ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးမြို့ရဲ့ အမှတ် (၂) ဂိတ်ကို ဖြတ်သွားဖြတ်လာ လုပ်နေကြရတဲ့ ပြည်သူလူထုတွေဟာ ဂိတ်ကိုစောင့်နေတဲ့ စစ်အစိုးရ စစ်တပ် ခမရ (၄၂၉) တပ်ရင်းနဲ့ ခလရ (၁၃၄) တပ်ရင်းတို့ ...
ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးမြို့ရဲ့ အမှတ် (၂) ဂိတ်ကို ဖြတ်သွားဖြတ်လာ လုပ်နေကြရတဲ့ ပြည်သူလူထုတွေဟာ ဂိတ်ကိုစောင့်နေတဲ့ စစ်အစိုးရ စစ်တပ် ခမရ (၄၂၉) တပ်ရင်းနဲ့ ခလရ (၁၃၄) တပ်ရင်းတို့ကို ဖြတ်သန်းသွားလာခ အခကျေးငွေတွေ ပေးဆောင်နေကြရတယ်လို့ ဆိုပါတယ်။
ဘာပစ္စည်းမှ မသယ်ဆောင်လာရင်လည်း လူသွားလာခ ကျပ် ၅ဝဝ ပေးဆောင်ရပြီး ကုန်ပစ္စည်းတခုခု သယ်ဆောင်သွားပါက ၁၅ဝဝ ကျပ်အထိ ပေးဆောင်နေရတယ်လို့ မော်ချီးဒေသက ကုန်သည်တဦးက ပြောပါတယ်။
“ကုန်သည်ဖြစ်ဖြစ် လူထွက်လူဝင် မှန်သမျှကောက်တယ်။”
လူထုတွေဟာ ဝင်ငွေမရှိကြပါဘူး။ တရက်လုပ်မှ တနပ်စာ ထမင်းစား ကြရတာပါ။ လယ်ထဲ၊ တောင်ယာထဲ ဆင်းပြီး အလုပ်လုပ်ကိုင်ရာမှ ရရှိလာတဲ့ ဆန်စပါး၊ နှမ်းနဲ့ တခြားသီးနှံ စတဲ့ ကုန်ကြမ်းတွေကို တနှစ်တာလုံးအတွက် စုဆောင်းကြရပါတယ်။ ကိုယ့်မှာ ရှိတဲ့ အသီးအနှံတွေနဲ့ ကိုယ် လိုချင်၊ စားချင်တဲ့ အရာတွေကို အိမ်နီးနားချင်းတွေနဲ့ ပိုက်ဆံ ပေးဝယ်စရာမလိုပဲ အချင်းချင်း လဲလှယ် ပေးကမ်း စားသောက်နေကြတာပါ။
စစ်အစိုးရ စစ်တပ်တွေကတော့ လူထုတွေ ချွေး၊ သွေးနဲ့ ရင်းပြီး တရက်လုပ် တရက်စား ဘဝနဲ့ ကိုယ့်မိသားစု စားဝတ်နေရေးဖူလုံဖို့ စုဆောင်းချွေတာပြီး ရရှိလာတဲ့ ပိုက်ဆံအနည်းငယ်ကို နည်းလမ်းအမျိုးမျိုးနဲ့ ပြန်လည်တောင်းယူ ကောက်ခံနေပါတယ်။ ဒီအခက်အခဲဒဏ်ကို လူထုတွေ ခံနေရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။
“ အထူးသဖြင့် အခု ဒီအချိန်မှာနော်။ ဒီချိန်မှာဆိုရင် တပ်မဟာ (၂ )ထဲမှာ လက်လုပ်လက်စား၊ တောင်ယာလုပ်စားတဲ့ လူထုတွေပေါ့။ သူတို့က ပြီးသွားပြီ။ သူတို့ ဘာတွေ စုဆောင်းရမလဲဆိုရင် အဓိက က ဆား သူတို့စုဆောင်းထားတယ်။ အဲဒါ ဆားဘယ်မှာ သွားယူလဲဆိုရင် ပင်လယ်ကမ်းခြေမှာ သွားယူလို့ မရဘူး။ မော်ချီးမှာ သွားယူရတယ်။ အဲတော့ သူတို့ အဓိက အစားအစာက ဆားရယ်၊ နောက် ငါးပိ နောက် ဟင်းချိုမုန့်တို့ ဘာတို့ပေါ့နော်။ မီးဖိုဆောင် အသုံးဆောင်ပစ္စည်းတွေလေ။ အဲဒါ မော်ချီးမှာ သွားဝယ်ရတာ” လို့ အမှတ်(၂ )ခရိုင်မှာ ခရီးသွားလေ့ရှိသူူတဦးက ပြောပြပါတယ်။
မော်ချီးမြို့မှာ ကုန်သည် နှစ်မျိုး နှစ်စားရှိပါတယ်။ တမျိုးကတော့ လွိုင်ကော်မြို့ (သို့မဟုတ်) မြို့ကြီးပြကြီးမှာ လူသုံးကုန်ပစ္စည်း၊ အစားအစာနဲ့ အဝတ်အစားတွေ ဝယ်ယူပြီး မော်ချီးမြို့မှာ ပြန်လည်ရောင်းချပါတယ်။ နောက်တမျိုးကတော့ တောင်ပေါ်ဒေသ တောင်ပေါ်ရွာကနေ မော်ချီးမြို့သို့ ဆား၊ ဟင်းချိုမုန့် စတဲ့ စားသုံးကုန်ပစ္စည်းတွေ ဝယ်ယူပြီး ရွာကို ပြန်လည်ရောင်းချတဲ့ ကုန်သည်တွေပဲ ဖြစ်ပါတယ်။
