နေပြည်တော်၌ ငါးကြိမ်မြောက်အဖြစ် ဇန်နဝါရီလ ၂၃ ရက်နေ့က လုပ်ခဲ့သည့် ၂ဝဝ၉ ခုနှစ်အတွက် ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ) ပေးပွဲအပြီး အမျိုးသမီးဇာတ်ဆောင်ဆု မပေးခြင်း အပေါ် အများဆုံး ဝေဖန် ...
နယူးဒေလီ (မဇ္စျိမ) ။ ။ နေပြည်တော်၌ ငါးကြိမ်မြောက်အဖြစ် ဇန်နဝါရီလ ၂၃ ရက်နေ့က လုပ်ခဲ့သည့် ၂ဝဝ၉ ခုနှစ်အတွက် ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ) ပေးပွဲအပြီး အမျိုးသမီးဇာတ်ဆောင်ဆု မပေးခြင်း အပေါ် အများဆုံး ဝေဖန်ကြပြီး ၂ဝဝ၇ ခုနှစ်က အမျိုးသမီးဆု လုံးဝမပေးခဲ့ခြင်းနှင့် ယှဉ်တွဲ ဝေဖန်ကြသည်ကို တွေ့ရသည်။
“ဒါနဲ့ဆို တနှစ်ခြား ၂ ကြိမ်ရှိပြီ။ အမျိုးသမီး ဇာတ်ဆောင်ဆု တမင်မပေးတာလားတောင် ထင်မိတယ်။ ဇာတ်ဆောင်ဆုဆိုတာ မင်းသမီးတွေအတွက် အရေးကြီးတဲ့ မှတ်တိုင်တခုပဲ။ အခုလိုမျိုးဆို မင်းသမီးတွေ ကြိုးစားချင်စိတ် လျော့အောင်လုပ်နေသလိုပဲ” ဟု အကယ်ဒမီ မင်းသမီး တဦးက မကျေမနပ် ပြောသည်။
“အကယ်ဒမီပွဲအတွက် တကူးတက နေပြည်တော်အထိ လာရတာ။ နာရီ ၃ဝ လောက် ပင်ပင်ပန်းပန်း အချိန်ပေးလာရပြီး ဆုပေးတာ မစုံမလင်နဲ့ဆိုတော့ ပြန်လာတော့ လူက မအီမလည်ကြီးဖြစ်နေရော”ဟု အကယ်ဒမီပွဲပြန် မင်းသမီးကြီးတဦးက စိတ်ပျက်ဟန်ဖြင့် ပြောသည်။
ဝေဖန်မှုများနှင့် ပတ်သတ်၍ အကယ်ဒမီ အကဲဖြတ်အဖွဲ့ အဖွဲ့ဝင် ဒါရိုက်တာပန်းချီစိုးမိုးက ယခုနှစ် ဇာတ်ဆောင်မင်းသမီးဆု မရွေးခြင်းမှာ ဇာတ်လမ်းသဘောသာ ဖြစ်သည်ဟု ဆိုသည်။
“အမှန်အတိုင်းဆိုရင် အားပါးတရ မရှိဘူး။ အမျိုးသမီး သရုပ်ဆောင်တွေကလေ။ အခုပေးတဲ့ ကောင်မလေးက မင်းသမီးတော့ ပေးလို့ရတယ်။ ဒါပေမဲ့ဇာတ်လမ်းက ၃ ပိုင်းပိုင်းထားတော့ အဓိက အမျိုးသမီး ဇာတ်ဆောင်ဆု စာရင်းမဝင်ဘူး ဖြစ်နေတာ” ဟု သူက ပြောသည်။
သို့သော် ယခုနှစ်ချီးမြှင့်သည့် ဆုများအနက် ဇာတ်ကားဆုနှင့် ဓါတ်ပုံဆုတို့သည် အကဲဖြတ်စံနှုန်းနှင့် လွဲချော်နေခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသူမှာလည်း အကဲဖြတ်အဖွဲ့ ဝါရင့်ဒါရိုက်တာ ပန်းချီစိုးမိုးပင် ဖြစ်သည်။
