ၊ တစ်အိုးထဲစား၊ တစ်ကျောင်းထဲ အတူတက်ပြီး ပညာတွေအတူ ဆည်းပူးခဲ့ကြတဲ့ ဘဝတူသူငယ်ချင်းတွေနဲ့ အပြီးအပိုင် ခွဲခွာမယ့် ဆုံးဖြတ်ချက်ကို ချရမှာဖြစ်တဲ့အတွက် သူဝမ်းနည်းနေမိတယ်။
“ကျနော် သူငယ်ချင်းတွေနဲ့ ခွဲခွာရတော့ စိတ်မကောင်းမိပါဘူး။ ကျနော် ကျောင်းအတူတူ တက်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေ ပျော်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေကို ခွဲရတော့ ကျနော် တချက် ဝမ်းနည်းမိတယ်ပေါ့နော်”
မကြာခင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းကနေ အမေရိကန်ကို အပြီးအပိုင် ထွက်ခွာသွားရတော့မည့် လခွီးက ပြောဆိုပါတယ်။
လခွီးဟာ ကရင်နီမျိုးနွယ်စုထဲက ကယန်းတိုင်းရင်းသားတဦးဖြစ်ပြီး သူဟာ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းထဲရှိ ကရင်နီခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုကျောင်း KLMC မှာ နောက်ဆုံးနှစ်အဖြစ် ပညာသင်ယူနေတဲ့ ကျောင်းသားတဦး ဖြစ်ပါတယ်။ KLMC ကျောင်းမှာ ပထမနှစ်နဲ့ ဒုတိယနှစ် ဆိုပြီး နှစ်တန်း ထားရှိပါတယ်။ ကျောင်းသူကျောင်းသား အယောက် ၄ဝ ကျော် ပညာသင်ယူနေကြတဲ့ KLMC ကျောင်းဟာ တနှစ်တနှစ် ရာနဲ့ချီပြီး အထက်တန်းကျောင်းကို အောင်လာတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ပညာဆက်လက်သင်ယူနိုင်ဖို့ အပြိုင်အဆိုင် ဝင်ရောက်ဖြေဆိုရတဲ့ ကျောင်းတကျောင်းလည်း ဖြစ်ပါတယ်။
လခွီးရဲ့ဇာတိမှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဒေါကေးကျေးရွာဖြစ်ပါတယ်။။ သူအသက် ရ နှစ်သား အရွယ်လောက်မှာ မိခင်ဆုံးပါးသွားခဲ့ရတယ်။ နိုင်ငံရေး၊ စစ်ရေးမတည်မငြိမ်ဖြစ်နေတဲ့ ကရင်နီပြည်မှာ သူ့ဖခင်၊ညီငယ်နှမငယ်တို့နဲ့ ဘဝကိုရုန်းကန်ရင်း ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ ၂ဝဝဝ ခုနှစ်က ရောက်ရှိလာခဲဲ့ပါတယ်။ ပြီးနောက် ပြန်လည်အခြေချရေး အစီအစဉ် ခေါ်ယူတဲ့ အမေရိကန်နိုင်ငံကို လျှောက်ထားပြီး အင်တာဗျူးတဆင့်ပြီးတဆင့် အောင်မြင်ကာ ယခုလက်ရှိမှာ အမေရိကန်သို့ ထွက်ခွာသွားရမယ့် အဆင့်ရှိနေခြင်းဖြစ်ပါတယ်။
“ကျနော် အနောက်ဘက်ကမ်းမှာ နေတုန်းက ကျနော် ဗမာစကားတောင် မတတ်ဘူး။ အင်္ဂလိပ်တခွန်းတောင်မှ မပြောရဘူး။ စာလည်း ကောင်းကောင်းမသင်ရဘူး။ ဒီမှာ ရောက်လာတာနဲ့ အခြေခံနည်းနည်းရတယ်။ အမေရိကန်မှာ ရောက်ရင် ပိုပြီး အမြော်အမြင် ပိုကျယ်လာမယ်လို့ ကျနော် ယုံကြည်တယ်လေ” လို့ လခွီးက သူမျှော်လင့်ထားတာကို ဖွင့်ပြောပါတယ်။
လခွီးအနေဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချနေထိုင်တဲ့ အကြောင်းရင်းဟာ ဒုက္ခသည်စခန်းမှာ နေထိုင်ချိန် ရေရှည်ဘဝအာမခံချက်က မသေမချာဖြစ်နေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
“အခွင့်အရေး ရသလောက်ပေါ့ အချိန်ရှိရင်လည်း ကျောင်းတက်မယ်။ အလုပ်လုပ်ချိန် ရှိရင်လည်း အလုပ်လုပ်မယ် အဲဒါပဲ ရှိတော့မယ် ထင်တယ်။ အဒါတော့ အချိန်ပိုင်းမှာ မူတည်တယ်ပေါ့။ ဒါပေမဲ့ ဟိုးမှာ ရောက်ရင် အရာရာတိုင်းမှာ ကြိုးစားရမယ်ပေါ့နော်။ ကျနော် အနေနဲ့ ဘာမဆို ရုန်းကန်ရမှာပေါ့နော်” လို့ လခွီးက ပြောပါတယ်။
