ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ပွဲမကျင်းပခင်ကပင် ကလေးကအစ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရမည့်အကြောင်း ဟောကိန်း ကြိုတင်ထုတ်နိုင်ခဲ့သည်။ ...
ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ပွဲမကျင်းပခင်ကပင် ကလေးကအစ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရမည့်အကြောင်း ဟောကိန်း ကြိုတင်ထုတ်နိုင်ခဲ့သည်။
ထိုနေ့ညနေပိုင်း မဲရေတွက်ရာတွင် နေရာအသီးသီးတွင် ၀င်ရောက် ယှဉ်ပြိုင်ကြသည့် တိုင်းရင်းသား ပါတီများ အပါအဝင် အခြားနိုင်ငံရေး ပါတီအများစုက ကြံ့ဖွံ့ပါတီကို အနိုင်ရခဲ့ကြသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သံသယရှိဖွယ် ကြိုတင်မဲများကြောင့် အခြေအနေများ ရုတ်ချည်းပြောင်းလဲသွားကာ အရှံုးနှင့်ရင်ဆိုင်ခဲ့ကြရသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့က လူအများကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင် စစ်အစိုးရနောက်ခံပါတီ ကြံ့ဖွံ့ပါတီက လွှတ်တော်သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁၁၅၄ အနက် ၈၈၂ နေရာရရှိခဲ့ပြီး ရ၆.၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ကြေညာခဲ့သည်။
ထိုကဲ့သို့အနိုင်ရနိုင်ရေးအတွက် ကြံ့ဖွံ့ပါတီက မသမာသည့်နည်းလမ်းဖြင့် ကြိုတင်မဲများ ဖန်တီးကာ အပြတ်အသတ် အနိုင်ရခဲ့သော်လည်း တချို့နေရာများတွင် အရှံုးနှင့်ရင်ဆိုင်ခဲ့ကြသည့် ကြံ့ဖွံ့အမတ်လောင်းများက အနိုင်ရ ပြိုင်ဘက်အမတ်လောင်းတချို့ကို အမှုဖွင့်တရားစွဲဆိုကြပြန်သည်။
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမဲဆန္ဒနယ် အမှတ် (၁) မှ ရွေးချယ်ခံရသူ စိုင်းမွန်း ခေါ် စိုင်းကျော်ထွန်းအား အပစ်ရပ် သျှမ်းလက်နက်ကိုင်အဖွဲ့ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ၏ ဖိအားအကူအညီရယူခဲ့သည်ဟု ပြိုင်ဖက် ကြံ့ဖွံ့ပါတီမှ ဒေါက်တာ စိုင်းခမ်းလှိုင်က နေပြည်တော်ရှိ ကော်မရှင်အဖွဲ့ထံ စွပ်စွဲတိုင်ကြားခဲ့သည်။
ထို့အပြင် ကျားဖြူပါတီသည် ကော်မရှင်စည်းကမ်းဖြစ်သည့် မဲရုံမှကိုက် ၅၀၀ အတွင်း စည်းရုံးဟောပြောမူလုပ်ခဲ့သည့်အတွက် ကော်မရှင်စည်းကမ်းချိုးဖျက်ခဲ့ကြောင်းလည်း စွပ်စွဲထားသေးသည်။
သျှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ အမည်မဖော်လိုသူ ကျားဖြူပါတီဝင်တဦးက ကျားဖြူပါတီကို မဲရုံနဲ့ကိုက် ၅၀၀ အတွင်း စည်းရုံးဟောပြောမှု၊ လူထု ထောက်ခံမဲရဖို့ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ကို အသုံးချပြီး ခြိမ်းခြောက်မှု၊ မတရားစည်းရုံးဟောပြောမှု စတာတွေနဲ့ အမှုဖွင့်တရားစွဲတယ်” ဟု ဆိုသည်။
