ဒုတိယ ပင်လုံ ညီလာခံကို ကြိုဆို သွားမည်ဟု (CEFU) မှပြောဆို

ဒုတိယ ပင်လုံ ညီလာခံကို ကြိုဆို သွားမည်ဟု (CEFU) မှပြောဆို
by -
ဆူးပန်း

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့နှင့် ဖွဲ့စည်းထားသော (Committee for Emergence Of Federal Union) ခေါ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မီတီ အနေနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်...

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့နှင့် ဖွဲ့စည်းထားသော (Committee for Emergence Of Federal Union) ခေါ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မီတီ အနေနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းဆောင်ရွက်သွားမည့် ဒုတိယ ပင်လုံညီလာခံကို ကြိုဆိုသွားမည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာမှ ပြောပါသည်။

ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မီတီမှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာ“ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ သူတို့တတ်နိုင်တဲ့နည်းလမ်း လုပ်နိုင်တဲ့နည်းလမ်းကနေပြီးတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ကျွန်တော်တို့နိုင်ငံ အေးချမ်းသာယာရေး အတွက်ကို သူတို့ လုပ်ဆောင်နေတာ ဖြစ်တယ်။ သူတို့လုပ်နေတာနဲ့ ကျွန်တော်တို့ ဦးတည်ချက်ကနဲ့တော့ ရည်ရွယ်ချက်ခြင်းကတော့ အတူတူပါဘဲ။ အဲဒီတော့ အခုသူတို့ လုပ်နေတဲ့အပေါ်မှာ ကျွန်တော်တို့ကတော့ ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ အားပေးပါတယ်။”

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မီတီ၏  ဒုတိယအကြိမ်မြောက်ညီလာခံကို  ထိုင်းနယ်စပ် တနေရာတွင်ကျင်းပခဲ့ပြီး ဇန္ဖာဝါရီ(၁၄)ရက်နေ့၌ အဖွဲ့၏ထုတ်ပြန်ကြေညာချက်ကိုဖြန့်ဝေခဲ့သည်။ အဆိုပါ ညီလာခံ၏ထူးခြားချက်တခုမှာ အရင်က(SSA)မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ တင်းပြည့် အဖွဲ့ဝင်အဖြစ်ပါဝင်လက်မှတ်ရေးထိုးခဲ့သည်ဟု နိုင်ဟံသာမှပြောပါသည်။

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မီတီကို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အင်အားစု များနှင့် တိုက်ပွဲဝင်နေဆဲတိုင်းရင်းသား လက်နက်ကိုင်အင်အားစုများဖြစ်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (K.I.O)/  ကရင်အမျိုးသားအစည်းအရုံး (K.N.U)/  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (K.N.P.P)/ ချင်းအမျိုးသားတပ်ဦး(C.N.F)/ မွန်ပြည်သစ်ပါတီ(N.M.S.P)   နှင့်ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)  တို့နှင့်ဖွဲ့စည်းထားပါသည်။ အဖွဲ့၏လုပ်ငန်းစဉ်မှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများသည် စစ်ရေးအရ အပြန်အလှန်အကူညီပေးသွားမည်ဟု ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ယခုလိုပြောပါသည်။

“စစ်အစိုးရရဲ့ထိုးစစ်တွေဆင်လာမယ်ဆိုရင် ကျွန်တော်တို့(CEFU)  အဖွဲ့ဝင်တွေအပေါ်မှာတော့ တစ်ဖွဲ့ကိုတိုက်ရင် ကျန်တဲ့အဖွဲ့တွေကို တိုက်သလိုဘဲ ကျွန်တော်တို့ သဘောထားပြီးတော့ ရနိုင်တဲ့ နည်းလမ်းကနေ အကူညီပေးသွားဖို့ ရှိတယ်။ ဒါပေမဲ့ ဘယ်လိုကူညီရမလဲ ဆိုတာကတော့ တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးဘူး။ လိုအပ်တဲ့အပေါ်မှာ ကျွန်တော်တို့ စဉ်းစားပြီးတော့ ကူညီသွားမှာပါ။”

လာမည့်ဇန္ဖာဝါရီ(၃၁)ရက်နေ့တွင် မြန်မာနိုင်ငံမှာလွှတ်တော်အသစ်ကိုဆင့်ခေါ်သွားမှာဖြစ်သော် လည်း နိုင်ငံအတွက်အ ပြောင်းအလဲရှိလာမှာ မဟုတ်ဟု အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ပြောပါသည်။

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မီတီကို  (၂ဝ၁ဝ)ပြည့်နှစ်၊ နိုဝင်ဘာလ(၄)ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပါသည်။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများ စုံညီစွာ တက်ရောက်မည့် တိုင်းရင်းသားလူမျိုးများ ညီလာခံတရပ်ကို အခြားအဖွဲ့များနှင့် ညှိနှိုင်းပြီးခေါ်ယူ ကျင်းပသွားမည်ဟု  ဇန္ဖာဝါရီလ(၁၄) ရက်နေ့ထုတ် ကျေညာချက်ထဲတွင် ထုတ်ပြန်ထားပါသည်။

Most read this week