ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်မည်ဟု ဦးခင်ရွှေ ပြော

ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်မည်ဟု ဦးခင်ရွှေ ပြော
by -
ကိုဝိုင်း

၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်ယူရန်ရှိသည်ဟု အမတ်နေရာ အများဆုံးရသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေက ခန့်မှန်း ပြောဆို ...

ချင်းမိုင် (မဇ္စျိမ) ။       ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်ယူရန်ရှိသည်ဟု အမတ်နေရာ အများဆုံးရသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေက ခန့်မှန်း ပြောဆိုသည်။

“ဒီလ ၁၄ ရက်နေ့လောက် ပြည်သူ့လွှတ်တော် စမှာပါ။ တရားဝင်စာတော့ မထွက်သေးဘူး။ စပြီးရင် ရ ရက်ဆိုရင် အမျိုးသားလွှတ်တော်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်” ဟု ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင်လည်းဖြစ်သူ ဦးခင်ရွှေက မဇ္စျိမကို ပြောသည်။

၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပြည်သူ့လွှတ်တော် စတင်ပြီး တပတ်အတွင်း အမျိုးသား လွှတ်တော်ကို ခေါ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း၍ ၁၅ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်ကို ကျင်းပရမည်ဟုလည်း ပါရှိသည်။

ဦးခင်ရွှေသည် အငြင်းပွားဖွယ် နိုဝင်ဘာ ရွေးကောက်ပွဲ၌ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ် ၃ ခု ပါ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၉ မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ခေတ်သစ် ပြည်သူ့ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့ကို မဲ ၁၇၃၂ဝ၈ ဖြင့် နိုင်သည်ဟု ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

“နိုင်ငံတော်” က တာဝန်ပေးသဖြင့် ဝင်အရွေးခံရသည်ဟု ဆိုခဲ့သည့် ဦးခင်ရွှေက အစိုးရဖွဲ့မည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် ပူးပေါင်းမှသာ သက်ဆိုင်ရာဒေသများ ဖွံ့ဖြိုးနိုင်မည်ဟုလည်း ပြောဆိုခဲ့သူ ဖြစ်သည်။

အသစ်တက်လာမည့် အစိုးရသက်တမ်း ၅ နှစ်အတွင်း သူ၏ ဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်း စီမံကိန်းအနေဖြင့် သူ၏ မဲဆန္ဒနယ် မြို့နယ် ၃ ခု အပါအဝင် ဒလ၊ ဒေးဒရဲ မြို့နယ်များသို့ ရန်ကုန်နှင့် ဆက်သွယ်ထားသော လက်ရှိ ကားလမ်းကို နှစ်လမ်းသွားအဖြစ် ပြုပြင်ဖောက်လုပ်ရန်လည်း လုပ်ငန်းများ စတင်နေပြီဟု သူက ပြောသည်။

စစ်အစိုးရ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ယခင် တာဝန်ပေးထားသော Crown Wire ကုမ္ပဏီထံမှ လုပ်ငန်းများကို လွှဲပြောင်းယူမည်ဖြစ်ပြီး၊ လတ်တလော ဆောက်လုပ်ရေးအတွက် လိုအပ်သည့် ယန္တယားနှင့် ပစ္စည်းများ စုဆောင်းနေသည်ဟု ဆိုသည်။

“လောလောဆယ် စာချုပ်ချုပ်ပြီး မုပ္ပလင်ကျောက်တွေ သယ်နေပြီ။ ကတ္တရာတွေ သယ်ပြီ။ ယန္တယားတွေမှာဖို့ လုပ်နေပါပြီ။ လမ်းက အပေါက်တွေကို ဖာမယ်။ ဘေးကို တဖက်ကို ၃ ပေ၊ ၄ ပေလောက် ချဲ့မယ်။ အခုက တစီးသွားရင် တစီးက စောင့်နေရတယ်။ မိုးမရောက်ခင်မှာတော့ အပြီး လမ်းချောအောင် လုပ်ရမယ်” ဟု သူက ပြောသည်။

ယင်းလမ်းပြင်ဆင် ဖောက်လုပ်မှုအတွက် ကျပ်သိန်း တသောင်းနှင့် နှစ်သောင်းအကြား ကုန်မည်ဟု ခန့်မှန်းထားပြီး လမ်းပြင်ဆင်နေစဉ် လမ်းခွန်ကောက်မည် မဟုတ်ပဲ လမ်းပြီးစီးသွားမှသာ သတ်မှတ်နှုန်းအတိုင်း “နှစ်ပေါင်းများစွာ” ကောက်မည်ဟုလည်း ဆိုသည်။

၎င်းတို့ပါတီ ဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အတွင်းရေးမှူး စိုက်ပျိုးရေးဝန်ကြီး ဦးဋ္ဌေးဦးတို့က နိုင်ငံတဝှန်းရှိ အနိုင်ရ ကြံ့ဖွံ့ကိုယ်စားလှယ်များကို ပြီးခဲ့သည့်လ ၂၁-၂၂ ရက်နေ့များ၌ နေပြည်တော်သို့ ခေါ်ယူ၍ ပါတီ ပိုမို ကျစ်လစ်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ပြီးဖြစ်သည်။

ကြံဖွံ့ပါတီက တနိုင်ငံလုံးတွင် ရ၄ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရပြီး အစိုးရဖွဲ့မည်ဟု ဦးခင်ရွှေက ပြောဆိုနေသော်လည်း ရွေးကောက်ပွဲ၌ မဲမသာမှုများ ရှိနေကြောင်း လတ်တလော ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဘက် အမတ်များအကြား အပြန်အလှန် တရားစွဲဆိုမှုများက သက်သေပြနေသည်။

Most read this week