ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ယနေ့စတင် ကျင်းပရာတွင် လွှတ်တော်အကြီးအကဲများ ရွေးချယ်ခဲ့ကြသည်။ ...
ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ယနေ့စတင် ကျင်းပရာတွင် လွှတ်တော်အကြီးအကဲများ ရွေးချယ်ခဲ့ကြသည်။
ပထမဆုံး ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်အကြီးအကဲများ မရွေးခင် လွှတ်တော်ကို ကြီးကြပ်ရန် သဘာပတိများအဖြစ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦး နှင့် ဦးခက်ထိန်နန်တို့ကို ရွေးချယ်ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်း၊ ဒုဥက္ကဋ္ဌအဖြစ် ဦးနန္ဒကျော်စွာတို့ကို ရွေးချယ်လိုက်ကြသည်ဟု ရခိုင်တိုင်းရင်းသားအမတ် ဒေါက်တာအေးမောင်က မဇ္ဈိမသို့ ပြောသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှု ဝန်ကြီး ဦးခင်အောင်မြင့်နှင့် ဒုဥက္ကဋ္ဌအဖြစ် ဦးမြငြိမ်း (ရှေ့နေချုပ်ရုံး ညွန်ကြားရေးမှူးချုပ်ဟောင်း)တို့ အရွေးခံရသည်။လွှတ်တော် အကြီးအကဲ အားလုံး ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ ကိုယ်စားလှယ်များ ဖြစ်သည်။
“ တိုင်းရင်းသားပါတီတွေတော့ ဒုဥက္ကဋ္ဌ လောက်ကို ကြိုးစားပန်းစား မှန်းပြီး တင်ကြတယ်။ ဒါပေမဲ့ Majority vote နဲ့ ပျက်ပြားသွားတာပေါ့ဗျာ။ တိုင်းနှင့် ပြည်နယ်အကုန်လုံး ဒီအတိုင်းဘဲ။ အားလုံးက ပြည်ခိုင်ဖြိုးဘဲ ” ဟု ဒေါက်တာအေးမောင်က မဇ္ဈိမသို့ ပြောသည်။
သူရဦးရွှေမန်းကို သမ္မတဖြစ်လာမည် မှန်းခဲ့ကြသော်လည်း ယခုအခါ သမ္မတဖြစ်မည့် အလားအလာ မရှိတော့ပေ။
ဦးနန္ဒကျော်စွာမှာ ရေကူးချန်ပီယံဖြစ်ခဲ့ပြီး ဘိသိက်ဆရာအဖြစ်လည်း လူသိများသည်။ ၁၉၆ဝ ကျော်က ဆိုရှယ်လစ် အစွန်းရောက် စီးပွားရေးမူဝါဒများဖြင့် ပြည်သူပိုင်သိမ်းမှုကို ဦးဆောင်ခဲ့သော ဗိုလ်မှူးချုပ် စည်သူတင်ဖေ- စာရေးဆရာမ မမြတ်လေးတို့၏ သားဖြစ်ပြီး ဒဂုံမြို့နယ်မှ ရွေးချယ်ခံရသည်။