ဂီရိလေဘေး ဒေါ်စု သိန်း ၁ဝဝ လှူ

ဂီရိလေဘေး ဒေါ်စု သိန်း ၁ဝဝ လှူ
by -
မြင့်မောင်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ဂီရီမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ငွေကျပ်သိန်း ၁၀၀  မနေ့က လှူသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြော ...

နယူးဒေလီ(မဇ္စျိမ) ။       ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ဂီရီမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ငွေကျပ်သိန်း ၁၀၀  မနေ့က လှူသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က သူ့အတွက် လှူဒါန်းတဲ့ ပိုက်ဆံတွေ၊ သူ့အတွက်ရထားတဲ့ ကိုယ်ပိုင် ပိုက်ဆံတွေကို ဘယ်မှာမှ မသုံးဘူး၊ အဖွဲ့ချုပ်အတွက်ပဲ သုံးတယ်။ အဖွဲ့ချုပ် သုံးတာကလဲ ပြည်သူလူထု အကျိုးအတွက်ပဲ သုံးနေတာပဲ။ အဲဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် လှူတယ်ပဲ ပြောပြော၊ အဖွဲ့ချုပ်က လှူတယ်ပဲ ပြောပြော အတူတူပဲ” အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီနှင့် ရွေးကောက်ပွဲ ဝင်ပြိုင်သော တသီးပုဂ္ဂလ ကိုယ်စားလှယ်များလည်း ပါဝင်လှူဒါန်းခဲ့ပြီး စုစုပေါင်း ကျပ်သိန်း ၁၅ဝ ခန့် ရရှိသည်။

မုန်တိုင်းဒဏ်ခံရသူများအတွက် အမိုးအကာနှင့် အစားအသောက်များ ကိုယ်တိုင်သွားလှူရန် စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင် ဦးဆောင်သော အဖွဲ့ ယနေ့နေ့လယ်က ကျောက်ဖြူသို့ ရောက်ရှိလာသည်။

“ အမိုးအကာ လုပ်လို့ရတဲ့ မိုးကာစ အလိပ်ကြီး ၁၃ လိပ်လောက် ဝယ်လာတယ်။ သံဃာတော်တွေအတွက် သင်္ကန်းတွေ ပါတယ်။ အင်္ကျီနဲ့ အဝတ်အစားတွေ ပါလာတယ်” ဟု ဦးအေးသာအောင်က တယ်လီဖုန်းမှ တဆင့် ပြောသည်။

ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောမြို့နယ်များရှိ ရွာများတွင် ရေတွင်းများ တူးပေးရန်လည်း အလှူရှင်များ စီစဉ်ထားသည်။

“တချို့ ရွာစာရင်း မပေါက်တဲ့ ရွာလေးတွေရှိတယ်။ အဲဒီရွာတွေကို ဘယ်အဖွဲ့မှ မကူညီဘူး။ ဘာမှလဲ စားစရာမရှိဘူး။  အဲဒီလို ရွာတွေကို အဓိကထား လှူတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

အောက်တိုဘာ ၂၂ ရက်က ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တောမြို့နယ်များတွင် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ပြီး အနည်းဆုံး လူ ၄၅ ဦး သေကြေ ပျောက်ဆုံးကာ လူ ၁ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။