“ဒါရိုက်တာ ကောင်းတယ်၊ မင်းသား မင်းသမီးတွေလည်း ကောင်းတယ်၊ ဇာတ်ညွှန်းလည်း ရတယ်၊ တီးဝိုင်းလည်း ကောင်းတယ်၊ ချုံပြီးပြောရင် ကားတကားလုံး အကုန်လုံး ကောင်းမှ ဇာတ်ကားဆု ပေးတာ။ အခု ဇာတ်ကားဆု သက်သက် ပေးထားတော့ ကျနော်တို့လည်း နားမလည်ဘူး။ လူကြီးတွေရဲ့ အတွေးအခေါ်က သိပ်မြင့်နေတော့ ကျနော်တို့လည်း လိုက်မမီတော့ဘူး။ ဒါကတော့ ပါဆင်နယ် ပါချင်ပါမှာပေါ့”
၂ဝဝ၂ ခုနှစ်တွင် “ငါသူတစ်ပါး ယောကျ်ား မိန်းမ” ဇာတ်ကားဖြင့် အကယ်ဒမီရခဲ့သည့် ဒါရိုက်တာ ပန်းချီစိုးမိုး၏ စကားတွင် ရုပ်ရှင်လောကအတွက် ရတက်မအေးသည့် အနုပညာသမားတဦး၏ ခံစားမှုများ တွေ့နေရသည်။
တကယ်တမ်း အကယ်ဒမီပွဲတွင် အမျိုးသမီး အဓိကဇာတ်ဆောင်ဆု မပေးခြင်းမျိုး ယခင်ကလည်း ရှိခဲ့ဖူးသည်။ အတိအကျဆိုလျှင် အကယ်ဒမီ သမိုင်း တလျောက် အမျိုးသမီးပညာသည်ဆု (သို့) အမျိုးသမီး အဓိက ဇာတ်ဆောင်ဆု မပေးခြင်းမှာ ယခုနှစ်အပါအဝင် ၆ ကြိမ် ရှိပြီ ဖြစ်သည်။ မဆလအစိုးရလက်ထက်၌ ၄ ကြိမ်၊ နအဖလက်ထက်တွင် ၂ဝဝ၇ နှင့် ယခုတကြိမ် ဖြစ်သည်။
စင်စစ် အကယ်ဒမီပေးပွဲသမိုင်းတွင် အမျိုးသား အဓိကဇာတ်ဆောင်ဆု မပေးသည့် အကြိမ်က ပို၍ပင် များသည်ကို တွေ့ရသည်။ ၁၉၅၄ ခုနှစ်မှ ၁၉၉၂ ခုနှစ်အကြား အကယ်ဒမီပေးပွဲ ၃၅ ကြိမ်တွင် အမျိုးသားအဓိက ဇာတ်ဆောင်ဆု မပေးသည့် အကြိမ် ၁၄ ကြိမ်အထိ ရှိခဲ့သည်ကို မှတ်တမ်းများတွင် တွေ့ရသည်။
မြန်မာနိုင်ငံတွင် ၁၉၂ဝ ပြည့််၌ ရုပ််ရှင် ထုတ်လုပ်ရေးလုပ်ငန်း စတင်ပေါ်ပေါက်လာခဲ့ပြီး ပထမဆုံး အကယ်ဒမီ ထူးချွန်ဆု ကို ၁၉၅၂ တွင် စပေးသည်။ ထိုမှ စတင်ခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ၁၉၆၃၊ ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၈ နှစ်များမှ လွဲ၍ နှစ်စဉ် ပြုလုပ်ခဲ့သည်လည်း တွေ့ရသည်။ စတင်ချိန်က အကောင်းဆုံးဇာတ်ကားဆုကို ပ၊ ဒု၊ တ သုံးဆု၊ အမျိုးသားပညာသည် ၁ ဆု နှင့် အမျိုးသမီး ပညာသည် ၁ ဆု ပေါင်း ၅ ဆုသာ ပေးခဲ့သည်။
၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာဆု ထပ်တိုး ပေးသည်။ ၁၉၅၅ တွင် ဇာတ်ကား ၁ ကားတည်း ဆုပေးသည့် စနစ်ကို စပြောင်းခဲ့ပြီး ယင်းနှစ်တွင် ဖိုးပြံုးချိုဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် ဝင်းမာကို “အထူးဆု” ပေးခဲ့သည်။ ၁၉၅၆ တွင် ရုပ်ရှင်ဓာတ်ပုံဆု၊ ၁၉၆၂-ခုနှစ်တွင် အမျိုးသား အမျိုးသမီး ဇာတ်ပို့ဆုများ (ယင်းနှစ်တွင် ပညာသည်အစား ဇာတ်ဆောင်ဟု စတင် ပြောင်းသုံးသည်)၊ ၁၉၇၇ တွင် ကလေးသရုပ်ဆောင်အဖြစ် အောင်ထွန်းလေး၊ ၁၉၇၈ တွင် အထူးဆုကို အင်္ဂလန်စိန် တို့ရသည်မှ အပ ဆုအမျိုးအစားများ ယင်းအတိုင်းရှိခဲ့သည်။ ဆုအနည်းဆုံး ချီးမြှင့်ခဲ့သည်မှာ ၁၉၇၂ ခုနှစ်အကယ်ဒမီပွဲဖြစ်ပြီး "နေထွက်သောည" ဇာတ်ကား တကားတည်းမှ ဒါရိုက်တာဆုကို မောင်တင်ဦး၊ ရုပ်ရှင်ဓာတ်ပုံဆုကို ဦးလှဖေတို့ ရရှိခဲ့သည်။
နဝတလက်ထက် ၁၉၉၁ ခုနှစ်တွင် ရုပ်ရှင် တေးဂီတဆု၊ ၁၉၉၄ ခုနှစ်တွင် ရုပ်ရှင်အသံဆု၊ ၁၉၉၇ တွင် ရုပ်ရှင်ဇာတ်ညွှန်းနှင့် တည်းဖြတ်ဆု စသဖြင့် ထပ်မံတိုးချဲ့ခဲ့သဖြင့် ၁၉၉၇ မှစ၍ ပုံမှန်သတ်မှတ်သည့် ဆုအမျိုးအစား (ကလေးသရုပ်ဆောင်ဆု နှင့် အထူးဆုမပါ) ၁၁ ဆုအထိ ဖြစ်လာခဲ့ရာ ယနေ့အထိပင် ဖြစ်သည်။
၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အထိ ငါးနှစ်ဆက်တိုက် ဆု ၁၁ ခုလုံးပေးလာခဲ့ရာမှ ၂ဝဝ၇ ခုနှစ်အတွက် အကယ်ဒမီပေးပွဲတွင် အမျိုးသမီးဆုမပါ ၆ ဆု၊ ၂ဝဝ၈ ခုနှစ်တွင် ရ ဆု၊ ယခုနှစ်တွင် ၉ ဆု စသဖြင့် အတိုးအလျော့များ ရှိလာခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ရုပ်ရှင်လောက၏ အမြင့်ဆုံးဆု ဖြစ်၍ အကယ်ဒမီအပေါ် ရုပ်ရှင်လောကသားတို့ ရူးသွပ်ကြသလို၊ ပရိသတ်တွေလည်း စိတ်ဝင်စားကြသည်။ ရွှေစင်ရုပ်ပိုက်ပြီး မီးရောင်စုံ စင်မြင့်ထက်က ကျေးဇူးတင်စကားပြောရဖို့ တင်းကြပ်သည့် မူဘောင်များအကြား ရုပ်ရှင်လောကသားတို့ ကြိုးစားကြသလို ပရိသတ်တွေကလည်း ရင်ခုန်သံနဲ့ ဖြစ်ရပ် ထပ်တူကျမကျ တီဗီရှေ့မှ ကြည့်ကြသည်။ ဤတွင် သဘောထား ကွဲပြားမှု၊ မတိုက်ဆိုင်မှု၊ ဝေဖန်ဖွယ် ဖြစ်မှုများ အများအပြား ကြံုလာသည်။
ယခုနှစ်ပိုင်းအတွင်း အမျိုးသမီးဇာတ်ဆောင်ဆုရှင်တွေ အကယ်ဒမီစင်မြင့်ထက် နေရာမယူနိုင်ခြင်းအပေါ် စိတ်မကောင်း ဖြစ်နေသူများတွင် ဝါရင့် သရုပ်ဆောင် အကယ်ဒမီမင်းသမီးကြီး ဒေါ်ဆွေဇင်ထိုက်လည်း တဦးအပါအဝင် ဖြစ်သည်။
