ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား (၁ဝဝဝ)ကျော် ဆန္ဒပြ

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား (၁ဝဝဝ)ကျော် ဆန္ဒပြ
by -
ဇော်ကြီး

ထိုင်းနိုင်ငံ အလယ်ပိုင်း ရတ်ချ်ဘူရီခရိုင်ရှိ နာနတ်သီးစက်ရုံမှ မြန်မာ ရွှေ့ပြောင်းအလုပ်သမား (၁ဝဝဝ)ကျော်သည် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရဟု ဆိုကာ ယနေ့နံနက်မှ စတင်ပြီး ဆန္ဒပြခဲ့ ...

ထိုင်းနိုင်ငံ အလယ်ပိုင်း ရတ်ချ်ဘူရီခရိုင်ရှိ နာနတ်သီးစက်ရုံမှ မြန်မာ ရွှေ့ပြောင်းအလုပ်သမား (၁ဝဝဝ)ကျော်သည် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရဟု ဆိုကာ ယနေ့နံနက်မှ စတင်ပြီး ဆန္ဒပြခဲ့သည်။

ရတ်ချ်ဘူရီမြို့နယ် ဘန်းခရာ(VNK) နာနတ်သီးစက်ရုံရှိ မြန်မာအလုပ်သမားများသည်   ထိုင်း အလုပ်သမားအချို့၏ အနိုင်ကျင့်ခံရမှုများကို မကျေနပ်သဖြင့် ယနေ့နံနက်မှစ၍ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့သည်ဟု ဆန္ဒပြအလုပ်သမား ဦးကိုကိုအောင်က ယခုလိုပြောသည်။

“အဓိကကတော့ ထိုင်းနဲ့မြန်မာ တန်းတူရည်တူ အခွင့်အရေး ရရှိရေးပေ့ါနော်။ အခုဟာက တန်းတူ ရည်တူ အခွင့်အရေး မရလို့ဘဲသူတို့ အနိုင်ကျင့်တာကို ခံနေရတယ်။ ပြန်လုပ်ချင်စိတ် ရှိပေမယ့်လည်း ပြန်မလုပ်ဘဲ ငုံ့ခံ နေရတယ်။  ဘေးနားမှာ ရှိနေရ၊ တွေ့နေရတဲ့ မြန်မာတွေကလည်း လက်ပိုက်ပြီး ကြည့်နေရတယ်။ ကိုယ့်နိုင်ငံ မဟုတ်တော့။ အဲတာလေးတွေက ခံပြင်းစရာဖြစ်တယ်။”  

ယမန်နေ့ညနေက စျေးဝယ်သွားသည့် မြန်မာအလုပ်သမားတစ်ဦးအား ထိုင်းအလုပ်သမားနှစ်ဦးက အကြောင်းမဲ့ ရိုက်နက်နေစဉ် ဖျန်ဖြေပေးရန် သွားသည့်  မြန်မာအလုပ်သမားခေါင်းဆောင်အား ရန်ပြုရာမှစတင်၍ ပြဿနာဖြစ်ပွားခဲ့သည်။

ယခင်ကတည်းက ယခုလို အနိုင်ကျင့်မှုများ မကြာခနဖြစ်ပွားခဲ့သည်ဟု  “အခန်းထဲမှာ ဝင်ပြီးတော့ သူတို့ မကျေနပ်တဲ့သူကိုဝင်ပြီး တုတ်နဲ့ရိုက်တာတို့ ရှိခဲ့ဘူးတယ်။ နောက်ပြီးတော့ ယမ်း (စက်ရုံအစောင့်)တွေကအစပေ့ါနော်၊ နည်းနည်းမူးယစ်လာပြီဆိုရင် ကိုယ့်မြန်မာတစ်ယောက်ထဲကိုလာရိုက် နက်တာတို့ ဘာတို့၊ နောက်မြေကြီးမှာ ခွေးဆွဲသလို ဆွဲသွားတာတို့ အဲတာမျိုးတွေ မြင်ရ တယ်လေ။” ဟု ဦးကိုကိုအောင်က ပြောသည်။

ထို့အပြင် ထိုင်းအလုပ်သမား ခေါင်းဆောင်များ၏ ခေါင်းပုံဖြတ်မှုများကိုပါ မကျေနပ်သည့်အတွက် ယနေ့နံနက်က ဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု ဆက်ပြောသည်။

