ငါးဖမ်းခြင်း (သို) မိုးခေါ်ခြင်းဓလေ့ကို ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်ဒေသခံများက ကျင့်သုံး ခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ချင်းပြည်နယ် မတူပီဒေသခံ ပြည်သူများသည် ...
“အခုချိန်မှာ ချောင်းမှာ ငါးဖမ်းဖို့တောင် မရှိတော့ဘူး။ ရှေးတုံးကလို ငါးဖမ်းပြီး စုပေါင်းမိုးခေါ်တာတွေ လုပ်ဖို ့ လုံးဝ မဖြစ်နိုင်တော့ဘူး။ ငါးမျိုး လုံးလုံး တုံးသွားတယ်” ဟု ဒေသခံ ချင်းအဖိုးကြီး တဦးက ချင်းရိုးရာ စုပေါင်းမိုးခေါ် ငါးဖမ်းခြင်းဓလေ့နှင့် ယခုခေတ် ချောင်းများရှိ ငါးများကို ဒိုင်နမို၊ ဓာတုပိုက်နှင့် မိုင်းခွဲခြင်းဖြင့် ခေတ်သစ် ငါးဖမ်းခြင်းဓလေ့ကို နှိုင်းယှဉ်ကာ ပြန်လည်ပြောပြနေသည်။
ငါးဖမ်းခြင်း (သို) မိုးခေါ်ခြင်းဓလေ့ကို ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်ဒေသခံများက ကျင့်သုံး ခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ချင်းပြည်နယ် မတူပီဒေသခံ ပြည်သူများသည် တောင်ယာ စပါးမျိုးကြဲလေ့ရှိကြပြီး၊ အကယ်၍ မေလနှင့် ဇွန်လ အထိမိုးရွာသွန်းခြင်း မရှိပါက မိုးခေါ်သည့်အနေဖြင့် ရွာလုံးကျွတ် ငါးဖမ်းပွဲကို ဒေသအခေါ် Rho-khue Rhopui Boh ခေါ် မိုးခေါ်ခြင်းကို ပြုလုပ်ကြခြင်းဖြစ်သည်။
ချင်းလူမျိုးများသည် ဖိုးဖွားစဉ်ဆက် ရွေ့ပြောင်းတောင်ယာစနစ်ဖြင့် အသက်မွေးဝမ်း ကျောင်းပြုကြသည့်အတွက် စိုက်ပျိုး သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက်
မိုးကို အဓိက အားပြု၊ အားထားကြသည်။ စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး တနှစ်လုပ်မှတနှစ်စားဘဝဖြင့် ရုန်းကန်နေကြသူများဖြစ်ကြသည်။
ထို့ကြောင့်လည်း ရှေးက ချင်းဘိုးဘွားများသည် မေ၊ ဇွန်ရောက်တိုင်း အဆိုပါ မိုးခေါ်ခြင်း ဓလေ့ကို စုပေါင်းငါးဖမ်းခြင်းဖြင့် သိုက်သိုက်ဝန်းဝန်း စည်စည်ကားကားဖြင့် ကျင်းပပြုလုပ်လေ့ရှိကြသည်။
မိုးခေါ်ငါးဖမ်းပွဲပြုလုပ်ရန် တရက် ၂ ရက်အလိုတွင်၊ ကျေးရွာလူကြီးများက ရွာသားတိုင်းကို Rhu ခေါ် ငါးဖမ်းရာတွင် အသုံးပြုသည့် နွယ်မြစ်တမျိုးကို အရေအတွက်သတ်မှတ်ကာ ခွဲတမ်းချ တူးဖော်ထားကြရန် ကနဦး ဆော်သြထားသည်။ ထိုနွယ်မြစ်သည် ငါးများကိုမူးမော်စေကာ ဖမ်းဆီးရလွယ်ကူစေသည်။ သို့သော် လူကို တစုံတရာ ဥပဒ်မပေးပေ။
နံနက် ဝ၃းဝဝ နာရီအချိန်တွင် နွယ်မြစ်တူးရန် အိမ်မှထွက်ခွာမည့် ခင်ပွန်းသည်နှင့် သားသမီးတစုကို မိခင်ဖြစ်သူက နံနက်စာအတွက် ထုပ်ပိုးပြင်ဆင်ပေးလေ့ရှိသည်။ ထို့နောက် ပေါက်တူး၊ ဓားနှင့် တူရွင်းများ ယူဆောင်ကာ အိမ်သို့အရောက်စောရန် တောထဲသို့ အသီးသီး အသော့နှင်ကြတော့သည်။
