ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ရွာသားများသည် မြန်မာစစ်အစိုးရတပ်အတွက် သတင်းများကို နေ့စဉ် အစီရင်ခံပေးနေရကာ ပျက်ကွက်ပါက အပစ်ပေးဒဏ်ခတ်မှုများ ခံရ ...
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ရွာသားများသည် မြန်မာစစ်အစိုးရ တပ်အတွက် သတင်းများကို နေ့စဉ် အစီရင်ခံပေးနေရကာ ပျက်ကွက်ပါက အပစ်ပေးဒဏ်ခတ်မှုများ ခံရကြောင်း သိရသည်။
ဖရူဆိုမြို့နယ် ဖုကရားခူကျေးရွာ အနီး၌ တပ်စွဲထားသော စစ်အစိုးရတပ် ခမရ ၅၃၁ သည် ၎င်းတို့ တပ်စခန်းသို့ ထိုဒေသရှိ ကျေးရွာများမှ ရွာသားများကို ကျေးရွာအုပ်စုနှင့် ကျေးရွာတွင်း၏ အခြေအနေနှင့် ကရင်နီတပ်မတော်များ၏ လှုပ်ရှားမှု သတင်းများကို ပုံမှန် ပေးပို့ခိုင်းကာ ပျက်ကွက်ပါက အပစ်ပေးဒဏ်ခတ်ခြင်း ဖြစ်သည်ဟု ကရင်နီဗဟိုသတင်းအဖွဲ့မှ ခူဒယ်နီယာက ပြောသည်။
၎င်းက “ဖုကရားခူတပ်ပေါ့ ရွာသားတွေကို သတင်း နေ့တိုင်း လာပို့ခိုင်းတယ်လေ။ နောက်ပြီး ခိုးပရာရွာနဲ့ ဂျိုခူရွာက ၃ ရက် ပျက်ကွက်တော့ သူတို့ ပြန်လာတဲ့ နောက်တရက်မှာ စစ်တပ်က ခိုးပရာရွာသားကို ရေ ၃ ခေါက် သွားခပ်ခိုင်းတယ်။ ဂျိုခူရွာသားကိုတော့ ရိက္ခာ သွားထမ်းခိုင်းတယ်” ဟု ပြောသည်။
ရွာသားများသည် သတင်းများကို စစ်အစိုးရတပ် တပ်စခန်းသို့ သွားရောက်ပေးပို့ရသည့်အပြင် သွားသည့် အကြိမ်တိုင်းတွင် စစ်တပ်များအတွက် စားသောက်စရာ ကြက်တကောင် သို့မဟုတ် အရက်တလုံး သို့မဟုတ် ဟင်းတခုခုကို ယူဆောင်လာပေးရကြောင်း ခူဒယ်နီယာက ဆက်ပြောသည်။
သတင်းများ လာရောက်ပေးပို့ရာတွင် စစ်အစိုးရတပ်များက မိမိတို့ ရွာသားများအား ကျေးရွာအုပ်စုနှင့် ကျေးရွာတွင်းတွင် သတင်းများ ထူး၊မထူး ဆိုသည်ကို မေးမြန်းလေ့ရှိကြောင်း၊ အဘယ်ကြောင့် သတင်းများ ထူး၊မထူး ဆိုသည်ကိုလည်း ၎င်းတို့အား ရှင်းပြရကြောင်း စစ်အစိုးရတပ်ကို သတင်းများ သွားရောက်အစီရင်ခံခဲ့ဖူးသူ ဖရူဆိုမြို့နယ်မှ ဒေသခံတဦးက ပြောသည်။
သူက “နအဖ စစ်တပ်တွေကို သတင်း သွားမပို့ရင် သတင်းတခုခု ပေါက်ကြားမယ်ဆိုရင် သူတို့က ကျနော်တို့ရဲ့ ရွာဥက္ကဌကို ကျနော်တို့ ရွာသားတွေကို လာရောက်ဖမ်းမယ်၊ ဆီးမယ်၊ နှိပ်စက်မယ်လေ” ဟု ပြောပါသည်။
ဖရူဆိုမြို့နယ် ခိုပရာနှင့် ဆိုခူတို့ ၂ ရွာသည် စစ်အစိုးရတပ်အား သတင်းများ ပေးပို့ရန် ပျက်ကွက်၍ ပြီးခဲ့သည့် ၅ ရက်နေ့တွင် အပစ်ပေးဒဏ်ခတ်မှု ခံခဲ့ရခြင်း ဖြစ်သည်။ ဖရူဆိုမြို့နယ်တွင် စစ်အစိုးရတပ်များ ဖြစ်သော ခြေမြန်တပ်ရင်း (ခမရ) ၅၃၁ နှင့် ၄၂၈ တို့ အခြေစိုက်ထားသည်။