မြောက်ဦးကို ဖြတ်သန်း ဖေါက်လုပ်နေသည့် ရထားလမ်း အကန့်အသတ် မရှိ ရွှေ့ဆိုင်း

မြောက်ဦးကို ဖြတ်သန်း ဖေါက်လုပ်နေသည့် ရထားလမ်း အကန့်အသတ် မရှိ ရွှေ့ဆိုင်း
by -
နိရဥ္ဇရာ သတင်းဌာန

ရခိုင်ရှေးဟောင်း မြို့တော် မြောက်ဦးမြို့ကို ဖြတ်သန်း ဖေါက်လုပ်နေသော ရထားလမ်းကို ယခုအခါ ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ ...

ရခိုင်ရှေးဟောင်း မြို့တော် မြောက်ဦးမြို့ကို ဖြတ်သန်း ဖေါက်လုပ်နေသော ရထားလမ်းကို ယခုအခါ ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Temples-landscape-in-Mrauk-U-Arakan-stateယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ရခြင်းမှာ ရထားလမ်းဖေါက်လုပ်စဉ် စစ်တပ်မှ မြေအောက်တွင် မြုပ်ထားသော အင်တာနက် Cabal လိုင်း (သို့မဟုတ်) ဆက်သွယ်ရေး ကြေးနန်းကြိုးများ ပျက်စီးသွားသဖြင့် ယခုကဲ့သို့ ရပ်တန့်လိုက်ခြင်း ဖြစ်သည်ဟု မြောက်ဦးမြို့မှ လူငယ် တစ်ဦးက ပြောသည်။

“ အခု မြောက်ဦးမှာ ရထားလမ်းဖေါက်လုပ် နေတာကို ရပ်ဆိုင်းလိုက်ပါပြီ။ ရထားလမ်းဖေါက်လုပ်နေတဲ့ ကုမ္ပဏီလည်း ဘယ်နားကို ရောက်နေတယ်ဆိုတာ မသိတော့ပါဘူး။ ရထားလမ်းကြောင်းသစ်ကို ဆက်ဖေါက်တဲ့ အခါ စစ်တပ်က မြေကြီးထဲမှာ မြုပ်ထားတဲ့ အင်တာနက် ကွန်ယက်လိုင်း ကြိုးတွေကို မြေတူးစက်ကြီးတွေနဲ့ တူးမိပြီး ပျက်စီးသွားတဲ့ အတွက် စစ်တပ်နဲ့ ကုမ္ပဏီ အကြား ပြဿနာ တက်ရာကနေ ခုလို ရထားလမ်း ဖေါက််လုပ်တာကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။”

၎င်းပြင် သူက “ အင်တာနက် ကွန်ယက်လိုင်း ကြိုးတွေ ဆိုတာက စစ်တပ်က မြေကြီးထဲ ၁၀ ပေ တူးပြီး မြပ်ထားတဲ့ ကြိုးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ သိတာက စစ်တပ်က နေပြီးတော့ အဲလိုင်းကြိုးတွေကို ရန်ကုန်ကနေ အမ်း၊ အမ်းကနေ စစ်တွေထိ တောက်လျောက် ပိုက်လုံးကြီးတွေနဲ့ မြုပ်ထားပါတယ်။ ဒေသအတွင်းမှာတော့ အင်တာနက် ကွန်ယက်လိုင်းကြိုးတွေ ဆိုပြီး သိပါတယ်။ ဆက််သွယ်ရေး အတွက် လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်” ဟု ဆက်ပြောသည်။

အဆိုပါ အင်တာနက်ကွန်ယက်လိုင်းကြိုးများ ပျက်စီးသွားသဖြင့် မြောက်ဦးတွင် ရထားလမ်းဖေါက်လုပ်နေခြင်းကို ရပ်တန့်လိုက်ကြောင်းမှာ ဟုတ်မှန်ကြောင်း မြောက်ဦးမှ အစိုးရ အရာရှိ တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။

