ကရင်နယ်ခြားစောင့် တပ်ဖွဲ့အား DKBA က တိုက်ခိုက်

ကရင်နယ်ခြားစောင့် တပ်ဖွဲ့အား DKBA က တိုက်ခိုက်
by -
ဇော်ကြီး

နယ်ခြားစောင့်တပ်ဖွဲ့ BGF အဖြစ်လက်ခံထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ကားကို BGF လက်မခံသည့် DKBA က ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ ...

နယ်ခြားစောင့်တပ်ဖွဲ့ BGF အဖြစ်လက်ခံထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ကားကို BGF လက်မခံသည့် DKBA က ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့သည်။

ကရင်ပြည်နယ် မြဝတီမြို့မှ ရိက္ခာသယ်ပြန်လာသည့် BGF တပ်ဖွဲ့ပိုင် ဟိုင်းလတ်ကားနှစ်စီးအား သင်္ကန်းညီနောင် တံတားကျိုး ဂိတ်တွင် DKBA တပ်ဖွဲ့က ခြံုခိုတိုက်ခိုက်ခဲ့သည်ဟု မြဝတီမြို့ခံ တစ်ဦးက ယခုလိုပြောသည်။

“မြဝတီ သင်္ကန်းညီနောင် ခမရ ၃၅၅၊ ၃၅၆ နားမှာ ဒီကနေ့ ကားတန်းအဆင်းမှာ ပါဆင်ဂျယ် ကားတစ်စီးကို တိုက်ခိုက်တယ်နော်။ အခုလောလောဆယ် မြဝတီဆေးရုံမှာ ၁၅ ယောက်လောက် အတွင်းလူနာအဖြစ်တင်ထားတယ်။ ဒီကေဘီအေ ဖြစ်ဖို့များတယ်တဲ့။ နအဖ စစ်ကြောင်းက လိုက်တိုက်နေတယ်ပြောတယ်။ ပစ်ပြီးတော့ ထွက်ပြေးသွားတာ လက်နက်ငယ်နဲ့လည်း ပစ်တယ်တဲ့။”

ပစ်ခတ်မှုဖြစ်ပွားသည့်ကိစ္စ မှန်ကန်သော်လည်း ဖြစ်ပျက်ပုံအသေးစိတ်ကို မသိသေးကြောင်းနှင့် မြဝတီစျေးအတွင်းသတင်းအမျိုးမျိုး ထွက်ပေါ်နေသည်ဟု မြဝတီမြို့မှ အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ယခုလိုပြောသည်။

“ပစ်တာတော့ DKBA ကလို့ပြောနေကြတယ်။ သူတို့ပြောတာတော့ နှစ်ပိုင်းပဲပြောနေကြတယ်။ တချို့ပြောတာက ခရီးသည်ကား၊ တချို့ကပြောတာကလည်း မနေ့က ဆေးရုံကနေ အောက်ကို ဆင်းတဲ့ကားတဲ့။ အဲလိုပြောတာပဲ။ ဘယ်ဥစ္စာအမှန်လည်း ကျနော်လည်း မပြောတတ်ဖူး။ မနေ့က တိုက်ပွဲမှာ ဒဏ်ရာရတဲ့ဟာတွေ ဒီဆေးရုံကနေ အောက်ဆင်းတဲ့သဘောပေ့ါ။ အဲတာကို ဆော်တယ် လို့ပဲကြားတယ်။”  

တိုက်ခိုက်မှုဖြစ်ပွားသည်မှာ မှန်ကန်ကြောင်းနှင့် ယင်းဒေသအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံတပ်ဖွဲ့များနှင့် DKBA တပ်ဖွဲ့တို့ ပူးတွဲစစ်ရေးလှုပ်ရှားမှုများရှိသောကြောင့် မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကို စုံစမ်းနေဆဲဖြစ်သည်ဟု DKBA ခွဲထွက်အဖွဲ့၏ တပ်မှူး
ဗိုလ်မှူးကြီး စောလားပွယ်က ပြောသည်။

“အဖြစ်အပျက် အတိအကျကတော့ ကျနော်တို့ပဲပစ်တာလား။ ပူးတွဲပစ်တာလားဆိုတာ မသေခြာ သေးဘူး။ ဖြစ်တော့ ဖြစ်နေပြီ။ ဖြစ်တာတော့ အမှန်ဖြစ်နေပြီ။ ဒါပေမယ့် ဘယ်အဖွဲ့အစည်း ဘယ်သူ တွေနဲ့ ဖြစ်နေတာ အတိအကျမရသေးဘူး။ ကျနော်တို့နဲ့ နည်နည်းအလှမ်းဝေးတော့နော်။”  

မည်သည့်အဖွဲ့ကတိုက်ခိုက်သည်ဖြစ်စေ ယခုလိုတိုက်ပွဲကာလ၌ ဒေသအတွင်းဝင်ရောက်လာ သည့်  ရန်သူ့စစ်ကားမှန်လျှင် တိုက်ခိုက်ရမည်ဟု ဆက်ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်တပ်ဖွဲ့မှ ထိခိုက်ကျဆုံးနှင့် ဒဏ်ရာရသူ ၁၅ ဦးရှိကြောင်း အာဏာပိုင်နှင့် နီးစပ်သည့် မြဝတီမြို့ခံတစ်ဦးက ယခုလိုပြောသည်။

“မဲဆောက်ဆေးရုံကို လေးယောက်ရောက်တယ်။ နယ်ခြားစောင့်တပ်က ဘီဂျီအက်ဖ်တွေ။ သေတာ ကလေးယောက်တဲ့။ အလောင်းကတော့ ဒီဖက်မရောက်ဖူး။ သူတို့ဒဏ်ရာရတဲ့သူလောက်ပဲ ရောက်တာ။ အခု မဲဆောက်ကိုရောက်တာက လေးယောက် မြဝတီဆေးရုံမှာက ခုနှစ်ယောက်။”  

၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကာလမှစ၍ BGF ဖွဲ့စည်းရေးကိုလက်မခံ ငြင်းဆန်ထားသည့် DKBA နှင့် စစ်အစိုးရတို့အကြား အချိန်နှစ်လကျော်ကြာ တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး ယင်းတိုက်ပွဲများတွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိုလက်ခံထားသည့် BGF တပ်ဖွဲ့များအား စစ်အစိုးက အသုံးပြုမှုများ ရှိလိမ့်မည်ဟု လေ့လာသူများက သုံးသပ်ပြောဆိုသည်။

Most read this week