“၂၂ဝဝ ကျော်ကို အခုလွှတ်” ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေသည့် ပြည်တွင်းအခြေစိုက် သံဃာ၊ ကျောင်းသား မြေအောက်အဖွဲ့အစည်း ၁၁ ဖွဲ့က ...
ချင်းမိုင် (မဇ္စျိမ) ။ ။ “၂၂ဝဝ ကျော်ကို အခုလွှတ်” ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသည့် ပြည်တွင်းအခြေစိုက် သံဃာ၊ ကျောင်းသား မြေအောက်အဖွဲ့အစည်း ၁၁ ဖွဲ့က ယနေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ကာ စစ်အစိုးရကို တောင်းဆိုလိုက်သည်။
နိုင်ငံရေးလှုပ်ရှားသူများကို မတရား ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး ထိုသူများ လွတ်မြောက်ရေးသည် အမျိုးသား ရင်ကြားစေ့ရေးအတွက် ပထမခြေလှမ်းအဖြစ် ကြေညာချက်တွင် ဖော်ပြထားသည်။
“ဒီကြေညာချက်ကို ကျနော်တို့တတွေ လူချင်း တွေ့ဆုံဆွေးနွေးပြီး တကယ်လိုအပ်လာလို့ အခုလို ထုတ်ပြန်ရတာပါ” ဟု စုပေါင်းကြေညာချက်ထုတ်သည့် အဖွဲ့ ၁၁ ဖွဲ့ထဲမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က မဇ္စျိမကို ပြောသည်။
၎င်းတို့၏ ကြေညာချက်ထဲတွင် “နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးခြင်းသည် အမျိုးသား ရင်ကြားစေ့ရေးအတွက် ပထမခြေလှမ်းဖြစ်သလို ပိတ်ဆို့ဒဏ်ခတ်မှုများကိုလည်း စတင်ရုပ်သိမ်းသွားစေရန် သေချာစေသည့် အချက်” ဟု ဆိုထားသည်။
ယနေ့ကြေညာချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗကသ၊ ရခိုင်ကျောင်းသားများ၊ ရက္ခအလင်းတန်း၊ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များ အင်အားစု၊ ၂ဝဝ၇ မျိုးဆက် ကျောင်းသားများသမဂ္ဂ၊ အခြေခံပညာ ကျောင်းသားများသမဂ္ဂ၊ မြေလတ်ကျောင်းသားများအဖွဲ့၊ ဗမာနို်င်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂနှင့် Saffron Generation အဖွဲ့တို့က ပူးတွဲထုတ်ပြန်ခြင်း ဖြစ်သည်။
အဖွဲ့တာဝန်ခံများ လက်မှတ်ထိုးထားသော ကြေညာချက်ထဲတွင် လွတ်လပ်ရေးမရသေး၊ ထောင်အုတ်ရိုးအတွင်းမှ ငရဲခန်းများ၊ နိုင်ငံရေး အကျဉ်းသားများနှင့်ပတ်သက်၍ တိုက်တွန်း နှိုးဆော်ချက်၊ နိုင်ငံရေးအကျဉ်းသားနှင့် အမျိုးသားရင်ကြားစေ့ရေး ခေါင်းစဉ်ငယ်များဖြင့် အပိုင်း ၄ ပိုင်း ခွဲကာ တင်ပြထားသည်။
နအဖ စစ်အစိုးရ၏ ထင်တိုင်းကြဲ ဖမ်းဆီးနေမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခေါ်ဆောင်၊ စစ်ကြော၊ ရုံးတင်အမိန့်ချ၊ ထောင်တွင်းရှိ နေထိုင်ရသော အခက်အခဲများ၊ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဘဝများ ခက်ခဲ ပင်ပန်းမှုများကို အခန်းငယ်များပါ ပါဝင်သည်။
လွတ်လပ်ရေး ဗိသုကာကြီးများနှင့် ပြည်သူတရပ်လုံးက တိုက်ပွဲဝင်ရယူပေးခဲ့သော လွတ်လပ်ရေး အသီးအပွင့်အား စစ်ဗိုလ်ချုပ်တစုနှင့် ၎င်းတို့လက်ဝေခံ ခေတ်ပျက် စီးပွားရေးသမားများက မောင်ပိုင်စီးထားကာ၊ တိုင်းရင်းသား လူမျိုးစုံ ပြည်သူများမှာ လူဖြစ်ရှုံးနေပြီး လူလုံးမလှသော ဘက်ပေါင်းစုံ ဝဲဂယက်တွင် လှော်ရင်းနစ်နေဆဲဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။
ထို့အပြင် နိုင်ငံရေး အကျဉ်းသားများနှင့်ပတ်သက်၍ စစ်အစိုးရကို တောင်းဆိုချက် ၁၅ ချက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ အကြံပြုချက် ၄ ရပ်၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC သို့ တင်ပြချက် ၂ ချက်၊ ပြည်ပရောက် မြန်မာနို်င်ငံသားများကို တိုက်တွန်းချက် ၂ ရပ်နှင့် အဖွဲ့လိုက် လုပ်ဆာင်သွားမည့် အချက်များကိုပါ ဖော်ပြထားသည်။
ICRC နှင့်ပတ်သက်၍ ကိုဇာနည်က “အဓိက ကတော့ သူတို့ကိုယ်တိုင် မြန်မာပြည်ထဲလာပြီး နိုင်ငံရေး အကျဉ်းသား မိသားစုတွေနဲ့ တွေ့ဆုံပြီး ထိထိရောက်ရောက် ကူညီပေးစေချင်ပါတယ်” ဟု ပြောဆိုသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် နို်င်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် နိုင်ငံတကာ အစိုးရများနှင့် ကမ္ဘာ့မိသားစုများကို လှုံ့ဆော်ရာတွင် နည်းနာသစ်များ အသုံးပြု၍ ကမ္ဘာကို လှုပ်နှိုးနိုင်အောင် ဆောင်ရွက်စေလိုကြောင်းနှင့် ရန်ပုံငွေများ ရှာဖွေ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့ (နိုင်ငံရေးအကျဉ်းသား ထောက်ပံ့ရေး) သို့ တိုက်ရိုက်လှူဒါန်းပေးပို့ခြင်းက ပိုမိုထိရောက်နိုင်ကြောင်း အဖွဲ့ ၁၁ ဖွဲ့က အကြံပြုထားသေးသည်။
“တချို့အဖွဲ့အစည်းတွေက လုပ်ဆောင်နေတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေဟာ တကယ်တော့ ပြည့်စုံနိုင်တယ်ရယ်လို့ မရှိသေးပါဘူး၊ လိုအပ်ချက်တွေ ရှိနေသေးလို့ပါ” ဟု ကိုဇာနည်က ပြောသည်။
မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၁၈၉ ဦး ရှိသည့်အနက် သံဃာတော် ၂၅၅ ပါး၊ ကျောင်းသား ၂၈၂ ဦးနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၃၉၉ ဦး ပါဝင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B) ၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။