“ အခုက ပြဿနာက နေပြည်တော်ထိ ရောက်သွားပြီး အဲဒီမှာ ဖြေရှင်းနေတယ်လို့ သိရပါတယ်။ ရထားလမ်း ဖေါက်လုပ်နေတဲ့ မြေတူးစက်ကြီးတွေက မြေတွေကို တူးဖေါ်တဲ့ အခါ စစ်တပ်က မြေကြီးထဲမှာ မြုပ်ထားတဲ့ ကြေးနန်းကြိုးတွေ ပျက်စီးသွားတော့ ဌာနဆိုင်ရာ အချင်းချင်း ပြဿနာ တက်ပြီး ခုလို ရပ်တန့်ရတဲ့ အဆင့် အထိ ရောက်သွားရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခု ဖေါက်လုပ်နေသည့် လမ်းကြောင်းမှာ လမ်းကြောင်း အသစ်ဖြစ်ပြီး ယခုရပ်တန့်မူမှာ ဒုတိယ အကြိမ်မြှောက် ရပ်တန့်မူ ဖြစ်ကြောင်း သိရသည်။ ယခင် ပထမ လမ်းကြောင်းကို ဖေါက်လုပ်တုန်းကလည်း ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် ပစ္စည်းများ အကြီးအကျယ် ပျက်စီးသွားသဖြင့် ဒေသခံများ ကန့်ကွက်ရာမှ ရထားလမ်း ဖေါက်လုပ်မူကို ရပ်တန့်ကာ လမ်းကြောင်း သစ်ကို ရွှေးချယ် ဖေါက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်း ဖေါက်လုပ်နေသော ရထားလမ်းမှာ စစ်တွေမှ အမ်းထိ ဖေါက်လုပ်နေသော လမ်း ဖြစ်သော်လည်း တိုက်ရိုက် ရထားလမ်းကို ဖေါက်လုပ်ခြင်း မဟုတ်ဘဲ အပိုင်းလိုက် လမ်းပိုင်းများကို ဟိုတစ်ခု သည်တစ်ခု ဖေါက်လုပ်နေသဖြင့် ယခုရထားလမ်း ဖေါက်လုပ်မူ အပေါ် ဒေသခံများက သံသယဖြစ်နေကြသည်ဟု မြောက်ဦးလူငယ်မှ ဆက်ပြောသည်။

“ အခုရထားလမ်းကို ဖေါက်လုပ်တဲ့ နေရာမှာ ကျောက်တော်မှာဆိုရင် မဟာမုနိမှာ လာဖေါက်ပြီးတော့ မြောက်ဦးမှာ ဆိုရင် မြောက်ဦးမြို့ ရှေးဟောင်း ဘုရား ပုထိုးတွေ ကျံုးတွေ မြို့ရိုးတွေ ရှိတဲ့ နေရာကို လာဖေါက်တယ်။ ရထားလမ်း အတွက် အဓိက တံတားဖြစ်တဲ့ ကုလားတန်မြစ်ကို ဖြတ်ပြီး တည်ဆောက်မယ့် တံတားက အခုတောင် နေရာ မသတ်မှတ်ရသေးဘူး။ အဓိက တံတားကိုကျရင် မလုပ်ဘဲနဲ့ သမိုင်းဝင်နေရာတွေကိုဘဲ ရထားလမ်းဖြတ်ဖေါက်နေတယ်ဆိုတော့ ဒေသခံ ရခိုင်ပြည်သူတွေက အခု ဖေါက်လုပ်နေတဲ့ ရထားလမ်းဟာ ရိုးရိုးသားသား လုပ်တာမှ ဟုတ်ရဲ့လားဆိုပီး အထူး သံသယ ဖြစ်နေကြပါတယ်။”

ယခုအသစ် ဖေါက်လုပ်ရန် ရွှေးချယ်ထားသည့် ရထားလမ်းကြောင်းမှာလည်း ဘုရားပုထိုး အများအပြား ပျက်စီးနိုင်ပြီး မင်းစောမွန် ယာယီ နန်းရာကုန်း အပါအဝင် ကိုးသောင်း ဘုရားအနီးမှ ဖြတ်သန်း ဖေါက်လုပ်မည် ဖြစ်သဖြင့် ရထားလမ်း တုန်ခါမူကြောင့် ကိုးသောင်းဘုရားကိုပါ ရေရှည်တွင် ပျက်စီးစေနိုင်သည်ဟု ဒေသအတွင်းက သုတေသီ တစ်ဦးက ပြောသည်။

Most read this week