ကြံ့ဖွံ့ပါတီမှ ကျားဖြူပါတီအားအမှုဖွင့်တရားစွဲခဲ့သည့်မြို့နယ်များမှာ ကျားဖြူပါတီအနိုင်ရခဲ့သည့် သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမဲဆန္ဒနယ် ၁ မှ အနိုင်ရ ကျားဖြူလွှတ်တော်အမတ် စိုင်းမွန်း နှင့် ကချင်ပြည် ဗားမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် အနိုင်ရ ကျားဖြူပါတီမှ အမတ် စိုင်းဇော်ထွန်းတို့ဖြစ်သည်။
ဒေါက်တာစိုင်းခမ်းလှိုင်မှ ဒီဇင်ဘာ ၆ ရက် ၂၀၁၀ ရက်စွဲဖြင့် နေပြည်တော် ကော်မရှင် မှတဆင့် အမှုဖွင့်ခဲ့သည်။ ဒီဇင်ဘာ ၁၄ ရက် တောင်ကြီးပြည်နယ်ရွေးကောက်ပွဲကော်မရှင်က အမှုရင်ဆိုင်ရန် စိုင်းမွန်းကို နေပြည်တော်သို့ ဆင့်ခေါ်ခြင်းခံရသည်။
စိုင်းကျော်ဇောသန်း ၊ စိုင်းမွန်း၊ နန်းဝါနု၊ စိုင်းထွန်းကြည် (ဝဲမှယာ)
ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဆင့်ခေါ်စဉ် ကြံ့ဖွံ့ပါတီက ကျားဖြူပါအား ၎င်းတို့ပါတီ၏ လက်သုံးစာတမ်းဟု စွပ်စွဲထားသည့် အချက် ၂ ချက်မှာ-
(၁) ကျားဖြူအမတ်လောင်း အနိုင်ရရန် အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ (၇) ထိန်းချုပ်နယ်မြေအား ဗဟိုပြုလှုပ် ရှားခြင်း (နအဖ လက်အောက်ခံ ပြည်သူ့စစ် အသွင်ပြောင်းရေး လက်ခံထားသည့်တပ်ဖွဲ့)
(၂) အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ (၇) ပါ၀ါဖြင့် လူထုအားစည်းရုံး ခြိမ်းခြောက်ဖိအားပေးခြင်း နှင့် အခြား လူထုအား ကျားဖြူပါတီကို မဲပေးလာစေရန် စည်းရုံးပြောဆိုရာတွင် အသုံးပြုသည့် ကြွေးကြော်စာတမ်းများသာ ဖြစ်သည်။
ကြံ့ဖွံ့စွပ်စွဲချက်အပေါ် ကျားဖြူပါတီမှ ခေါင်းဆောင်ပိုင်းများက မဟုတ်မမှန်၊ တဖက်သတ် စွပ်စွဲချက်များသာဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
ကျားဖြူပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒု-ဥက္ကဌ စိုင်းဆောင်ဆီက “တဖက်လူစွပ်စွဲတယ်ဆိုတော့ သူပြောချင်ရာ ပြောမှာပေါ့။ အန်ကယ်တို့ ပရမ်းပတာမလုပ်ခဲ့ပါဘူး။ အန်ကယ်တို့ပါတီရဲ့ မူဝါဒတွေကိုလည်း ပြောပြီးသား ဘယ်သူနဲ့မှ ထိပ်တိုက်ရင်ဆိုင်မှုမလုပ်ဘူး။ ဥပဒေဘောင်အတွင်းကပဲသွားတယ်။ ရွေးကောက်ပွဲမှာသန့်သန့်ရှင်းရှင်းပဲ လုပ်ခဲ့တာ၊ သူစွပ်စွဲတယ်ဆိုရင် သူသက်သေပြနိုင်ရမှာပေါ့” ဟု တုန့်ပြန်ပြောဆိုခဲ့သည်။
