ဖားကန့်သွားမည့် ကားများ တရုတ်နယ်စပ် လိုင်ဇာမှာ သောင်တင်

ဖားကန့်သွားမည့် ကားများ တရုတ်နယ်စပ် လိုင်ဇာမှာ သောင်တင်
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းသို့ သွားမည့် ကုမ္ပဏီပိုင် မြေသယ်ကား အစီး ၁၀၀ ကျော်ခန့် နယ်မြေဖြတ်ခွင့် အခက်အခဲကြောင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်ရာ တရုတ်နယ်စပ် လိုင်ဇာမြို့ ...

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းသို့ သွားမည့် ကုမ္ပဏီပိုင် မြေသယ်ကား အစီး ၁၀၀ ကျော်ခန့် နယ်မြေဖြတ်ခွင့် အခက်အခဲကြောင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်ရာ တရုတ်နယ်စပ် လိုင်ဇာမြို့၌ ရပ်နားထားရကြောင်း သိရသည်။

လိုင်ဇာမြို့ (ဓါတ်ပုံ KNG)ဖားကန့်ကျောက်စိမ်းတွင်းများတွင် အသုံးပြုရန် တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့သည် ၁၂ ဘီးတပ် မြေသယ်ကားများဖြစ်ပြီး လိုင်ဇာတွင်ရပ်နားထား သည်မှာ တစ်လကျော်ခန့်ရှိပြီ ဖြစ်ကြောင်း လိုင်ဇာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“နအဖက သွားခွင့်မပေးတာလို့ ပြောတယ်၊ ကျောက်ကုမ္ပဏီပေါင်းစုံက ဝယ်တဲ့ကား၊ ဝစ်သောက်တွေပဲ၊ သူတို့ က ဖားကန့်မှာ မြေဇာသယ်ဖို့ သီးသန့်ပဲသုံးမယ်ပေါ့ ကုမ္ပဏီသုံးပေါ့နော် တခြားဘယ်နေရာကိုမှမသွားဘူးပေါ့ အဲလိုဝယ်ထား တာပေါ့ ” ဟု သူက ပြောသည်။

အဆိုပါ ကားတစ်စီး၏ တန်ဖိုးမှာ တရုတ်ယွမ်ငွေ ၃ သိန်းဝန်းကျင်အထိ ရှိပြီး မြန်မာငွေ သိန်း ၅၀၀ခန့်ရှိနိုင်ကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလပိုင်းက စ၍ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံသည့် ကေအိုင်အိုအဖွဲ့၏ ဋ္ဌာနချုပ်ရှိရာ တရုတ်နယ်စပ် လိုင်ဇာမြို့သို့ ကုန်ကားများ ဝင်ထွက်ခြင်းကို နအဖအာဏာပိုင်များက ပိတ်ပင်ထားကြောင်း သိရသည်။