ဗိုလ်မှူးဂျလွမ်းထော ဦးစီးသည့် မွန်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ယခုသီတင်းပတ်၌ မိခင် မွန်ပြည်သစ်ပါတီသို့ ပြန်လည် ဝင်ရောက်လာကြောင်း ကာယကံရှင်များနှင့် တွေ့ဆုံ မေးမြန်းချက်အရ သိရ ...
ဗိုလ်မှူးဂျလွမ်းထော ဦးစီးသည့် မွန်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ယခုသီတင်းပတ်၌ မိခင် မွန်ပြည်သစ်ပါတီသို့ ပြန်လည် ဝင်ရောက်လာကြောင်း ကာယကံရှင်များနှင့် တွေ့ဆုံ မေးမြန်းချက်အရ သိရသည်။
“စက်တင်ဘာလ ၁ ရက်နေ့က စစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်သွားပြီလို့ သိရတဲ့အတွက် ကျနော်တို့အားလုံး ပါတီကို ပြန်ဝင်လာတာ ဖြစ်တယ်” ဟု ဗိုလ်မှူးဂျလွမ်းထောက ပြောသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့၌ ဗိုလ်မှူးဂျလွမ်းထော ဦးစီးပြီး တပ်ဖွဲ့ဝင် ၂၀ နှင့်အတူ မွန်ပြည်သစ်ပါတီမှ ခွဲထွက်ကာ ရေးတောင်ပိုင်းဒေသနှင့် ရေဖြူမြို့နယ် တဝိုက်တွင် လှုပ်ရှားရင်း စစ်အစိုးရ တပ်ဖွဲ့အား ပြောက်ကျား စစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
“အပစ်ရပ်စဲတဲ့ကာလမှလည်း မွန်ဒေသအချို့မှာ စစ်အစိုးရက လူ့အခွင့်အရေးတွေ ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်နေတာကို မခံမရပ်နိုင်လို့ ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်ခဲ့တာ ဖြစ်တယ်” ဟု ဗိုလ်မှူး ဂျလွမ်းထောက ဆက်ပြောသည်။
“သူတို့ ခုလို ဝင်လာတာအင်အား ၂၇ ယောက်နဲ့ လက်နက် အပြည့်အစုံ ပါလာတာကို အတည်ပြုနိုင်ပါပြီ၊ နောက်လက်ကျန်တွေကိုတော့ ဗဟိုက အတည်မပြုနိုင်သေးဘူး” ဟု မွန်ပြည်သစ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီက ပြောသည်။
၁၉၉၅ ခုနှစ် အပစ်ရပ်စဲသည့် ကာလတလျှောက်တွင် လက်မခံနိုင်သဖြင့် မွန်ပြည်သစ်ပါတီမှ ၃ ဖွဲ့ခွဲထွက်မှုများ ရှိခဲ့ကြောင်း နိုင်တလညီက ဆက်ပြောသည်။
၄င်းအဖွဲ့များမှာ မြိတ်ခရိုင်တပ်ဖွဲ့၊ ဗိုလ်မှူကြီးပန်းညွန့်ဦးစီးသည့် ဟံသာဝတီ ပြန်လည်ထူထောင်ရေး ပါတီနှင့် ဗိုလ်မှူး ဂျလွမ်းထော ဦးစီးသည့် အဖွဲ့များသာ ဖြစ်ကြသည်ဟု သိရသည်။
အခြား မွန်လက်နက်ကိုင်အဖွဲ့ငယ်များမှာ မွန်ပြည်သစ်ပါတီမှ ခွဲထွက်ခဲ့ခြင်းမဟုတ်၊ အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော မွန်လက်နက်ကိုင် အဖွဲ့ငယ်များသာ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။