လွှတ်တော်ခေါ်ရန် နီးကပ်လာသော်လည်း လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ စာအုပ်များ ဝယ်မရသေးသည့် ပါတီများ ရှိနေဆဲဖြစ်သည်။ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ လွှတ်တော်ခေါ်ရန် နီးကပ်လာသော်လည်း လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ စာအုပ်များ ဝယ်မရသေးသည့် ပါတီများ ရှိနေဆဲဖြစ်သည်။
နိုဝင်ဘာ ရွေးကောက်ပွဲ၌ ၂ ဦး အနိုင်ရ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့အခြေစိုက် ကယန်းအမျိုးသားပါတီ KNP က ဥပဒေ၊ နည်းဥပဒေ ၁၇ မျိုးပါ စာအုပ်များကို ယနေ့အထိ ဝယ်ယူ၍ မရဘဲ ဖြစ်နေကြောင်း ပါတီ ဥက္ကဋ္ဌ ဦးယူဂျင်းက မဇ္စျိမကို ပြောသည်။
“ကျနော်တို့ဆီ လုံးဝမရောက်သေးဘူးဗျ။ ပြန်ကြားရေးမှာလည်း လိုက်မေးတော့ မရသေးဘူးတဲ့။ ကျနော်တို့ဆီမှာက ကော်မရှင်လည်း ပွဲပြီးမီးသေတော့ ဘယ်ရောက်ကုန်မှန်း မသိတော့ဘူး။ အရင်က မယက ရုံးမှာပဲ။ သူတို့ရုံးနဲ့ ကျနော့်အိမ်နဲ့ မျက်နှာချင်းဆိုင်ပဲလေ” ဟု သူက ဆိုသည်။
KNP သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်မြောက်ပိုင်းနှင့် ကယားပြည်နယ်တွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှင့် လူမျိုးစု ကိုယ်စားလှယ်အတွက် ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂ ဦး အနိုင်ရခဲ့သည်။
စစ်အစိုးရကမူ လွှတ်တော်အတွင်း ဆွေးနွေးမည့် ဥပဒေပါ စာအုပ်များကို ရန်ကုန်မြို့ရှိ စာပေဗိမာန်၊ သတင်း/ စာနယ်ဇင်း လုပ်ငန်းဌာန၊ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦစီးဌာနရုံးများတွင် ဝယ်ယူရရှိနိုင်သည်ဟု ယခုလ ၁ဝ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ သို့သော် ဖယ်ခုံမြို့နယ်အတွင်း ဝယ်ယူ၍ မရဘဲ တောင်ကြီးမြို့သို့ မှာယူရှာဖွေနေရသည်ဟု ဦးယူဂျင်းက ဆိုသည်။
ရန်ကုန်မြို့ စာပေဗိမာန်၌ တနေ့လျှင် အစုံ ၁၀၀ သာ ရောင်းပေးနေသဖြင့် အလုအယက် ဝယ်ယူနေကြသည်။
ပထမအကြိမ် လွှတ်တော် အစည်းအဝေးများကို ယခုလကုန်တွင် စတင်ကျင်းပမည်ဖြစ်သဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ယခုလ ၂၇ ရက်နေ့တွင် ရောက်ရှိကြောင်း သတင်းပို့ရမည်။