ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် အသွင်ပြောင်းရေး ငြင်းဆန်သော အပစ်ရပ် သျှမ်းပြည် တပ်မတော်ထိန်း ချုပ်နယ်မြေအနီး ချဉ်းကပ်လှုပ်ရှားသည့် နအဖတပ်များ ဒေသခံလူထုအား သျှမ်းသူပုန်နှင့် ဆက်သွယ် သတင်းပေး ...
ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် အသွင်ပြောင်းရေး ငြင်းဆန်သော အပစ်ရပ် သျှမ်းပြည်တပ်မတော်ထိန်း ချုပ်နယ်မြေအနီး ချဉ်းကပ်လှုပ်ရှားသည့် နအဖတပ်များ ဒေသခံလူထုအား သျှမ်းသူပုန်နှင့် ဆက်သွယ် သတင်းပေးသည်ဟုဆို၍ ဖမ်းဆီးရိုက်နှက်ကာ မြေအောက် အချုပ်ခန်းတွင်းထဲ ချုပ်နှောင်လိုက်ကြောင်း စုံစမ်းသိရှိရပါသည်။
“ပြီးခဲ့တဲ့ ၁၈ ရက် မနက်ဆယ်နာရီခွဲလောက်မှာ ဗမာတပ် ခမယ ၃၂၅ က စိုင်းဆန်ညွှန့်ကို ဘုန်းကြီး ကျောင်းမှာ သွားဖမ်းတယ်၊ သျှမ်းသူပုန်သတင်းပေးဆိုပြီး ရိုက်နှက် စစ်ဆေးတယ်၊ အခု ၀မ့်ဇန့် ဗမာ တပ်စခန်း မြေကျဉ်းထဲ ချုပ်နှောင်ထားတယ်” - ဟု အမည်မဖေါ်လိုသည့် လားရှိုးရောက် ဒေသခံတဦး က ပြောပါသည်။
ဒီဇင်ဘာ ၁၈ ရက်မနက်ပိုင်း၌ စိုင်းဆန်ညွှန့်အား လည်းကောင်း၊ မွန်းလွဲပိုင်း ၁၄းဝဝ နာရီတွင် စိုင်းလှဟန် (၃၈ နှစ်) အားလည်းကောင်း ဗိုလ်ကြီးမင်းထွန်း ဦးဆောင်သည့် ခမယ ၃၂၅ က ဖမ်းဆီး ရိုက်နှက်စစ်ဆေးပြီး ၀မ့်ဇန့်တပ်စခန်း၌ မြေကျဉ်းချုပ်ထားခြင်းဖြစ်ကြောင်း သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အသိုင်းအဝိုင်းက ဤကဲ့သို့အတည်ပြု ပြောပြပါသည်။
“၀မ့်ဇန့်ရွာစာရေး စိုင်းမောင် ကို သေနတ်ထောက်ပြီး စိုင်းလှဟန်ရှိတဲ့နေရာလိုက်မပြရင် ပစ်သတ် မယ်လို့ ခြိမ်းခြောက်တယ််။ စိုင်းမောင်လဲ ကြောက်ကြောက်နဲ့ စိုင်းလှဟန် စပါးနယ်နေတဲ့လယ်ကို လိုက်ပြရတာပေါ့။ ဗမာစစ်သားတွေစွပ်စွဲတာက စိုင်းဆန်ညွှန့်အိမ်မှာ စကားပြောစက် ၂ လုံး တွေ့ တယ်တဲ့၊ စိုင်းလှဟန်အိမ်မှာတော့ သျှမ်းသူပုန်ရဲ့စာတွေပါတွေ့တယ်တဲ့။ အဓိက ကတော့ သျှမ်းပြည် တပ်မတော်နဲ့ လူထုအကြား အဆက်အသွယ်မလုပ်ရဲအောင် ခြိမ်းခြောက်တာဘဲ”
မိုင်းရယ်မြို့ အနောက်ဘက် ၈ မိုင် ၀မ့်ဇန့်ရွာသား စိုင်းဆန်ညွှန့် (၄၅ နှစ်) သည် အဘ လုံးမောက် ငင်းလှ၊ အမိပါနွန်းတို့သားဖြစ်ပြီး၊ သားသမီး ၃ ယောက်၏ဖခင်ဖြစ်၏။ စိုင်းလှဟန် (၃၈ နှစ်) မှာမူ အဘလုံးသြလူ၊ အမိနိုင်းလွယ်ဆွယ့်တို့၏သားဖြစ်ပြီး သားသမီး ၂ ယောက် ရှိ၏။ နှစ်ယောက်စလုံး ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ငန်းလုပ်ကိုင် လာသူများဖြစ်သည်ဟု ဒေသခံများ က ပြောပါသည်။
၀မ့်ဇန့်ရွာဘက် နအဖ တပ်စခန်း သွားရောက်အခြေချထားခဲ့သည့် ၄ - ၅ လခန့်မှစ၍ ၀မ့်ဇန့်ကျေးရွာ အုပ်စု၊ ပန်လန်းကျေးရွာအုပ်စု၊ ကုန်းဇုန်နှင့်မတ်လန်ကျေးရွာအုပ်စုအားနေ့စဉ်လုပ်အား အဓမ္မစေခိုင်း မှု၊ မတရား ညှင်းပမ်းနှိပ်စက်မှုကျူးလွန်နေကြောင်း ဒေသခံဝန်ထမ်းတဦးကပြောပါသည်။
အောက်တိုဘာလ ၃၁ ရက်က မိုင်းနောင်အခြေစိုက် ခလရ ၂၈၆ ဒုဗိုလ်မှူးကြီး မျိုးထွန်း ဦးဆောင် သည့် အင်အား ၆၀ ခန့်ပါ နအဖတပ်ဖွဲ့တဖွဲ့ မိုင်းနန်းအရှေ့မြောက်ဘက် ၀မ့်ဇတ်တိုက်နယ် ၀မ့်ကုန်း ရွာသား စိုင်းထွန်းအားလမ်းပြပေါ်တာ အဖြစ် ခေါ်ဆောင်သွားပြီး ပစ်သတ်ခဲ့ပါသေးသည်။