မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် စီးပွားရေးကဏ္ဍတွင် ပုဂ္ဂလိက မြေယာပိုင်ဆိုင်ခွင့် ရရှိလာစေရေးအတွက် လာမည့်လွှတ်တော်တွင် အဓိက အဆိုပြုမည် ...
ချင်းမိုင် (မဇ္စျိမ) ။ ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် စီးပွားရေးကဏ္ဍတွင် ပုဂ္ဂလိက မြေယာပိုင်ဆိုင်ခွင့် ရရှိလာစေရေးအတွက် လာမည့်လွှတ်တော်တွင် အဓိက အဆိုပြုမည်ဟု ပါတီခေါင်းဆောင် နိုင်ငွေသိန်းက ဆိုသည်။
“ဥပမာ- ပြည်သူတွေ ကျနော်တို့ကို တင်ပြလာတဲ့ ကျိုက်မရောဘက်က ဘိလပ်မြေစက်ရုံ ဆောက်ဖို့ မြေသိမ်းတဲ့ကိစ္စ၊ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဆွေးနွေးပြီးပြီ။ ‘လယ်လုပ်သူ လယ်ပိုင်ခွင့် မဟုတ်ဘူး၊ လယ်လုပ်သူ လယ်ပိုင်ရမည်’။ ဒါကို လွှတ်တော်မှာ ကျနော်တို့ အဆိုပြုမယ်” ဟု နိုင်ငွေသိန်းက မဇ္စျိမကို ပြောသည်။
လွန်ခဲ့သည့် သီတင်းပတ်ထဲတွင် ရွေးကောက်ပွဲအနိုင်ရ မွန်ပါတီအမတ်များက ၎င်းတို့ဝင်ပြိုင်ခဲ့သည့် ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံနှင့် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်များ၌ ကွင်းဆင်းကာ ပြည်သူ့ဆန္ဒကို လိုက်လံ ကောက်ခံခဲ့သေးသည်။
ကျိုက်မရော၊ မုဒုံနှင့် ရေးမြို့နယ်မှ ပြည်သူများက လယ်ယာအသိမ်းခံရမှုနှင့် ရေလှောင်တမံ ဆောက်လုပ်ခြင်းကြောင့် လယ်ယာမြေ ပျက်စီးရမှုများကို အဓိက တင်ပြခဲ့ကြောင်းနှင့် ကျိုက်မရော၌ လွန်ခဲ့သည့် လအနည်းငယ်တွင် ဘိလပ်မြေ စက်ရုံဆောက်ရန် ဇေကမ္ဘာကုမ္ပဏီက လယ်ယာခြံမြေ ဧက ၈ဝဝ ကျော်ကို သိမ်းယူခဲ့ကြောင်း မွန်ပါတီက ပြောသည်။
ရေး၊ သံဖြူဇရပ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်၌ တပ်သစ်ချရန် မြေယာသိမ်းမှုသည် ၂ဝဝဝ-၂ဝဝ၃ ခုနှစ်ကာလသည် အဆိုးဆုံး အခြေအနေဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်အထိ ခြံမြေဧကပေါင်း ၁,၂ဝဝဝ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ စာရင်းဇယား ပြုစုချက်အရ သိရသည်။
စစ်တပ်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်တွင် နေယူအများဆုံး ရရှိခြင်းနှင့် စစ်တပ်ကပါ လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ယူထားခြင်းကြောင့် လွှတ်တော်အတွင်း မိမိတို့အဆိုပြုချက်များ အထမြောက်ရန် မလွယ်ကူသော်လည်း အတတ်နိုင်ဆုံး ပြင်ဆင်ဆွေးနွေးသွားမည်ဟု နိုင်ငွေသိန်းက ပြောသည်။
ကြံ့ဖွံ့က လယ်လုပ်သူ လယ်ပိုင်ခွင့်မူကို သဘောမတူဘဲ နို်င်ငံတော်ကသာ ပိုင်ရမည်ဟု မူဝါဒ ထားရှိသည်။
မွန်ပါတီ အပါအဝင် တိုင်းရင်းသားပါတီ ၅ ပါတီက ယခုလလယ်ခန့်တွင် ရန်ကုန်၌ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးရန်၊ ဒုတိယသမ္မတ တနေရာတွင် တိုင်းရင်းသားပါတီများမှ ခန့်အပ်ရန်၊ လွှတ်တော်အသီးသီးတွင် ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌ နေရာ၌ တိုင်းရင်းသားပါတီများမှ ခန့်အပ်ရန်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေးအကျဉ်းသား အခွင့်အရေး အပြည့်အဝပေးရန် ကြေညာချက်ထုတ်ကာ တောင်းဆိုခဲ့သေးသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၃၄ ဦး ဝင်ပြိုင်ခဲ့ရာ ၁၆ ဦး အနိုင်ရခဲ့သည်။