မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ကျောင်းသားများကို လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ပြုရေး ဥပဒေကို ပြင်ဆင်ဖြည့်စွက်ပေးရန် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပြည်တွင်းမှ ယနေ့ စာတစောင်ပို့ ...
ချင်းမိုင်(မဇ္စျိမ)။ ။ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ကျောင်းသားများကို လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ပြုရေး ဥပဒေကို ပြင်ဆင်ဖြည့်စွက်ပေးရန် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပြည်တွင်းမှ ယနေ့ စာတစောင်ပို့ခဲ့သလို အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် နအဖ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေးဖို့ စာပို့မှုများ ရှိခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လိပ်မူပြီး စာတိုက်မှပေးပို့ခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂ ဌာနခွဲများ၊ နိုင်ငံတကာ သံရုံးများနှင့် မြန်မာနိုင်ငံရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများအားလည်း မိတ္တူကို အီးမေးမှတဆင့် ပေးပို့ခဲ့သည်ဟု ဆိုသည်။
“နိုင်ငံတော် လုံခြံုရေးအတွက် လူမှုအကျိုုးပြု လုပ်ငန်းတွေ မြောက်များစွာ ဖြစ်ပေါ်ဖို့ လုပ်ကိုင်ဖို့၊ စိတ်ဆန္ဒ ရှိပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေ၊ ကျောင်းသားလူငယ်ထုတွေပါ ဒီစိတ်ဆန္ဒရှိပါတယ်။ ဒါကြောင့် ဒီမရှင်းလင်းတဲ့ ဥပဒေတွေ၊ လိုအပ်နေတဲ့ ဥပဒေတွေကို ရှင်းလင်းအောင် ဖော်ပြပေးဖို့”ဟု ဒဂုံတက္ကသိုလ်မှ မြန်မာကျောင်းသား ကိုဝေဠု က ပြောသည်။
“နိုင်ငံတခု တည်ဆောင်မယ်ဆိုရင် Civil Society တွေ ဖွံ့ဖြိုးတိုးတက်နေမှ နိုင်ငံနဲ့ လူမျိုးအရွေ့ကို ပိုမို မြန်ဆန်လိမ့်မယ်လို့ ယုံကြည်တယ်လေ။ အဲဒီအတွက် ဒီ Civil Society တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဥပဒေကို ရှင်းရှင်းလင်းလင်း မြင်မြင်သာသာ ဖော်ပြပေးစေချင်တဲ့ အတွက် တင်ပြတယ်”ဟု သူက ထပ်ပြောသည်။
လူမှုအသင်းအဖွဲ့များ ပိုမိုဖြစ်ထွန်းလာစေရန် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၈ အရ နိုင်ငံသားများ၏
မူလအခွင့်အရေးနှင့် တာဝန်များအကြောင်း ပုဒ်မ ၃၅၄ ပါအချက်များကို ပွင့်လင်းရှင်းလင်းစွာ သိရှိနိုင်ရန် ပြန်လည် ပြင်ဆင်ပေးရန် တင်ပြခြင်းဖြစ်ကြောင်း သူက ဆိုသည်။
ထို့အပြင် ယနေ့ရက်စွဲဖြင့် “အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပါဝင်သင့် ပါဝင်ထိုက်သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး အကောင်အထည် ဖေါ်ဆောင်ပေးပါရန်” မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများ (M.D.C) အဖွဲ့မှလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာရေးသား ပေးပို့ တောင်းဆိုထားကြသည်။
“ယနေ့အချိန်အခါသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် အရေးတကြီး အလိုအပ်ဆုံးသော အရာမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးပင် ဖြစ်ပေမည်ဟု” ၄င်းတို့ယုံကြည်ကြောင်း စာတွင် ဖော်ပြပါရှိသည်။
M.D.C မှ ကိုသိန်းအောင်မြင့်က “သူတို့တွေ စဉ်းစားနိုင်မယ်လို့ ကျနော်တို့ထင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ ကနေ့ဆိုရင် ထိုင်းပြည်ဟာ ချွတ်ခြံုကျ ဆင်းရဲနေရပြီး တိုင်းရင်းသားတွေနဲ့ စစ်ပွဲတွေဟာလဲ ဆက်လက် ဖြစ်ပွားနေဆဲပါ၊ ဒါတွေကို ဘယ်သူကမှ မမြင်ချင်ပါဘူး” ဟု ဆိုသည်။
စစ်အစိုးရကလည်း ရွေးကောက်ပွဲ ရလဒ်ဖြင့် ပြည်သူ့လွှတ်တော် ခေါ်ယူနိုင်ရေးကို ဦးတည် ဆောင်ရွက်နေသကဲ့သို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် တိုင်းရင်းသား ခေါင်းဆောင်တချို့ကလည်း ဒုတိယ ပင်လုံ ညီလာခံတရပ် ကျင်းပနိုင်ရန် ဆောင်ရွက်နေသည့် ယင်းဦးတည်ချက် (၂)ရပ်လုံးသည် တိုင်းပြည် အနာဂတ်အတွက် လိုအပ်မှုများပင် ဖြစ်သည်ဟု စာတွင် ရေးသားဖော်ပြသည်။
ယခင်က ထိုကဲ့သို့ စာရေးသားပေးပို့မှုများ ရှိခဲ့သော်လည်း မည်သည့်အကြောင်း ပြန်ကြားချက်မှ မရှိဘူးကြောင်း သူက ဆက်ပြောသည်။
ထိုလိုအပ်ချက်များကို မျက်ကွယ်ပြုနေပါက မလိုလားအပ်သောပြဿနာများကို ဖိတ်ခေါ်နေသလို ရှိနေသောကြောင့် ပြည်သူများ လိုလားနှစ်သက်ကြမည် မဟုတ်ဟု ယနေ့ပေးပို့သော စာတွင် ဖော်ပြပါရှိသည်။
ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများ (MDC) အဖွဲ့ကို ၂ဝဝ၇ ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ကုန်စျေးနှုန်း ကျဆင်းရေးအတွက် ဦးဆောင်ဆန္ဒပြလေ့ရှိသည်။ ၂ဝဝ၇ ဧပြီ ၂၂ က သင်္ကန်းကျွန်း စံပြစျေးရှေ့တွင် (MDC)အဖွဲ့က ဦးဆောင်ဆန္ဒပြသူ (၈)ဦးကို အာဏာပိုင်များက ရိုက်နှက် ထိုးကြိတ်၍ ဖမ်းဆီးခဲ့ဖူးသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝဝဝ ပြည့်နှစ်က တွေ့ဆုံခဲ့ဖူးသေးသော်လည်း ဗိုလ်ချုပ်မှူးကြီးဘက်က နိုင်ငံရေး အခြေခံသော စကားမပြောခဲ့ပေ။
“အတူတကွ လက်တွဲလုပ်ဆောင်ချင်တဲ့ ဘက်နှစ်ဘက်အနေနဲ့ တယောက်နဲ့ တယောက် တဖက်ဖက်ကစပြီး စကားပြောဖို့ဟာ အရေးအကြီးဆုံးကိစ္စ ဖြစ်သင့်တယ်“ ဟု ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုဝင်ဘာလ(၁၃)ရက် ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း မဇ္စျိမနှင့်အင်တာဗျူး တခုတွင် ပြောဆိုထားဖူးသည်။