သူတို့တွေဟာ ဂိတ်အခွန်တွေ ပေးဆောင်ရတာ အခက်အခဲ အကျပ်အတည်း မဖြစ်ပေမဲ့ ဘာမှမရှိ ရိုးရိုးလူထုအတွက်ကတော့ အခက်အခဲဖြစ်ပါတယ်။
“အခက်အခဲ ရှိတယ်ဆိုတာက တချို့ပေါ့နော် ဝင်ငွေက သိပ်မကောင်းဘူး။ တချို့က ဝင်ငွေ လုံးဝ မရှိဘူး။ ဝင်ငွေရတာက ကြက်တို့ ဝက်တို့ မွေးတဲ့ အပေါ်မှာပဲ မူတည်တယ်။ ရှိသမျှဝင်ငွေကို စားဖို့ တခုအတွက် သူတို့လိုအပ်တဲ့ ဆားတို့ စုဆောင်းဖို့အတွက် သွားဝယ်ပြီး ပြန်လာတာ။ တချို့က အပို ပိုက်ဆံလေးပါလာတာပေါ့။ တချို့က လူထုတွေကျတော့ တပြားတချပ်မှ မပါလာဘူး။ ဆိုတော့ ဒီလိုမျိုးကြံုရတဲ့ အချိန်မှာဆိုရင် သူတို့ မျက်နှာပူရတယ်။ သူတို့ ချေးရတာပေါ့နော်။ တယောက်တယောက် ဆီမှာ သွားပြီးတော့ ပြန်ချေးယူရတယ်” လို့ မော်ချီးဒေသခံ တဦးက ဆက်ပြောပါတယ်။
အမှတ် (၂ )ဂိတ်ဟာ မော်ချီးလမ်းခွ၊ ဖာဆောင်းသွားတဲ့ လမ်းဖက်မှာ တည်ရှိပြီး ရွာနဲ့ သိပ်မဝေးပါဘူး။ ထိုနည်းအတူပါပဲ အမှတ် (၂ )ဂိတ်အပြင် လုံခြံုရေးကို အကြောင်းပြပြီး ကြံဖန် လုပ်ထားတဲ့ ဂိတ်ငယ်တွေလည်း အများကြီး ရှိပါတယ်။
“ဂိတ်မှာ ပိုက်ဆံတောင်းတာတော့ အဲမှာ လမ်းတလျှောက်လုံးကောက်တယ်” လို့ ခရီးသွား တယောက်ကလည်း ပြောပြပါတယ်။
လူထုဆီက နည်းအမျိုးမျိုးနဲ့ ရယူထားတဲ့ ပိုက်ဆံတွေဟာ အထက်ကို ပြန်လည်တင်ပြမှုတွေ မရှိခဲ့ပါဘူး။ အောက်ခြေ စစ်တပ်တွေရဲ့ မှားယွင်းမှု၊ လူထုတွေကို အနိုင်ကျင့် လိမ်လည်လှည့်စားနေတာကို အထက်အစိုးရက သိပေမဲ့လည်း ဒီပြသာနာကို သူတို့ကိုယ်တိုင် ဖြေရှင်းမှုမပေးပဲ မသိသလိုသာ နေလိုက်ကြပါတယ်။
“ဥပမာ ကုန်သည်ပွဲစားတွေ အများအားဖြင့် ဂိတ်ဖြတ်တဲ့လူတွေ အတွက်တော့ နေ့တိုင်း ပေးဆောင်ရမှာပဲလေ။ သူဂိတ်ဖြတ်မယ်ဆို ထားပါတော့ ဥပမာ ကုန်ကားတစီးက ဂိတ်တွေ သူဖြတ်ရတော့မယ်ဆိုရင် တရားမဝင်တဲ့နည်းနဲ့ ခိုးပေးရတာတော့ ရှိတာပေါ့။ တချို့ကျတော့လည်း တရားဝင်တဲ့နည်းနဲ့ ပေးတာမျိုးရှိတာပေါ့” လို့ ကရင်နီ လူမှုကယ်ဆယ်ရေးနှင့် ဖွ့ံဖြိုးရေး ပင်မဌာနမှ ပြည်ထဲရေး ဒု-တာဝန်ခံ ဗမာနိုင်က ပြောပါတယ်။
တိုင်းရင်းသား လူထုတွေဟာ များသောအားဖြင့် တောင်ယာလုပ်ငန်း၊ ဖာလံလုပ်ငန်း၊ ခဲလုပ်ငန်း၊ ကုန်သည် စျေးရောင်းစျေးဝယ် စတဲ့ လုပ်ငန်းတွေသာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြပြီး ငြိမ်းချမ်းမှုကို ခင်တွယ်တဲ့ တိုင်းရင်းသား လူထုတွေပါ။ အဲဒါကြောင့် သူတို့တွေဟာ စစ်အစိုးရရဲ့ လက်ခုပ်ထဲက ရေလိုပါပဲ စေခိုင်းရာကို ရေငုံ နှုတ်ပိတ်ပြီး လုပ်ပေးနေရတဲ့ ပြည်သူတွေရဲ့ ဘဝကို တွေးမိရင်း…။