သူကဆက်၍ပြောဆိုရာတွင် “တကယ်လို့ မတရားဆုံးဖြတ်သွားမယ်ဆိုရင်လည်း ဆက်တက်စရာ လမ်းကြောင်းတွေရှိလာမှာပဲ။ ဆိုတော့ မတရားတာလုပ်ခဲ့ရင် ပြည်သူလူထုရဲ့ ကိုယ်စားပြုတဲ့ပါတီ ဘယ်ဖြစ်တော့မလဲ” ဟု ပြောဆိုသည်။
အလားတူ ကျားဖြူပါတီအပေါ်စွပ်စွဲချက်များသည် ရှေ့သွားနောက်လိုက် အကြောင်းတရား ညီညွတ်ခြင်းမရှိကြောင်းလည်း တောင်ကြီးဒေသခံများအကြား တီးတိုး ပြောဆိုနေကြသည်။
ထို့အပြင် ဦးလွယ်မောဝ်နှင့် ဦးကိုင်ဖတို့ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်အသွင်ပြောင်းရန် သဘောတူထားသည့် အပစ်ရပ်ရှမ်း (မြောက်) တပ်မဟာ (၇) ဌာနချုပ်သည် ကွန်ဟိန်းမြို့နယ် ကာလိကျေးရွာအုပ်စုတွင်ရှိသည်။
ထို့ကြောင့် ကွန်ဟိန်းမြို့ပြင်တွင် ထားရှိသည့် မဲဆန္ဒနယ် ၂ တွင် ကြံ့ဖွံ့ပါတီအနိုင်ရခဲ့ပြီး၊ ကျားဖြူပါတီရှံုးနှိမ့်ခဲ့သည့်အတွက် လက်နက်ကိုင်တပ်ဖွဲ့ကို ဖိအားသုံး စည်းရုံးခဲ့သည်ဟု စွပ်စွဲချက်သည် မမှန်မကန် စွပ်စွဲချက်သာဖြစ်ကြောင်း တပ်မဟာ (၇) မှ တပ်မှူးတဦးကလည်း ယခုလို ထုတ်ဖော်ပြောဆိုလိုက်သည်။
“ကြံ့ဖွံ့စွပ်စွဲတဲ့အတိုင်းဆိုရင် မြို့ပြင် မဲဆန္ဒနယ် (၂) မှာ ကျားဖြူပါတီ အနိုင်ရသင့်တာပေါ့၊ အခုတော့ ရှုံးတယ်လေ။ အခုတရားစွဲတာကမြို့တွင်း မဲဆန္ဒနယ် အမှတ် (၁) က ပြည်သူ့လွှတ်တော်အဆင့် ၀င်ရောက်ယှဉ်ပြိုင်တဲ့သူ။ ကွန်ဟိန်းမြို့တွင်းဆို ကျနော်တို့ ထိန်းချုပ်နယ်မြေမဟုတ်ဘူး။ အမှုပတ်လာရင်လည်း ဖြေရှင်းဖို့ ကျနော်တို့ အဆင်သင့်ပဲ” - ဟု ဆိုသည်။
ကြံ့ဖွ့ံပါတီအနိုင်ရခဲ့သည့် ကွန်ဟိန်းမဲဆန္ဒ (၂) အတွင်းရှိ ကျေးရွာအုပ်စုများမှာ ကိန်းလုံး၊ ကိန်းခမ်း၊ နမ့်ခမ်း၊ ၀ိန်းနန်း၊ ၀မ့်ပတ် တို့တွင်ဖြစ်ပြီး၊ ထိုဒေသများသည် တပ်မဟာ (၇) ထိန်းချုပ်နယ်မြေတွင်ရှိကာ ကြံ့ဖွံ့ပါတီအမတ် စိုင်းနုက ကျားဖြူပါတီအမတ် စိုင်းထွန်းကြည်အား အနိုင်ရခဲ့သည်။
ကွန်ဟိန်းမြို့နယ်သည် သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှ အရှေ့ဘက် (တောင်ကြီး - ကျိုင်းတုံ လမ်းမပေါ်) ၁၄၀ မိုင်အကွာတွင် တည်ရှိသည်။
ကျားဖြူပါတီအပေါ် မတရားစွပ်စွဲနေသည့် ကြံ့ဖွံ့ပါတီအား လက်တုန့်ပြန်သည့်အနေဖြင့် ကြိုတင်မဲ (၇) မဲဖြင့် ရှံုးနိမ့်ခဲ့သည့် ကျားဖြူအမတ် စိုင်းထွန်းကြည်က အနိုင်ရ ကြံ့ဖွံ့အမတ် စိုင်းနုအား ကြိုတင်မဲမသမာမှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။
ကွန်ဟိန်းမြို့နယ်အတွင်း ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပါတီများမှာ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တို့ဖြစ်သည်။