“ငွေထွက်လာတိုင်း ငွေစာရင်း မှားတာတို့၊ အိုတီ (အချိန်ပိုလုပ်အားခ) ပျောက်တာတို့၊ တချို့ လေးထောင်ငါးထောင် မှန်းထားတဲ့သူက တစ်ထောင်  နှစ်ထောင်လောက် ပဲရတာတို့၊  ပြန်ပြော တော့လည်း လုပ်ပေးပါ့မယ်၊  ဖြည့်ပေးပါ့မယ် ဆိုပြီးတော့ ပြန်မရဘူး ပေ့ါနော်။ တလပြီးတလ၊ တဝစ် (၁၅-ရက်တစ်ကြိမ်) ပြီးတဝစ်လည်း မရဘူးလေ။”  

ယင်းစက်ရုံ၌ အလုပ်သမား တစ်ထောင်ကျော်ရှိသည့်အနက် စက်ရုံအိမ်သာ သုံးလုံးသာ ပြုလုပ် ပေးထားပြီး စက်ရုံစည်းကမ်းအရ အိမ်သာတခေါက် သွားလိုပါက တစ်ဦးလျှင် အချိန် (၁ဝ)မိနစ် သတ်မှတ်ထားပြီး အချိန်ကျော်ပါက လုပ်အားခထဲမှ  ပြန်ဖြတ်သည့် အတွက် မကျေနပ်ကြဟု ဆက်ပြောသည်။

“အဲလိုမျိုး (၁ဝ)မိနစ်ကျော်သွားရင် သူတို့က ဘတ်(၅ဝ)ဖြတ်တာလေ။ အရင်က နှစ်ဆယ်၊ အခုက ငါးဆယ် အဲလိုမျိုး ဖြတ်တယ်။ ကောင်လေး တယောက်ဆိုရင် ဒီတစ်ပါတ် အိမ်သာဖြတ်ငွေ ခေါင်းစဉ်အောက်မှာပဲ ခုနှစ်ရာလောက် ကုန်ကျပါတယ်တဲ့။ အဲလိုမျိုးဖြတ်တောက် တာတွေက အစ လူတွေက မကျေမနပ် ဖြစ်တာပေ့ါ။”  

ထိုင်းအစိုးရ၏ တရားဝင် သတ်မှတ်ချက်အရ ရတ်ချ်ဘူရီခရိုင်တွင် အလုပ်သမားတစ်ဦး တရက် လုပ်အားခ အနိမ့်ဆုံးထိုင်းငွေ (၁၆၇)ဘတ်နှင့် အချိန်ပို လုပ်အားခ (၃၁)ဘတ် သတ်မှတ် ထားပြီး ထိုင်းအစိုးရက လုပ်အားခ တိုးမြှင့်ပေး ခဲ့သော်လည်း ယင်းစက်ရုံ၌ အလုပ်သမား အချို့သာ ရခဲ့သည်ဟု သိရသည်။

ယခုဖြစ်ပွားနေသည့် ကိစ္စအပေါ် စက်ရုံတာဝန်ရှိသူများက ပြေလည်စွာ ဖြေရှင်းပေးမည်ဟု ပြောဆိုသော်လည်း အလုပ်သမားများ ဖက်မှ အလုပ်ရှင်နှင့် တိုက်ရိုက်   ဖြေရှင်းလိုကြောင်း တောင်းဆို ထားသည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အလုပ်ရှင်မှလာရောက် ဖြေရှင်းပေးမှု မရှိသေးသော်လည်း အလုပ် သမားရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ ယနေ့မွန်းလွဲပိုင်း အချိန်က လာရောက် ညှိနိုင်းပေးခဲ့ပြီး ချိုးဖောက်ခံရသည့် အလုပ်သမား အခွင့်အရေးများကို အလုပ်ရှင်ထံ တင်ပြညှိနိုင်း ပေးမည်ဟု အာမခံပေးသည့်အတွက် ယနေ့ ညနေ  လေးနာရီကျော် အချိန်ခန့်က ဆန္ဒပြမှု ရပ်နားလိုက်သည်ဟု သတင်းရရှိသည်။

ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနှင့် အလုပ်သမားခေါင်းဆောင်တို့၏ အနိုင်ကျင့်မှု၊ လုပ်အားခ  ဖြတ်တောက်ခံရမှု၊ အချိန်ပိုကြေး ပြည့်ဝစွာမရရှိမှု စသည့်အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် မကြာခန ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းကျော်ရှိသည်ဟု အလုပ်သမားရေးဆောင်ရွက်နေသည့် အဖွဲ့များက ခန့်မှန်းပြောဆို ကြသည်။

Most read this week