မွန်းတည့် ၁၂းဝဝ နာရီဝန်းကျင်ခန့်တွင် အသင့်တူးဖော်ရရှိထားပြီးဖြစ်သည့် နွယ်မြစ်များကို စုပုံကာ အိမ်မှအဆင်သင့် ထုပ်ပိုးပေးလိုက်သည့် ထမင်းထုပ်များကို ကိုယ်စီဖွင့်ကာ အတူပါလာသည့် ရွာသားများ တပျော်တပါး လက်စုံစားသောက်ကြသည်။
ထို့နောက် စိတ်ကြိုက်ရှာဖွေစုဆောင်းလာသည့် နွယ်မြစ်ထုပ်များကို မိမိသက်ဆိုင်ရာ အိမ်များသို့ ယူဆောင်လာပြီးနောက် မိုးခေါ်ငါးဖမ်းသွားကြရန် သတ်မှတ်နေ့ရောက်သောအခါတွင် အိမ်ထောင်တိုင်းတွင် စုဆောင်းထားသည့် နွယ်မြစ်များကို ရွာနှင့် အလှမ်းမဝေးသည့် မြစ်ချောင်းသို့ မိသားစုလိုက် ယူဆောင်သွားကြသည်။
နွယ်မြစ်များကို အလေးချိန် နှစ်ပိဿာခန့်စီဖြင့် ချည်ထုပ်ထားကြသည်။
ယူဆောင်လာသည့် နွယ်မြစ်များကို ရိုက်ထုခြင်းမပြုမီ ရွာမှအသက်ရွယ် ကြီးရင့်သူတဦးဖြစ်သူက မိုးအမြန်ဆုံးရွာသွန်း၍ ရွာသူ၊ ရွာသားများ ကျဲချထားသည့် မျိုးစေ့များ လျင်မြန်စွာအပင်ပေါက်လာရန်နှင့် ထိုစိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ရေးအတွက် ကောင်းကင်ကိုမော့ကြည့်လျက် မတူပီဘာသာစကားဖြင့် မိုးခေါ်လေတော့သည်။ ထိုသို့မိုးခေါ်ခြင်းကို Rho- Khue ဟု မတူပီ ဘာသာစကားနှင့် ခေါ်ဆိုသည်။ မတူပီလူမျိုးတို့သည် ချင်းလူမျိုးများစုထဲမှ လူမျိုးစုအနွယ်ဝင် တခုအပါအဝင်ဖြစ်သည်။
မိုးခေါ်သူက “အရှင်မိုးမင်းကြီး၊ ရွာပါလေတော့၊ မိုးအောက်သတ္တဝါများ သေကြေကြတော့မယ်” ဟု ရွတ်ဆိုသည်။ ထို့နောက် ချောင်းရေတွင် အသင့်စိမ်ထားသည့် နွယ်မြစ်ထုပ်များကို အနီးနားရှိ ကျောက်တုံးပေါ်များတွင်တင်ကာ အမျိုးသား ၃၊ ၄ ယောက်က အမြုပ်ထွက်အောင် ဝါးရင်းတုတ်ဖြင့် အဖွဲ့လိုက် ဟေးဟေးဝါးဝါး အသံပေးကာ တဖောင်းဖောင်း ရိုက်ကြတော့သည်။ ထိုစဉ် အမျိုးသမီးများက နွယ်မြစ်များ အမြုပ်များများထွက်လာစေရန် ဘေးမှ အဆက်မပြတ် ရေပက်ပေးကြသည်။
ယခုလို မိုးခေါ်ငါးဖမ်းပွဲကို နေပူပြင်းသည့် မွန်းတည့်အချိန်တွင် ပြုလုပ်လေ့ရှိသည်။ ပူပြင်းသည့် နေအရှိန်ကြောင့် နွယ်မြစ်အမြုပ်များထနေသည့် ချောင်းထဲရှိ ငါးများ လျှင်မြန်စွာ မူးလွယ်သည်ဟု အယူအဆရှိလေသည်။ နွယ်မြစ်သည့် ရေထဲရှိ ငါး၊ ပုဇွန်၊ ဂဏန်း အစရှိသည့် ရေနေသတ္တဝါများကို မူးမော်စေနိုင်သည့် ဂုဏ်သတ္တိရှိသည်။ သို့သော် လူကိုဘေးဥပဒ်မပေးပေ။
သာမန် ငါးဖမ်းချိန်တွင် အခြားနွယ်ပင် (သို ့) နွယ်မြစ်များကို အသုံးပြုကြသော်လည်း ယခုလို မိုးခေါ်ငါးဖမ်းပွဲအချိန်ခါသမယတွင်မူ နွယ်မြစ်ကိုသာတူးဖော် အသုံးပြုလေ့ရှိသည်။