“အကယ်ဒမီပွဲကို နှစ်စဉ်မပျက် လုပ်ပေးနေတာတော့ ဝမ်းသာတယ်။ ဒါပေမယ့် ဆုပေးရမယ့်သူတွေ စုံအောင်မပေးတာတော့ စိတ်မကောင်းဘူး။ အမျိုးသမီးဇာတ်ဆောင်ဆုဆိုတာ ဟိုးကတည်းက အထင်ကရရှိခဲ့တာ။ ဒီနှစ်လည်း ပေးမယ်ဆိုရင် ပေးလို့ရတာပဲ” ဟု ၁၉၇၇ တွင် “မိန်းကလေးရှင်ရဲ့ ဆန္ဒ”ဇာတ်ကားဖြင့် ဇာတ်ပို့ဆု ရခဲ့သူ မင်းသမီးကြီးက ဆိုသည်။
ယခုနှစ်တွင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့် နန္ဒာလှိုင်တို့၏ သရုပ်ဆောင်မှုများသည် အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် အကယ်ဒမီ ပေးနိုင်လောက်ကြောင်း ဒေါ်ဆွေဇင်ထိုက်က ယုံကြည်ထားသည်။
ဆုပေးခြင်း မပေးခြင်းသည် တနှစ်တာအတွင်း ထုတ်လုပ်သည့် ဇာတ်ကားပမာဏ၊ ရွေးချယ်ရေးအကဲဖြတ်အဖွဲ့၏ စံနှုန်း သတ်မှတ်မှုအပေါ် အဓိက မူတည်သော်လည်း ပေါ်လစီကား အရိုက်များသူတို့ မကြာခဏအောင်ပွဲခံခြင်းနှင့် အခြားတဘက်တွင် ဘက်မလိုက် အနုပညာသည်များ ရသင့်ရထိုက်သော ဆုမရခြင်းများကြောင့် ရုပ်ရှင်လောကသားများ စိတ်မချမ်းမသာ ဖြစ်ရသည့် အကြိမ်က များနေသည်။
ယခုနှစ်တွင် “မိုးညအိမ်မက်မြူ” ဇာတ်ကား ရိုက်ကူးဖြင့် နေတိုး က အကောင်းဆုံး ဇာတ်ဆောင်ဆု ရခဲ့သကဲ့သို့ ယင်းဇာတ်ကားဖြင့်ပင် သရုပ်ဆောင်သစ် စိုးပြည့်သဇင်ကို အမျိုးသမီးဇာတ်ပို့ဆု ချီးမြှင့်ခဲ့သည်။ ဇာတ်ကားတကားတည်းမှ အကယ်ဒမီ ၂ ဆု ဆွတ်ခူးပေးနိုင်ခဲ့သော်လည်း ရိုက်ကူးသူ ဒါရိုက်တာ ကြည်ဖြူသျှင် ကိုယ်တိုင်ကမူ ဆုရွေးချယ်မှုအပေါ် အားမလိုအားမရ ဖြစ်နေဆဲပင် ဖြစ်သည်။
“မိုးညအိမ်မက်မြူမှာဆိုရင် သင်ဇာဝင့်ကျော်ကို အရမ်းကြိုက်ကြတယ်။ မီဒီယာတွေကအစ သင်ဇာဝင့်ကျော် ရနိုင်တယ်ဆိုပြီး ပြောကြတယ်။ တကယ်လည်း သင်ဇာဝင့်ကျော်က အရမ်းကောင်းပါတယ်။ ပရိသတ်ကလည်း သူ့ကို ရစေချင်တယ်။ ဘာကြောင့် မရလဲ ဆိုတာတော့ အမတို့လည်း မပြောတတ်ဘူးပေါ့” ဟု သူမက ဆိုသည်။
ထိုဇာတ်ကားဖြင့် ဒါရိုက်တာကြည်ဖြူသျှင် ဒါရိုက်တာဆုရမည်ဟု ရုပ်ရှင်လောကသားများ ထင်ကြေး ပေးခဲ့ကြ သော်လည်း တကယ်တမ်း ယင်းဆု ရသွားသူမှာ “ဇော်က ကနေသည်” ဇာတ်ကားရိုက်ကူးသူ သက်တမ်းရင့် ဒါရိုက်တာ မီးပွား ဖြစ်သည်။ “အိမ်” သီချင်းဖြင့် နာမည်ကြီးခဲ့သူ ဓိရာမိုရ်မှာလည်း ထိုဇာတ်ကားဖြင့်ပင် တေးဂီတဆု ရရှိခဲ့သည်။
