ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ကိုသွားသည့် ဇမိချောင်း ရေလမ်းခရီးကို ဒီဇင်ဘာ လ(၁၁)ရက်နေ့တွင် ကြာအင်းဆိပ်ကြီး ဒေသခံဗျူဟာမှူးမှ လှေလမ်းကြောင်းကို ပိတ်ပြီးနောက်ပိုင်း ...
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ကိုသွားသည့် ဇမိချောင်း ရေလမ်းခရီးကို ဒီဇင်ဘာ လ(၁၁)ရက်နေ့တွင် ကြာအင်းဆိပ်ကြီး ဒေသခံဗျူဟာမှူးမှ လှေလမ်းကြောင်းကို ပိတ်ပြီးနောက်ပိုင်း ကေအဲန်ယူ ဘက်မှတဖန် ကုန်းလမ်းရေလမ်းကိုပါ ထပ်မံ ပိတ်ပင်လိုက်သည်ဟု ဒေသခံအာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။
ယခုလို ရေကြောင်းလမ်းရော ကုန်းလမ်းကိုပါ ပိတ်ပင်ခဲ့သည့်အတွက် ကုန်သည်တွေရော ခရီးသွားတွေပါ အခက်အခဲ တွေ့နေသည်ဟု ကုန်သည်တစ်ဦးက ယခုလို ပြောပါသည်။ “ကျွန်းချောင်းမှာ ကုန်သည်တွေ ပိတ်မိနေတယ်။ သွားလာလို့မရဘူး။ အဲဒီကျွန်းချောင်းမှာဘဲ သောင်တင် နေတယ်။ သုံးရက် လေးရက်လောက်ရှိပြီး။ ဂွကျနေတယ်။ ဆိပ်ကြီးမှာရှိတဲ့ ခရီးသည်တွေကတခါ ဟိုရေးဘက် ပတ်ပြီးတော့လာရတော့ ကုန်ကျစရိတ် များတာပေါ့။ ဝေးတာပေါ့။”
ဒီဇင်ဘာလ (၉) ရက်နေ့နှင့်(၁၀)ရက်နေ့တွင် စစ်အစိုးရတပ်နှင့် ကေအာန်ယူ ခေါ် ကရင်အမျိုးသားအစည်း အရုံး လက်အောက်ခံ တပ်ရင်း(၁၆)တပ်ဖွဲ့များ မဲကသာရွာတွင် တိုက်ပွဲ ဖြစ်ပွါးခဲ့အပြီး ဒေသခံ စစ်အာဏာပိုင်များမှ ရေလမ်းကို ပိတ်ပင်ခဲ့သည်။ အဆိုပါအနေအထားတွင် ကေအာန်ယူဘက်မှလည်း စစ်ရေးလှုပ်ရှားမှု များပြားလာသော အခြေအနေကြောင့် ခရီးလမ်းကို ထပ်မံပိတ်ပင်ခဲ့သည်ဟု တပ်မဟာ(၆) စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးမှ ဆိုသည်။
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှ ကြာအင်းဆိပ်ကြီးကို သွားသည့် ရေကြောင်းလိုင်းကို မြန်မာစစ်အာဏာ ပိုင်မှ ဒီဇင်ဘာလ(၅)ရက်နေ့တွင် ပြန်လည်ဖွင့်ခဲ့ပြီး ခုတဖန်ထပ်မံ ပိတ်ပင်ထားပါသည်။
ယခုလိုရာသီမှာတွင် မော်တော်ကားလမ်း မပေါက်သေးသည့်အတွက် ရေကြောင်းလမ်းကိုသာ အဓိကထား အားကိုးနေရသည်ဟု ကုန်သည်များမှ ပြောပါသည်။
ဘုရားသုံးဆူဒေသတွင် စစ်အစိုးရတပ်ဖွဲ့များနှင့် ကေအာန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံး၊ ဒီကေဘီအေ တပ်ဖွဲ့များနှင့် စစ်ရေးအရ တိုက်ခိုက်မှု ပိုပြီးမြင့်လာနေသည်ဟု မြို့ခံများမှ ပြောပါသည်။
ယခုလို စစ်ရေးတင်းမာလာမှုကြောင့် လမ်းခရီးတွေ ပိတ်ပင်ထားရသည့်အတွက် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေသလို ခရီးသွားတွေအတွက် ခက်ခဲမှုရှိနေသည်ဟု ဒေသခံကုန်သည်များမှ ပြောပါသည်။