ယင်းနွယ်မြစ်သည် ငါးများအတွက် အဆိပ်အပြင်းဆုံးဖြစ်ပြီး ချောင်းအောက် တလျောက် ၂ မိုင်မှ မိုင် ၃ဝ အထိ ငါးများကို သေကြေစေနိုင်သည်ဟု အဆိုရှိသည်။ နွယ်မြုပ်များချောင်းရိုးတလျှောက် ပြန့်နှံ့ပြီး မကြာမီ မူးမော်နေသည့် ငါး၊ ပုဇွန် နှင့် ဂဏန်းများသည် ချောင်းရေပေါ်တွင် အလိုလိုပေါလောပေါလာသည်။ ထိုအချိန်တွင် ပုလိုင်းများလွယ်ကာ ပျော်ပျော်ပါးပါး ရွာလုံးကျွတ် ချောင်းဆင်း ငါးကောက်သိမ်းကြတော့သည်။
မတူပီဒေသခံက “အံ့သြစရာကောင်းတာက တခါတလေ ရာသီဥတု ဘယ်လောက်ပဲ သာယာသာယာ လူကြီးတွေက မိုးခေါ်ပြီး Rhu တွေရေထဲ စိန်တာနဲ့ချက်ချင်းပဲ ကောင်းကင်တခုလုံး တိမ်တွေဖုံးလာပြီး မိုးရွာတာ။ ငါးတောင်မဖမ်းအားတဲ့ အခါလည်းရှိတယ်။ တခါတလေတော့ တစ်ပတ်အထိ မိုးရွာတယ်” ဟု ယခင်အချိန်ခါက သူ၏အတွေ့အကြံုကို ပြန်လည်ပြောပြသည်။
ရရှိသည့်ငါးအရေအတွက် အနဲ၊ အများပေါ်မူတည်ကာ မိုးကောင်း၊ မကောင်း ကြိုတင်ခန့်မှန်းနိုင်သည်ဟုလည်း ဆိုရိုးစကားရှိသည်။
ကောက်သိမ်းရမိသည့် ငါးများကို အချိုးကျ ဝေမျှရာတွင် တရွာနှင့် တရွာမတူပေ။ အချို့ကျေးရွာများတွင်မူ ကြီးစဉ်ငယ်လိုက်၊ အချိုးကျဝေယူကြသလို၊ အချို့ကျေးရွာများတွင် မိမိဖမ်းမိသည့်ငါးများကို ခွဲတမ်းပေးစရာမလို မိမိအပိုင်ဖြစ်စေသည်။
ယခုလို ချင်းရိုးရာဓလေ့ဖြစ်သည့် မိုးခေါ်ငါးဖမ်းပွဲကိုပြုလုပ်ရသည်မှာ အခြားပွဲနေ့များထက် ပျော်ရွှင်ကြောင်း အသက် ၅ဝ ခန့်ရှိပြီဖြစ်သည့် မတူပီဒေသခံ တဦးက ယခုလို လှိုက်လှဲစွာဆိုသည်။
“ခရစ်စမတ်နဲ ့ နှစ်သစ်ကူးပွဲလုပ်တာထက်တောင်ပို ပျော်တယ်။ တောမှာဆိုရင် ကိုယ့်အလုပ် ကိုယ်စီနဲ့ တချိန်လုံး အလုပ် များကြတယ်ဆိုတော့ လူစုလူဝေးနဲ့ ပြုလုပ်တဲ့ ပွဲဆိုလို့ မိုးခေါ်ပွဲ တခုထဲဘဲရှိတာ” ဟု ပြောသည်။
ယခုလို မတူပီချင်းလူမျိုးများအတွက် မိုးခေါ်ငါးဖမ်းပွဲသည် စီးပွားဖြစ်လုပ်ငန်းမဟုတ်ဘဲ ဒေသခံများအတွက် ရိုးရာဓလေ့သာဖြစ်ပြီး ရွာလုံးကျွတ် တနှစ်တခါပြုလုပ်လေ့ရှိသည်။ အခြားအချိန်များတွင် ဒေသခံများ ဝမ်းစာအတွက် ငါးဖမ်းထွက်လေ့ရှိသော်လည်း တနိုင်တပိုင် ဝမ်းစာအတွက်သာ ရှာဖွေစားသောက်ကြသည်။
သို ့သော် ယနေ့ကာလတွင် ငါးဖမ်းထွက်ရာတွင် ငါးများကို မိုင်း၊ ဒိုင်နမို၊ ဓါတုပိုက်များအသုံးပြုကာ စီးပွားရှာကြသဖြင့် ချောင်းများရှိငါးများ တနှစ်ထက်တနှစ် ရှားပါးလာသည်သာမက၊ ဓာတုပစ္စည်းများအသုံးပြုလာကြသဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ချောင်းရေညစ်ညမ်းခြင်း၊ ငါးများရှားပါးခြင်းနှင့်အတူ ဒေသခံများ တနိုင်တပိုင် ငါးဖမ်းရှာဖွေစားသောက်နိုင်ရေးအတွက်ပါ ခက်ခဲလာနေပြီဖြစ်သည်။