ဘုရားသုံးဆူတွင် စစ်အစိုးရတပ်က ကားချောဆွဲနေ

ဘုရားသုံးဆူတွင် စစ်အစိုးရတပ်က ကားချောဆွဲနေ
by -
ဇော်ကြီး

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ စစ်အစိုးရတပ်ဖွဲ့များအတွက် ရိက္ခာသယ်ယူရန် ဘုရားသုံးဆူမြို့ပေါ်ရှိ ဖိုးဝီးကားများ ချောဆွဲခံနေရသည်ဟု သိရသည်။ ...

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ စစ်အစိုးရတပ်ဖွဲ့များအတွက် ရိက္ခာသယ်ယူရန် ဘုရားသုံးဆူမြို့ပေါ်ရှိ ဖိုးဝီးကားများ ချောဆွဲခံနေရသည်ဟု သိရသည်။

“ခြောက်ဘီးကားက ဒီကိုတက်လို့မရဘူး။ တက်လို့မရတော့ ဒီကနေ ပြီးတော့မှ ဖိုးဝီးနဲ့ သွားသယ်မှ ရမှာကိုး။ အနည်းဆုံး ဖိုးဝီးအစီး(၃၀)လောက် သူတို့လိုတာကိုး။ အခုလောလောဆယ်က ဆယ်စီး လောက်ပဲရသေးတယ်တဲ့။” ဟု ဘုရားသုံးဆူမြို့ခံ တဦးကပြောသည်။

ရန်ကုန်မှ ခြောက်ဘီးကား (၂၇) စီးဖြင့် တင်ဆောင်လာသည့် တပ်ရိက္ခာများအား ဘုရားသုံးဆူနှင့် ကီလိုမီတာ (၄၀) ခန့်ဝေးကွာသည့် တောင်စွန်းရွာတွင် ယခုလ (၂၃)ရက်နေ့က ရောက်ရှိနေပြီး ယင်းရိက္ခာများအား ဘုရားသုံးဆူမြို့သို့ သယ်ယူနိုင်ရန် ချောဆွဲခြင်းဖြစ်သည်ဟု သိရသည်။

ယမန်နေ့ကတည်းကစတင်ဆွဲနေခြင်းဖြစ်ပြီး မြို့ပေါ်ရှိကားပိုင်ရှင်များက ၎င်းတို့၏ကားများအား ဖွက်ထားကြသည်ဟုသိရပြီး ရိက္ခာသယ်ယူမည့်လမ်းကြောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU)က သွားလာခွင့်ပိတ်ပင်ထားသည့်အတွက် မည်သည့်ကားမျှ မလိုက်ရဲကြောင်း ယင်းမြို့ခံက ဆက်ပြောသည်။

“အဲဒီလမ်းက ဘယ်သူမှမသွားရဲဘူးလေ။ ကေအဲန်ယူက ပိတ်ထားတာကိုး။ အဲဒီတော့ အရပ်သား တွေကမသွားရဲဘူးလေ။ သွားရင်တာဝန်မယူဘူးလေ။”  

ထို့အပြင် အခြားမြို့ခံတစ်ဦးကလည်း ဘုရားသုံးဆူမြို့မှ ရေးမြို့သို့သွားသည့် ကားလမ်းတွင် ခရှီးသည်တင် ကားအချို့ကို စစ်အစိုးရတပ်က  ချောဆွဲ သွားသည်ဟု ရေးမြို့မှလာသည့် မျက်မြင် တဦးကပြောကြောင်း ယခုလိုပြောသည်။ “ဒီနေ့ တက်လာတဲ့ ခရီးသည်တွေ ပြောတယ်။ သူတို့လမ်းမှာတွေ့တယ်တဲ့။ နှစ်စီးလောက် ပါသွား တယ်တဲ့။”  

စစ်အစိုးရနှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေမှု နှစ်လကျော် ကြာမြှင့်ခဲ့ပြီး စစ်အစိုးရတပ်က ရိက္ခာ သယ်ယူရန် ကားချောဆွဲနေသည့် အပေါ် ဒေသတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွား လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

ဘုရားသုံးဆူမြို့ပေါ်လုံခြံုရေး အခြေအနေ ထူးခြားမှု မရှိသော်လည်း ကားချောဆွဲသည့် အတွက် မြို့ပေါ်တွင် ကားသံများ တိတ်ဆိတ်နေပြီး နှစ်နိုင်ငံ နယ်စပ်ဂိတ်တွင် ဆိုင်ကယ်များသာ သွားလာမှု ရှိသည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ဖက်မှ ဘုရားသုံးဆူမြို့သို့ စစ်အစိုးရ စစ်ကြောင်း(၂)ကြောင်း တက်လာ သည်ဟု သတင်းရသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပေ။

Most read this week