ထိုင်းအလုပ်သမားများ လစာတိုးမည့်အနက် မြန်မာ အလုပ်သမားများ ပါ၀င်

ထိုင်းအလုပ်သမားများ လစာတိုးမည့်အနက် မြန်မာ အလုပ်သမားများ ပါ၀င်
by -
အားမီ

ထိုင်းနိုင်ငံ ဒေသအသီးသီးတွင် အလုပ်လုပ်နေသော ထိုင်းနိုင်ငံသား အလုပ်သမားများကို လစာတိုး ပေးရာတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကိုလည်း လုပ်အားခ တိုးပေးမည်ဟု ထိုင်းဝန်ကြီးများ အစည်းဝေး ဆုံးဖြတ် ...

ထိုင်းနိုင်ငံ ဒေသအသီးသီးတွင် အလုပ်လုပ်နေသော ထိုင်းနိုင်ငံသား အလုပ်သမားများကို လစာတိုး ပေးရာတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကိုလည်း လုပ်အားခ တိုးပေးမည်ဟု ထိုင်းဝန်ကြီးများ အစည်းဝေး ဆုံးဖြတ်လိုက်သည်။

ထိုင်းနိုင်ငံ ခရိုင် (၇၆) ခုအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအားလုံး လစာများတိုးမြင့်ပေးမည်ဟု ယမန်နေ့တွင်ပြုလုပ်သည် ဝန်ကြီးများအဖွဲ့အစည်းအဝေးတွင် အတည်ပြုလိုက်သည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအဖွဲ့ NCGUB မှ အလုပ်သမားရေးဝန်ကြီးဌာန တာဝန်ခံ ဦးသက်ခိုင်ကယခုလိုပြောသည်။

“အခုပေးတဲ့ဟာက ထိုင်းအလုပ်သမားနေ့စားအလုပ်သမားတွေကိုအဓိကပေးမှာ။ ထိုင်းအလုပ် သမားတွေကို ရည်ရွယ်တယ်ဆိုပေမယ့် ဒီရွှေ့ပြောင်းအလုပ်သမားအားလုံးလည်း အဲ့ဒီထဲမှာပါ လိမ့်မယ်။ ပါမယ်ဆိုတဲ့အခါကြတော့ အခြေခံလုပ်အားခကို တိုးပေးမှာလေ။”

လာမည့် ၂၀၁၁ ခုနှစ် ဇန္နဝါရီလမှစတင်၍ လုပ်အားခများကို ခရိုင်အလိုက်သတ်မှတ်ကာ တရက်လျှင်အနိမ့်ဆုံးလုပ်အားခကို ထိုင်းငွေ (၈) ဘတ်မှ (၁၇) ဘတ်ထိတိုးပေးသွားရန်ရှိပြီး နေ့စားနှင့် လစားအလုပ်သမားများကို လုပ်ငန်းအလိုက် တိုးပေးမည်ဖြစ်သည်။

ယခုလိုတိုးမြှင့်ပေးသည့်အပေါ် အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဦးနှစ်ဖက်အဆင်ပြေမှုရနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသော်လည်းယင်းကိစ္စ မဖြစ်နိုင်ကြောင်း ဖူးကက်မှ မြန်မာရွှေ့ပြောင်း ပန်းရံအလုပ်သမား တစ်ဦးက ယခုလိုပြောသည်။

“နေ့စားခတိုးပေးမယ်ဆိုတာက မဖြစ်နိုင်ဘူးဗျ။ ဒီလိုကိစ္စတွေကသိပ်မဖြစ်နိုင်ဘူးဗျ။ ဘာလို့ လဲဆိုတော့ ကျနော်တို့အလုပ်သမားတွေဘက်က ရပ်ပေးမယ့်အဖွဲ့အစည်းကလည်းမရှိဘူးလေ။ ပါးစပ်ကပဲတိုးပေးတာ။ အရင်နှစ်တွေတုန်းကလည်းဒီလိုပဲ။ တိုးပေးမယ်ဆိုပြီးပါးစပ်က ပဲတိုးပေးတာ။ လက်တွေ့ကျကျတိုးပေးတာမရှိဘူးဗျ။ သူတို့ထိုင်းအလုပ်သမားဆိုရင်တော့ရမှာပဲ။ ဘာလို့ လဲဆိုတော့ သူတို့ကိုက တိုးပေးမယ်လို့ပြောထားတာကို မတိုးပေးရင် တိုင်လို့ရတယ်လေ။ အဲ့ဒီတော့ ထိုင်းတွေကိုတော့ တိုးပေးမှာပဲ။ ကျနော်တို့ မြန်မာတွေကိုတော့ မဖြစ်နိုင်ဘူး။”  

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ယခုလို လစာတိုးမြှင့်လာသည့်အတွက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် အလုပ်ရှင်နှင့်အလုပ်သမားကြား ဖြစ်ပွားနေသည့် ပြဿနာများအား တစ်စိတ်တပိုင်း ပြေလည်စေရန် ထိုင်းအစိုးရမှညှိနှိုင်းပေးခြင်း ဖြစ်သည်ဟု ဦးသက်ခိုင်က သုံးသပ် ပြောဆိုသည်။

“တခုရှိတာက အလုပ်ရှင်လည်း အလုပ်သမားတွေဘက်ကနေ လုပ်အားကိုများများလိုချင်တယ်။ လုပ်ခကိုတော့ နည်းနည်းပဲပေးချင်တယ်။ ဒါကလည်း အစဉ်အဆက်ကိုရှိခဲ့တာကိုးဗျ။ ဒီအနေ အထားတွေပေါ်မူတည်ပြီးတော့ တိုင်းပြည်ကိုအုပ်ချုပ်တဲ့ အစိုးရကလည်း ဒီပြဿနာတွေကို သေချာစဉ်းစားတယ်၊ လိုက်လျောညီထွေအောင် လုပ်ငန်းရှင်ကော အလုပ်သမားကောပေါ့ဗျာ။ ကျနော်ထင်တာကတော့ ဒီကိစ္စကတော့ပေးရမှာပဲ။ အလုပ်သမားထုရဲ့လိုအပ်ချက်ကိုဖြည့်ပေး ရမှာပဲလေ။ ဘယ်လိုပြဿနာပဲဖြစ်ဖြစ် အလုပ်သမားခကတော့ တိုးပေးမှာပဲ။”  

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းကျော်ရှိသည်ဟု အလုပ်သမားအရေး  ဆောင်ရွက်နေသူများက သုံးသပ်ပြောဆိုသည်။

Most read this week