ALP ရခိုင်ပြည် လွတ်လပ်ရေး လမ်းစဉ် ယတိပြတ် ပြည်သူရှေ့မှောက် ကျေညာပြီ

ALP ရခိုင်ပြည် လွတ်လပ်ရေး လမ်းစဉ် ယတိပြတ် ပြည်သူရှေ့မှောက် ကျေညာပြီ
by -
မင်းဆက်ခိုင်

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP မှ ခေါင်းဆောင်းများနှင့် မလေးရှားနိုင်ငံရောက် ရခိုင်ပြည်သူများ တွေ့ဆုံပွဲ တရပ်ကို ယခုလ ၆ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Wisma Belia ခန်းမတွင် ကျင်းပ ...

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP မှ ခေါင်းဆောင်းများနှင့် မလေးရှားနိုင်ငံရောက် ရခိုင်ပြည်သူများ တွေ့ဆုံပွဲ တရပ်ကို ယခုလ ၆ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Wisma Belia ခန်းမတွင် ကျင်းပရာ ALP ပါတီ၏ ရည်မှန်းချက် ပန်းတိုင်မှာ ရခိုင်ပြည် လွတ်လပ်ရေးသာ ဖြစ်ကြောင်း တရားဝင် ပါတီခေါင်းဆောင်များက ကျေညာပြောကြားခဲ့့သည်ဟု သိရသည်။

ALP-convention-in-Malaysiaအဆိုပါ ပြောကြားမူကို တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူ ပါတီ ဒုဥက္ကဌ ခိုင်မျိုးမင်းနှင့် ပါတီ အထွေအထွေ အတွင်းရေးမှူး စောမြရာဇာလင်း တို့က တက်ရောက်လာသူများကို အပြန်အလှန် မေးမြန်းစဉ် ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း ALP(မလေးဌာနခွဲ) အတွင်းရေးမှူး ခိုင်ဇော်မိုးက ပြောသည်။

“အခုလက်ရှိ တိုင်းရင်းသားပါတီတွေ ဖွဲ့ထားတဲ့ မဟာမိတ် အဖွဲ့ထဲမှာ ALP ပါတီအနေနဲ့ ပါဝင်ခြင်း မရှိတာနဲ့ ပတ်သက် ပြီးတော့ တက်ရောက်လာသူတွေက မေးမြန်းကြပါတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေက ALP ဟာ ဖက်ဒရယ်နဲ့ သွားနေတာ မဟုတ်တဲ့ အကြောင့်၊ ပြီးတော့ ALPဟာ အရင်ကတည်းက NDF ထဲမှာ ပါဝင်ပြီးသား ဖြစ်ပါတယ်။ NDF ထဲမှာ ပါဝင်တယ်ဆိုတာကလည်း တယောက်ကို တယောက် လေးစား ယုံကြည်မှုရှိတယ်။ တယောက်ကိုတယောက် အသိမှတ် ပြုတဲ့ အတွက်ဖြစ်ပါတယ်။ ALP ဟာ ရခိုင်ပြည် လွတ်မြောက်ဖို့နဲ့ ရခိုင့် အချုပ်အချာ အာဏာ ပြန်လည်ရရှိဖို့ အတွက် သွားနေတာဖြစ်တဲ့ အတွက်ကြောင့် ALP အပေါ်မှာ တခြား ဖက်ဒရယ် ထူထောင် လိုတဲ့ တိုင်းရင်းသားပါတီတွေက အသိအမှတ်ပြုရင် ALP ကလည်း အသိမှတ်ပြုပါတယ်။ တကယ်လို့ ALP ကို လက်နက်ကိုင် တပ်မတော်တခုလို့ အသိမှတ်မပြုရင် ALP အနေနဲ့လည်း ပြုမှာ မဟုတ်ဘူး။ ဒါကြောင့် ALP ဟာ မည်သည့် လူမျိုး အဖွဲ့အစည်းကိုမှ အားမကိုးပဲနဲ့ ရခိုင်လူထု အပေါ် အဓိက အခြေခံပြီး အင်အားကြီးထွား လာအောင် တည်ဆောက် ပြီးတော့ ရခိုင်ပြည် လွတ်မြောက်ရေးကို ချီတက် သွားမယ်။ စစ်ရေး မြင့်တင်တဲ့နေရာမှာ ရခိုင်ပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်ဆိုတဲ့ အကြောင်း တွေကို ပြောခဲ့ပါတယ်။”

ALP-convention-in-Malaysia_pic2၎င်းပြင် သူက “ တက်ရောက်လာတဲ့ ရခိုင်အမျိုးသားတွေကို ကျနော်တို့ရဲ့ ခေါင်းဆောင်တွေက ဖက်ဒရယ်ကို လိုချင်လား လွတ်လပ်ရေး Independence ကို လိုချင် သလားလို့ မေးတဲ့အခါ တက်ရောက် လာသူတွေက Independence ၊ Independence လို့ သုံးကြိမ်သုံးခါ အော်ဟစ် ဖြေကြားခဲ့ကြပါတယ်။”

