သောင်းကျန်းသူ အသုံးအနှုန်း သတင်းစာဖေါ်ပြချက်မှာ အံ့သြစရာ မဟုတ်ဟု မွန်ပြည်သစ်ပါတီမှ ပြော

သောင်းကျန်းသူ အသုံးအနှုန်း သတင်းစာဖေါ်ပြချက်မှာ အံ့သြစရာ မဟုတ်ဟု မွန်ပြည်သစ်ပါတီမှ ပြော
by -
ဆူးပန်း

တိုင်းရင်းသား အပစ်ရပ် လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီ အပေါ်တွင် သောင်းကျန်းသူဟု သောကြာနေ့ ထုတ်ဝေသော သတင်းစာထဲ၌ ပထမဦးဆုုံးအကြိမ် ဖေါ်ပြ ...

တိုင်းရင်းသား အပစ်ရပ် လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီ အပေါ်တွင် သောင်းကျန်းသူဟု သောကြာနေ့ ထုတ်ဝေသော သတင်းစာထဲ၌ ပထမဦးဆုုံးအကြိမ် ဖေါ်ပြထားသည့်အပေါ်  အံ့သြစရာ မဟုတ်သလို ထူးထူး ခြားခြား မခံစားရဘူးဟု မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာမှ ပြောပါသည်။

Nai_Hong_Sarသတင်းစာထဲတွင် ဖေါ်ပြထားသည်မှာ  မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မဲတရိုကျေးရွာ၌ ဇန္နာဝါရီလ(၃၁) ရက်နေ့တွင် မွန်သောင်းကျန်းသူ အဖွဲ့နှစ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွါးရာမှ အပြစ်မဲ့သည့် ပြည်သူတစ်ဦး သေဆုံးသွား သည်ဟု ဖေါ်ပြထားပါသည်။ အဆိုပါ သောင်းကျန်းသူများနောက်ကို တပ်မတော် စစ်ကြောင်းများမှ လိုက်လံ ရှင်းလင်း နေသည်ဟုလည်း ရေးသားထားပါသည်။ ယခုလို သောင်းကျန်းသူဟု ရေးသား ဖေါ်ပြထားသည့်အပေါ် မွန်ပြည်သစ်ပါတီ ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ နိုင်ဟံသာကို ဆက်သွယ် မေးမြန်းရာတွင် ယခုလို ပြောပါသည်။

“ကျွန်တော်တို့မွန်ပြည်သစ်အပေါ်မှာ လက်နက်ကိုင်သောင်းကျန်းသူလို့သုံးနှုန်းထားတာဟာ အဲဒီအတွက် ကတော့ ကျွန်တော်တို့အနေနဲ့ မအံ့သြသလို တဖက်ကလည်းထူးထူးခြားခြားတော့မခံစားမိပါဘူး။ ဘာကြောင့်လဲ ဆိုရင် သူတို့အနေနဲ့က ကျွန်တော်တို့အင်အားကိုဖျက်စီးဖို့ ကျွန်တော်တို့ရဲ့နိုင်ငံရေးအဆင့်နေရာကို  ဖြိုဖျက်ဖို့ အတွက်ကို ကျွန်တော်တို့တပ်တွေကို နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အသွင်ပြောင်းဖို့ အဲဒီကနေ ကျွန်တော်တို့အင်အားကိုဖြိုဖျက်ဖို့ သူတို့သွင်းတဲ့ပုံစံကိုကျွန်တော်တို့မလိုက်တော့ ကျွန်တော်တို့အပေါ်မှာ ဒီလို သဘောထားမယ်ဆိုတာ ကျွန်တော်တို့တွက်ထားပြီးသားပါ။

ယခုလိုစစ်အစိုးရမှ မွန်ပြည်သစ်ပါတီအပေါ် သောင်းကျန်းသူဟု အခေါ်အဝေါ်ပြောင်းလဲသုံးနှုန်းခြင်းသည် ပါတီအပေါ်သဘောထားပြောင်းလဲခဲ့ပြီးလားဆိုသည့်မေးခွန်းအပေါ် ပါတီအတွင်းရေးမှူးနိုင်ဟံသာမှ ယခုလိုဖြေကြား သွားပါသည်။

“ပြောင်းလဲတာက အခုမှမဟုတ်ပါဘူး။ တပ်အသွင်ပြောင်းဖို့ဆိုတဲ့ဟာကို ကျွန်တော်တို့လက်မခံကတည်း က ဒီအမြင်ရှိပြီးသားပါ။ ဒါပေမဲ့သူတို့က အိန္ဒြေဆောင်ပြီးတော့ပေါ့ဗျာ။ မပြောတာဘဲရှိမယ်။ အခုတော့ဟန်မ ဆောင်နိုင်တဲ့အနေအထားမှာ ပေါက်ထွက်လာတဲ့သဘောပါ။”

ဇန္နာဝါရီလကုန်လောက်တွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ဗို်လ်ကြီးကျော်ဦးစီးတပ်ဖွဲ့နှင့် မွန်လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ကျိုက်မရောမြို့နယ်၊မဲတရိုကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပါွးခဲ့ ရာ အရပ်သားတစ်ဦး ထိခိုက်မှုဖြစ်ပွါးခဲ့သည်ဟု ဒေသခံမွန်ပြည်သစ်ပါတီဝင်တစ်ဦးမှ အတည်ပြုပြောကြားခဲ့ပါ သည်။

အဆိုပါမွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့သည် (၂၀၀၉)ခုနှစ်လောက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး မွန်ပြည် သစ်ပါတီ အခြေချထားသည့် ဒေသတွင် ၀င်ရောက် လှုပ်ရှားခဲ့ရာမှ အခုလို ထိပ်တိုက် လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွါး ခဲ့သည်ဟု ဆိုပါသည်။

မွန်ပြည်သစ်ပါတီကို သောင်းကျန်းသူဟု ခေါ်ဝေါ်သုံးစွဲလိုက်ခြင်းသည် စစ်အစိုးရ၏ သဘောထား ပြောင်းလဲမှုဖြစ်နိုင်သည်ဟုလည်း နယ်စပ်စစ်ရေးအကဲခတ်သူများမှပြောပါသည်။ (၂၀၁၀)ခုနှစ် အောက်တိုဘာ (၁၄)ရက်ထုတ်သတင်းစာတွင်လည်း  ကေအိုင်အိုခေါ် ကချင်လွတ်လပ်ရေးအဖွဲ့ကို သောင်းကျန်းသူဟု ရေးသား ဖေါ်ပြခဲ့မှုလည်းရှိနေခဲ့ပါသည်။

Most read this week