အလားတူ ကရင်နီခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုကျောင်းမှာ ပညာသင်ယူနေတဲ့ အသက် ၂ဝ နှစ် ရှိပြီ ဖြစ်တဲ့ ကျောင်းသူ ဖရေမယ်ကလည်း တတိယနိုင်ငံသို့ လျှောက်ထားပြီး သူမဟာ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွင်းမှာ နေထိုင်စဉ် စားဝတ်နေရေးနဲ့ ပညာရေးတို့က ရေရှည်အတွက် အဆင်မပြေမှုတွေရှိနေပြီး မျှော်လင့်ချက် ကင်းမဲ့တဲ့အတွက်ကြောင့် လျှောက်ထားရခြင်း ဖြစ်တယ်လို့ ပြောဆိုပါတယ်။
“ဒီထိုင်းနိုင်ငံမှာ လာနေတာလည်း လူများ ယာယီနဲ့ပဲ ပေးနေတယ်။ ဒီမှာ နေရတာ ကျမ တစ်ယောက် အနေနဲ့ဆို ပညာရေးနဲ့ စားဝတ်နေရေးလည်း အဆင်မပြေဘူး။ ဒီထိုင်းနိုင်ငံမှာ နေတာ အခွင့်အရေး တအား နည်းတယ်” လို့ ဖရေမယ်က ပြောပါတယ်။
ဖရေမယ်ဟာ တတိယနိုင်ငံသို့ ရောက်ရှိလျှင် ဒုက္ခသည်စခန်းတွင်းမှာ နေတာထက် သူ့အတွက် လွတ်လပ်မှုနဲ့ အခွင့်အရေးတွေ ပိုမိုရရှိစေလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
“ကျမ အမေရိကန်ရောက်သွားလို့ရှိရင် ပညာရေးလည်း ပိုအဆင်ပြေမယ်။ နောက်ပြီး အခွင့်အရေးလည်း ရှိတယ်။ ကျမ ကျောင်းသွားတက်မယ်လို့ မျှော်လင့်ထားတယ်။ ကျမအတွက် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ထားတယ်” လို့ သူမရဲ့ မျှော်လင့်ချက်ကို ဖွင့်ဟပါတယ်။
ကရင်နီဒုက္ခသည်စခန်းတွင်းမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသူ၊ကျောင်းသားများဟာ တတိယနိုင်ငံသို့ လျှောက်ထားသူများနဲ့ ကျောင်းတဝက်တပျက် တက်ခဲ့ပြီး ထွက်သွားသော ကျောင်းသူကျောင်းသား တော်တော်များများ ရှိနေတယ်လို့လည်း မကြာခဏဆိုသလို ကြားသိနေရပါတယ်။ တတိယနိုင်ငံမှာ ပညာတွေ ဆက်လက်သင်ယူနိုင်ဖို့ ရေရှည်အခွင့်အလမ်းကို မျှော်လင့်ကြတဲ့အနေနဲ့ ထွက်သွားရခြင်းဖြစ်တယ်လို့လည်း များသောအားဖြင့် ပြောဆိုသံတွေ ကြားရပါတယ်။
ကရင်နီခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ကျောင်းကို ပြီးဆုံးအောင် မတက်ခဲ့ရဘဲ အမေရိကန်နိုင်ငံသို့ မျှော်လင့်ချက်များနဲ့အတူ ယနေ့ ထွက်ခွာသွားခဲ့တဲ့ လခွီးဟာ အရှေ့မှာ ရောက်ရင် သူမျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာပါ့မလား၊ မဖြစ်လာဘူးလား ဆိုတာကိုတော့ ဘယ်သူမှ တတ်အပ် မပြောနိုင်သေးပါဘူး။
နယ်စပ်ဒုက္ခသည်စခန်းတွေမှာက လခွီးနှင့် ဖရေမယ်တို့လို လူငယ်လေးတွေအတွက်က ရေရှည်မှာတွေးကြည့်လိုက်ရင် ဘဝတွေက နေမမြင်ကမ်းမမြင်လိုပါဘဲ… ဘာတခုမ ှသေချာလှသည်မဟုတ်။ ကိုယ့်တိုင်းကိုယ့်ပြည်ကို ပြန်ရမလားဆိုပြန်တော့လည်း ပြီးသွားခဲ့တဲ့ ရွေးကောက်ပွဲကလည်း စစ်အုပ်စုများကသာ ဖန်တီးလုပ်ယူထားတဲ့အတွက် ယခုဆိုရင် ထိုင်းနိုင်ငံဘက်ကို လာရောက်အလုပ်ရှာသူနဲ့ ဒုက္ခသည်စခန်းတွေဘက်ကိုလည်း ထွက်ပြေးလာသူတွေ တပုံတပင်ကြီးပါဘဲ။
လခွီးနဲ့ ဖရေမယ်တို့လို ဒုက္ခသည်စခန်းက လူငယ်တွေအတွက်တော့ သူတို့တွေရဲ့ ရေရှည်ဘဝတရပ်တည်သွားနိုင်ရေးဟာ တတိယနိုင်ငံလျှောက်ထားခြင်းမှလွဲလို့ တခြားမည်သည့်အခွင့်အလမ်းမှ သေသေချာချာမရှိဘူးဆိုတာကိုတော့ သူတို့တတွေဘဲ အသိဆုံးဖြစ်မှာပါ။
ဒါကြောင့်မို့လို့လည်း လခွီးတို့လို လူငယ်လေးတွေ သူတို့အင်မတန်မှ ခင်တွယ်ခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ ဒုက္ခသည်စခန်းက သံယောဇဉ်တွေကို ကျောခိုင်းပစ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်တွေ ချခဲ့ရတာဘဲမဟုတ်လား…
(စာရေးသူ ထွားမယ်နှင့် ကျဲမယ်တို့မှာ ကရင်နီ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုကျောင်းသူများ ဖြစ်ပြီး ကေတီတွင် အလုပ်သင်ဝင်ရင်း ရေးသားခဲ့သော ဆောင်းပါးဖြစ်ပါသည်။)