ပြီးခဲ့သည့် လပိုင်းအတွင်း စစ်အစိုးရထံ လက်နက်ချခဲ့သည့် မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့အား ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ ကော့ပေါက်(ကော့ဘိန်းရွာအနီး)ရွာ၌ သက်ဆိုင်ရာ အာဏာပိုင်များ ...
ပြီးခဲ့သည့် လပိုင်းအတွင်း စစ်အစိုးရထံ လက်နက်ချခဲ့သည့် မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့အား ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ ကော့ပေါက်(ကော့ဘိန်းရွာအနီး)ရွာ၌ သက်ဆိုင်ရာ အာဏာပိုင်များက လောင်းကစားဝိုင်းများ တရားဝင် ဖွင့်လှစ်ခွင့် ပြုထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
“အနီထောင်၊ အန်ဂလုံ၊ ကြက်ဝိုင်း၊ ဖဲဝိုင်းအမျိုးစုံရှိတယ်၊ နေ့ရောညပါ စည်ကားနေတာပဲ၊ အာဝါဒေးလိုပဲပေါ့” ဟု ကော့ပေါက်ရွာသား နိုင်သိန်းက ပြောသည်။
သူ့အပြောအရ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်ဖွဲ့ ဒုတိယအကြိမ် လက်နက် အပ်နှံခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ပိုင်း၌ လောင်းကစားဝိုင်းများ ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
အဆိုပါ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်နေ့တွင်လည်း မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ပထမတစ်ကြိမ်လက်နက်ချခဲ့သည်ကို ယခင်သတင်းများ၌ ဖေါ်ပြခဲ့ပြီးဖြစ်သည်။
“တစ်နေ့ကို ပျမ်းမျှသုံးသိန်းလောက် အကောက်ကြေးရပါတယ်၊ ဒါမှလည်းကျနော်တို့တပ်ဖွဲ့ဝင်တွေ ရပ်တည်ရေးအတွက် အဆင်ပြေမှာပါ”ဟု အဆိုပါ မွန်ငြိမ်းချမ်းရေးကာကွယ်ရေး(မွန်လက်နက်ချ)တပ်ဖွဲ့မှ အမည်မဖေါ်လိုသူ တပ်ဖွဲ့ဝင်တစ်ဦးက ကောင်းဝါသတင်းသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။
အဆိုပါမွန်လက်နက်ချအဖွဲ့မှ အင်အား(၂၀) ဦးခန့် ကော့ပေါက်ရွာ၌ စုဆောင်းထားရှိရန် မြန်မာအာဏာပိုင်မှ ညွှန်ကြားထားရှိပြီး ၄င်းတို့ရပ်တည်ရေးအတွက် လောင်းကစားဝိုင်းများ ဖွင့်လှစ်စေခဲ့သည်ဟု အဆိုပါတပ်ဖွဲ့ဝင်ပြောပြချက်အရ သိရသည်။
“ခလေးရောလူကြီးပါမကျန် လောင်းကစားဝိုင်းကို ရောက်နေကြတယ်၊ ငွေကြေးကိစ္စတွေကြောင့် လင်မယားချင်းပြဿနာတက်ကြတာကတော့ နေ့တိုင်းလိုလိုပဲ၊ ခုတလောကျောင်းပိတ်ရက်ကလည်း ရှည်နေတော့ ကျမကျောင်းသားတွေဆိုရင် အဲဒီဝိုင်းတွေမှာပဲ”ဟု အမည်မဖေါ်လိုသော ဒေသခံပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ယင်းကဲ့သို့လောင်းကစားဝိုင်းများ တရားဝင်ဖွင့်ပေးထားသဖြင့် ဒေသအတွင်း မလိုလားအပ်သော ရာဇဝတ်မှုများဖြစ်ပေါ်လာမည်ကိုစိုးရိမ်နေရကြောင်း ဗုဒ္ဓဘာသာမွန်ရဟန်းတော်များအကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။