ကျားဖြူပါတီက အမျိုးသားလွှတ်တော်အဆင့်တွင် စိုင်းကျော်ဇောသန်းက ၈၀၁၉ မဲဖြင့် ကြံ့ဖွံ့အမတ် လုံးစိုင်းဆိုင် ခေါ် စိုင်းနွတ် ၅၆၈၀ မဲ ကိုအနိုင်ရခဲ့ပြီး၊ ကျားဖြူအမတ် နန်းဝါနုက ၈၂၅၅ မဲဖြင့် ကြံ့ဖွံ့အမတ် စိုင်းဖုံးခေါ၀် ၅၆၈၀ မဲကို အနိုင်ရခဲ့သည်။ ပြည်နယ်လွှတ်တော် (၁) တွင် ကျားဖြူအမတ် စိုင်းမွန်းက ၄၃၇၈ မဲဖြင့် ကြံ့ဖွံ့အမတ် ဒေါက်တာ စိုင်းခမ်းလှိုင် ၂၀၃၃ မဲကို အနိုင်ရခဲ့သော်လည်း ပြည်နယ်လွှတ်တော် (၂) တွင်မူ ကျားဖြူအမတ် စိုင်းထွန်းကြည် ၃၇၆၁ မဲဖြင့် ကြံ့ဖွံ့အမတ် စိုင်းနုကို မဲပေါင်း ၃၇၆၈ ဖြင့် ရှံုးနှိမ့်ခဲ့သည်။
ကြံ့ဖွံ့အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာစိုင်းခမ်းလှိုင်သည် ယခင်ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (ဗဟို) UEC ၁၇ ပါ၀င်သည့် အဖွဲ့တွင် တဦးအပါအဝင်ဖြစ်သော်လည်း ရွေးကောက်ပွဲအလို ရက်ပိုင်းတွင် ယူအီးစီမှ နှုတ်ထွက်ကာ ပြည်နယ်လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုလို ကော်မရှင် (ဗဟို) အဖွဲ့ဝင်မှနှုတ်ထွက်ပြီး ပြည်နယ်လွှတ်တော်အမတ် ၀င်ရောက်အရွေးခံခဲ့ခြင်းအပေါ် ၎င်းနှင့် နီးစပ်သည့်ပုဂ္ဂိုလ်တဦးက ဒေါက်တာစိုင်းခမ်းလှိုင်သည် အနာဂတ်အစိုးရသစ်တွင် အရပ်သားအရေခြံု စစ်အာဏာပိုင်တို့က ၎င်းအား သျှမ်းပြည်နယ်ဝန်ကြီးချုပ်ရာထူးတွင် လျာထားခြင်းခံရသော်ကြောင့် ယခုလို ဆုံးရှံုးလိုက်ရသည့် အမတ်နေရာအတွက် ပြန်လည်အနိုင်ရရှိရန် ကြိုးစားမှုတခုဖြစ်နိုင်ကြောင်း သုံးသပ်သည်။
ကော်မရှင်ဥပဒေပါ စည်းကမ်းချက်မှာ ရွေးကောက်ပွဲ အနိုင်ရအမတ်ကို ကန့်ကွက်လိုပါက ငွေကျပ် ၁၀ သိန်းပေးဆောင်ရမည်ဖြစ်ပြီး ပြန်လည် ထုတ်ယူခွင့်ကိုမူ ပိတ်ပင်ထားသည်။
ထို့အပြင် အတိုင်ခံရသူသည် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၁ နှစ်အထက် ဖြစ်စေ၊ ကျပ်တသိန်းဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရမည်ဖြစ်ပြီး လိမ်လည် စွပ်စွဲတိုင်တန်းသူကို ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ကျပ် ၃ သိန်းဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း ပါရှိသည်။
ကြံ့ဖွံ့ပါတီ၏ မဲမသမာမှုများနှင့် ရွေးကောက်ပွဲကော်မရှင်၏ သမာသမတ်မကျမှုများအပေါ် အခြားနိုင်ငံရေးပါတီများကလည်း တရားစွဲစွဲမှုပြုလိုသော်လည်း ပေးသွင်းရမည့် ငွေကြေးအဆင်မပြေမှုများကြောင့် အခက်အခဲများတွေ့ကြံုနေရသည်။