လက်နက်ချ ဒီကေဘီအေ တပ်မှူးအချို့ အရေးယူခံရမည်ဟု သတင်းထွက်ပေါ်

လက်နက်ချ ဒီကေဘီအေ တပ်မှူးအချို့ အရေးယူခံရမည်ဟု သတင်းထွက်ပေါ်
by -
မင်းချမ်း

ယခု ရက်ပိုင်းအတွင်း စစ်အစိုးရထံ လက်နက်ချ အညံ့ခံခဲ့ကြသည့် ဒီကေဘီအေ တပ်မှူးအချို့ အရေးယူ ခံရနိုင်သည်ဟု ယင်းအဖွဲ့အစည်းနှင့် နီးစပ်သည့် ကရင် အမျိုးသားတစ်ဦးက ပြော ...

ယခု ရက်ပိုင်းအတွင်း စစ်အစိုးရထံ လက်နက်ချ အညံ့ခံခဲ့ကြသည့် ဒီကေဘီအေ တပ်မှူးအချို့ အရေးယူ ခံရနိုင်သည်ဟု ယင်းအဖွဲ့အစည်းနှင့် နီးစပ်သည့် ကရင် အမျိုးသားတစ်ဦးက ပြောသည်။

စာလားဘွယ် (ခေါ်) ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး“လက်နက်ချ တပ်မှူးတချို့ကို အရှေ့တောင်တိုင်းက ခေါ်ထားတယ်၊ အခြေအနေ သိပ်မကောင်းဘူးလို့ ပြောနေကြတယ်” ဟု အဆိုပါ ကရင်အမျိုးသားက ပြောသည်။

၄င်းအပြောအရ မြိုင်ကြီးငူဆရာတော်၏ လက်ထောက် ဆရာတော်တပါးက ဒီကေဘီအေ ၉၀၇ တပ်ရင်းမှူး နော်တရာ အပါအဝင် တပ်မှူး ၄ ဦးတို့ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ ယခုရက်ပိုင်းတွင် လိုက်လံ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

သို့သော် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ သက်ဆိုင်သူများနှင့် သီးခြား အတည်ပြုချက် မရရှိသေးပေ။

ယနေ့ စစ်အစိုးရထုတ် သတင်းစာများ ရေးသားချက်၌ ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း နိုင်လွင်၊ စောလှဒါး၊ စောအောင်ဆန်း၊ နော်တရာ၊  ချင်းလုံ၊ စောစိန်သန်းနှင့် စိုးမိုးတို့အပါအဝင် စုစုပေါင်း ၅၁ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည်ဟု ဖေါ်ပြပါရှိသည်။

အဆိုပါ သတင်းစာ၌ KNU အကြမ်းဖက် သောင်းကျန်းသူ စောလားဘွယ်အဖွဲ့မှ အဖွဲ့ဝင် ၅၁ ဦး အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေ၌ ဝင်ရောက်ခဲ့သည်ဟု ရေးသားဖေါ်ပြခဲ့သည်။

သို့သော် စောလားဘွယ် (ခေါ်) ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေးသည် KNU အဖွဲ့ဝင်မဟုတ်ကြောင်း၊ နယ်ခြားစောင့် တပ်ဖွဲ့ လက်မခံသည့် ဒီကေဘီအေမှ ဗိုလ်မှူးချုပ်တစ်ဦးဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာန အသီးသီးတွင် အမြဲမပြတ် ရေးသားဖေါ်ပြနေသည်ကို တွေ့ရှိရသည်။

၁၅ နှစ်ကျော်ခန့် စစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များသည် ရွေးကောက်ပွဲ ကျင်းပပြီး နောက်တစ်နေ့၌ မြဝတီနှင့် ဘုရားသုံးဆူမြို့များကို သိမ်းပိုက်ခဲ့သည့်အတွက် စစ်အစိုးရ တပ်ဖွဲ့များနှင့် ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လျှက် ရှိနေကြောင်း သတင်းများတွင် ဖေါ်ပြနေသည်။

ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည်ဟု စစ်အစိုးရ သတင်းရေးသားချက်များမှာ လက်နက်ချသည်ဟု အဓိပ္ပါယ်ရှိပြီး လက်နက် အရေအတွက် ဖေါ်ပြထားခြင်း မရှိသဖြင့် စစ်အစိုးရ သတင်းစာဖေါ်ပြသည့် ၅၁ ဦးမှာ လက်နက်မဲ့ လက်နက်ချခဲ့သည်ဟု ယူဆရကြောင်း နယ်စပ် စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

“ဘုရားသုံးဆူမှာစတင်ပစ်ခတ်ဖို့ အမိန့်ပေးခဲ့တာ နော်တရာပဲ၊ ဒါကြောင့်သူ့ကို နအဖကနိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲမယ်လို့ပြောဆိုသံတွေထွက်ပေါ်နေတယ်” ဟု ကေအဲန်ယူတပ်မဟာ ၆ မှအမည်မဖေါ်လိုသူ အရာရှိတစ်ဦးက ပြောသည်။

အလားတူ ယခုလ ၄ ရက်နေ့ထုတ် သတင်းစာများတွင်လည်း ကရင်တောတွင်းလက်နက်ကိုင်အဖွဲ့ ၃၄ ဦး လက်နက်ချခဲ့သည်သတင်း၌ လက်နက်စာရင်းများနှင့်တကွ အသေးစိတ်ဖေါ်ပြထားသည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရသတင်းစာရေးသားချက်တွင် လက်နက်ချသည့် နေရာဒေသများအား အတိအကျ ရေးသားဖေါ်ပြခဲ့ခြင်း မရှိပဲ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေဟုသာ ယေဘူယျသဘောသာ ဖေါ်ပြခဲ့သည်။

လက်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဟု သိရသည်။