အဆိုပါ အခမ်းအနားကို မလေးရှားနိုင်ငံတွင် ရောက်နေကြသော ရခိုင် အလုပ်သမား ၅၀၀ ခန့် တက်ရောက်ခဲ့ပြီး ALP ခေါင်းဆောင်းများအား လက်ရှိ မြန်မာနိုင်ငံအရေး၊ ရခိုင်ပြည် အရေးများနှင့် ပတ်သက်ပြီး အပြန်အလှန်မေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ အခမ်းအနားကို မလေးရှားတွင် ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ခိုင်မိုးဇော်က ယခုကဲ့သို့ ဆက်ပြောသည်။

“ကျွန်နော်တို့ အခုလို ကျင်းပရတာက မလေးရှားရောက် ရခိုင်တွေနဲ့ နိုင်ငံတကာမှာ ရောက်ရှိ နေကြတဲ့ ရခိုင်ပြည်သူတွေ အမျိုးသားရေး စိတ်ဓာတ် ရှင်သန် ထက်မြက် လာဖို့နဲ့ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ နအဖစစ်အုပ်စုက တရာမဝင် ရွေးကောက်ပွဲကြီး ပြုလုပ် သွားခဲ့တာကို ရခိုင်သူ ရခိုင်သားတွေက နားလည်သိရှိဖို့၊ နောက်ပြီးတော့ ရခိုင်ပြည်သူတွေ သူ့ကျွန်ဘဝက လွတ်မြောက်ဖို့အတွက် စစ်ဆင်ရေးတွေ မြှင့်တင်လာတဲ့ အခါ ပြည်သူတွေအနေနဲ့ ဘယ်လို အခန်းကဏ္ဍတွေက အမျိုးသားရေးစစ်ပွဲကို ပါဝင်လာနိုင်ဖို့နဲ့ နောက်တ ချက်က ရခိုင်ပြည် လွတ်မြောက်အတွက် ရခိုင်ပြည်သူ ပြည်သားတွေအားလုံး ပူးပေါင်းပါဝင် လာနိုင်ရန် အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်။”

အခမ်းအနားကို ALP ပါတီမှ ဒု-ဥက္ကဌ(၂) ခိုင်မျိုးမင်းနှင့် အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းတို့ အပြင် မလေးဌာနခွဲမှ တာဝန်ရှိများလည်းတက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ယခုကဲ့သို့ တွေ့ဆုံပွဲမျိုးကို ALPပါတီရုံခွဲရှိရာ နိုင်ငံများတွင်လည်း ကျင်းပပြုလုပ်သွားရန် အစီစဉ်များ ရှိကြောင်း ခိုင်ဇော်မိုးက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားကို နေ့လည် ၁နာရီတွင် စတင်ခဲ့ပြီး ညနေ ၆နာရီခွဲတွင် ရခိုင့် အလံတော်နှင့် ALP ပါတီ အလံတော်အား ဝှေ့ရမ်းကာ ရခိုင်စစ်ချီတေးကို ဖွင့်လှစ်၍ အဆုံး သတ်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီကို ၁၉၆၈ ခုနှစ် ပတ်ဝန်းကျင်က ရန်ကုန်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၃-၇၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး နယ်မြေတွင် ဥက္ကဌကြီးက ခိုင်မိုးလင်းက ပြန်လည် ထူထောင် ဖွဲ့စည်း ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ဥက္ကဌကြီး ခိုင်မိုင်းလင်း အာဇာနည်ပီသစွာဖြင့် ချင်းပြည်နယ် တနေရာတွင် ဗမာ စစ်တပ်နှင့် တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပြီး လက်ရှိ ကျန်နေခဲ့သော ပါတီ ဥက္ကဌ ခိုင်ရဲခိုင်နှင့် ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ပါတီကို ပြန်လည် ထူထောင်ခဲ့သည်။ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီမှာ ရခိုင့် လွတ်လပ်ရေး အတွက် လက်နက်ကိုင်နေသော ရခိုင်ပြည်မှ အင်အားအကြီးဆုံးနှင့် စည်းလုံးညီညွတ်မူ အတောင့်တင်းဆုံး ပါတီ တရပ် ဖြစ်သည်။

ပါတီ၏ လက်ရှိ ခေါင်းဆောင်များမှာ ဥက္ကဌ ခိုင်ရဲခိုင်၊ ဒုဥက္ကဌ (၁) ခိုင်စိုးနိုင်အောင်၊ ဒုဥက္ကဌ (၂) ခိုင်မျိုးမင်း၊ အထွေထွေ အတွင်းရေးမှူး အောင်မိုးဝေ(ခေါ်) စောမြရာဇာလင်း၊ တွဲဘက်အတွင်းရေးမှူး (၁) ခိုင်ရန်နောင်စိုး၊ တွဲဘက် အတွင်းရေးမှူး (၂) ခိုင်သုခတို့ ဖြစ်ကြသည်။

Most read this week