အကောင်းဆုံး ဇာတ်ကားဆုကို ဒါရိုက်တာ စင်ရော်မောင်မောင်က “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားဖြင့် ရခဲ့ပြီး ထိုဇာတ်ကားဖြင့်ပင် ဇာတ်ညွှန်းဆုကို မြင့်ဦးဦးမြင့် ရခဲ့သည်။ စင်ရော်မောင်မောင်၏ အခြား ဇာတ်ကားတခုဖြစ်သည့် “အတိတ်၏ အရိပ်” ဇာတ်ကားတွင် ကိုကိုဌေးနှင့်အဖွဲ့က ဓာတ်ပုံဆု၊ ဆန်းဦးနှင့်အဖွဲ့က အသံဆုတို့ ရရှိခဲ့ပြီး အကောင်းဆုံး တည်းဖြတ်ဆုကို ကျောက်စက်ရေဇာတ်ကားဖြင့် ကိုဇော်မင်း (ဟံသာမြေ) က ရသွားသည်။
အကယ်ဒမီပွဲတိုင်းတွင် မြန်မာ့ရုပ်ရှင်လောက နိုင်ငံတကာ အဆင့်မီရေး အတွက် နှစ်စဉ် ပြောနေသည့် ပြန်ကြားရေးဝန်ကြီး၏ မိန့်ခွန်းများသည် ရုပ်ရှင်ဆင်ဆာအဖွဲ့၏ မူဘောင်စည်းမျဉ်းများသည် သဟဇာတ မဖြစ်ကြောင်းလည်း ရုပ်ရှင်လောကသားများက ထောက်ပြသည်။ ကန့်သတ်ချက်များသည့်အပြင် ပြောင်းလွယ်ပြင်လွယ်သည့် စဉ်းမျဉ်းများအောက်၌သာ ချိန်ညှိရိုက်ကူးနေရသည့် မြန်မာ့ရုပ်ရှင်လောက၏ တိုးတက်ရေးအနေအထားမှာ တွေးဆစရာ ဖြစ်သည်။
“အနုပညာဖန်တီးတယ်ဆိုတာ လွတ်လွတ်လပ်လပ် ဖြစ်ဖို့အရေးကြီးတယ်။ လွတ်လွတ်လပ်လပ် မလုပ်ရပဲနဲ့ နိုင်ငံတကာ အဆင့်အတန်းမီဖို့ မဖြစ်နိုင်ပါဘူး” ဟု “မျှော်လင့်ခြင်းများစွာ” ဇာတ်ကားဖြင့် ၂ဝဝ၆ ခုနှစ်အတွက် ဒါရိုက်တာ အကယ်ဒမီဆု ရခဲ့သူ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က အင်တာဗျူးတခုတွင် ပြောဆိုခဲ့ဖူးသည်။
ရုပ်ရှင်ကား ထုတ်လုပ်မှု နည်းပါးသည့်နှစ်တွင် ဆုအရေအတွက်အပြည့် မရနိုင်ခြင်းကို လက်ခံနိုင်သော်လည်း ယခုနှစ် ရွေးချယ်ခံစာရင်းတွင် ရုပ်ရှင် ၁၅ ကားပါဝင်နေသဖြင့် ဇာတ်ကားနည်းသည့်နှစ်ဟု မဆိုနိုင်ကြောင်း ရုပ်ရှင်လောကသားများက ဆိုသည်။
“ပေးနေကျဆိုတော့ အမျိုးသား ဇာတ်ပို့ရော၊ အမျိုးသမီးဆိုရင်လည်း ဇာတ်ဆောင်ရော၊ ဇာတ်ပို့ရော ပေးစေချင်တာပေါ့ရှင်။ အခုလို မပေးတော့လဲ သူတို့သဘောပေါ့” ဟု ရန်ကုန်မြို့နေ အမျိုးသမီး ရုပ်ရှင်ဝါသနာအိုးတဦးက မချင့်မရဲ ဆိုသည်။
ယခုနှစ် အကယ်ဒမီပေးပွဲတွင် ပုံမှန် ၁၁ ဆုအနက်မှ အမျိုးသားဇာတ်ပို့ဆုနှင့် အမျိုးသမီးဇာတ်ဆောင်ဆုကို ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။
အစိုးရပေါ်လစီများကို အထောက်အကူပြုစေမည့် ဇာတ်ကားများကို ဖိအားပေး ရိုက်ကူး ခိုင်းခြင်းက ရုပ်ရှင်လောကအပေါ် အာဏာပိုင်များ၏ လွှမ်းမိုးမှုကို ပြနေသကဲ့သို့ ယင်းသို့ အစိုးရစေခိုင်းမှုဖြင့် တဖက်သက် ရိုက်ကူးထားသည့် ဇာတ်ကားများကိုလည်း မြန်မာပရိသတ်များ လက်မခံကြောင်း မြင်တွေ့ရဆဲ ဖြစ်သည်။ အစိုးရ မူဝါဒ ပေါ်လစီ ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ၊ ပါဝင်သူ သရုပ်ဆောင်များ အကယ်ဒမီ ဆုရရှိမှု အနေအထားကို အချို့က ထောက်ပြသည်။
ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းများ အမြတ်အစွန်း နည်းပါးပြီး အရည်အသွေးပိုင်း အားနည်းလာရခြင်းမှာ စျေးကွက်အနေအထားကို ချိန်ဆရိုက်ကူးရခြင်းကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။
“မကိုက်ဘူးရယ်လို့တော့ မဟုတ်ဘူး။ ဇာတ်တခုချရင် စျေးကွက်ကြိုက်မယ့် ဇာတ်လမ်းမျိုး ဦးတည် စဉ်းစားရတယ်။ ဆင်ဆာခွင့်ပြုနိုင်မယ့် ဇာတ်လမ်းဖြစ်ရင် ကုန်ကျစရိတ်နည်းနည်း၊ အချိန်နည်းနည်းနဲ့ လူဝင်မယ့်ကားဖြစ်ဖို့ ဦးစားပေး ရတာပေါ့။ စျေးကွက်မှာ ဟာသကားပေါက်ရင် ဟာသတွေပဲ လိုက်ရိုက်ကြတဲ့ သဘောရှိတယ်။ စျေးကွက်ကို ချိန်ရတော့ အရည်အသွေး ကျတာပေါ့” ဟု ထုတ်လုပ်သူ တဦးက ဆိုသည်။
သက်တမ်း နှစ်ကိုးဆယ်စွန်းစွန်း ယနေ့မြန်မာ့ရုပ်ရှင်လောက၏ ထုတ်လုပ်မှု အရည်အသွေးသည် တချိန်က ငွေရတုခေတ် ခေတ်ဟောင်းရုပ်ရှင်များထက်ပင် နိမ့်ကျနေကြောင်း ချိန်ညှိပြောဆိုမှုများလည်း တွေ့ရသည်။
မည်သို့ ဝေဖန်ပြောဆိုကြစေကာမူ မြန်မာ့ရုပ်ရှင်လောကနှင့် လောကသားတို့သည် ရှေ့ဆက် ချီတက်ကြဦးမည်သာ ဖြစ်သည်။ တနှစ်တခါ ရသအမျိုးမျိုး ပေးသည့် အကယ်ဒမီပေးပွဲ ခေါ် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကလည်း ဆက်လက် ကျင်းပနေဦးမည်သာ ဖြစ်သည်။ နတ်ကြီးသည်ဟု တင်စားလေ့ရှိသည့် အကယ်ဒမီဆုအတွက် နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်လောကသားတို့ ရင်ခုန်နေကြဦးမည် ဖြစ်သလို ဖန်သားပြင်အသီးသီးတွင်လည်း ပရိသတ်များ စောင့်မျှော်နေကြဦးမည်သာ ဖြစ်သည်။
ထို့အတူ … မဆုံးနိုင်သော အငြင်းပွားမှုနှင့် ဝေဖန်မှုများမှာလည်း ဆက်၍ ဆက်၍ ရှိနေဦးမည် ဖြစ်ပြီး တချိန်တွင် ဤအကြောင်းအရာ အားလုံးတို့သည် "အကယ်ဒမီပုံပြင်" များအဖြစ်သာ ကျန်ခဲ့မည် ဖြစ်သည်။