နအဖ က ကုန်စည်စီးဆင်းမှု ပိတ်ပင်သော်လည်း မိုင်းလားတပ်ဖွဲ့ ရပ်တည်နေနိုင်

နအဖ က ကုန်စည်စီးဆင်းမှု ပိတ်ပင်သော်လည်း မိုင်းလားတပ်ဖွဲ့ ရပ်တည်နေနိုင်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားတွင် နို၀င်ဘာလ ၂၃ ရက်မှစ၍ တာ့ပင်းတံတား အဝင်အထွက် ကုန်စည် တင်ဆောင်မှုကို နအဖတို့ ပိတ်ပင် လိုက်သော် လည်း အခြေခိုင်နေပြီးသော ...

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားတွင် နို၀င်ဘာလ ၂၃ ရက်မှစ၍ တာ့ပင်းတံတား အဝင်အထွက် ကုန်စည် တင်ဆောင်မှုကို နအဖတို့ ပိတ်ပင် လိုက်သော် လည်း အခြေခိုင်နေပြီးသော ၎င်းတို့၏ကိုယ်ပိုင် စီးပွါးရေး စနစ်ကြောင့် ထိခိုက်မှုမရှိ ကြောင်း မိုင်းလား သျှမ်းနှစ်သစ်ကူးပွဲသွားလာခဲ့သည့်  တာချီလိတ် အခြေစိုက် သျှမ်းလူငယ်တဦး  ပြန်လည်ပြောပြချက်အရ သိရသည်။

တာ့ဆွပ်လွေကူးတို့ဆိပ်“ပြီးခဲ့တဲ့လ ၂၃ ရက် ကစပြီး မိုင်းလားမြို့အဝင် တာ့ပင်းဂိတ် ကုန်စည် အဝင်အထွက်ကို နအဖဖက်က လုံးဝ ပိတ်လိုက် တယ်။ ၂၆ ရက်ကျ တော့မိုင်းလားကို သွားလည်တဲ့ ခရီးသွားဧည့်သည် (အများအားဖြင့် ထိုင်းပေါ့) တွေကို ထပ်ပိတ်လိုက်တယ် ဒီနေ့အထိဘဲ။ ဒါပေမယ့် မိုင်းလား မှာ ထိုင်းပစ္စည်း ကုန်စျေးနှုန်း  အနည်းအကျဉ်း တက်တာကလွဲလို့ သူတို့အတွက် ဘာမှ မထိခိုက်ပါဘူး။ သူတို့ဝင်ငွေအတွက်  မက္ကနီဆီယံ သတ္တုတွင်း ရှိတယ်။ ရွှေရှိတယ်။ ငှက်ပျော၊ ရာဘာစိုက်တယ်။ မော်တော်ကားခွန် ကောက်တာ ရှိတယ်။ ကာစီနို လောင်းကစား ၀ုိင်းရှိတယ်။” - ဟု နို၀င်ဘာ ၃၁ မှ ဒီဇင်ဘာ ရ ရက်အထိ ကျင်းပသော မိုင်းလားမြို့ သျှမ်းနှစ်သစ်ကူးပွဲ သွားရောက် ဆင်နွဲခဲ့သည့် အဆိုပါလူငယ်က ပြောပြသည်။  

တရုတ်/ ထိုင်းမှ ၀င်သည့်ကားများထံမှ အခွန်ယူရရှိသည့်အပြင်   တာ့ဆွပ်လွေကူးတို့ဆိပ် (မဲခေါင်မြစ်တွင်း စီးဝင်သည့် နမ့်လွေချောင်းဝ) မှ  ၂ နာရီခရီး ကြာသော ကျိန်းခန်ရွာ၌  မက္ကနီဆီယံတူး ဖော်ကာ တာ့ဆွပ်လွေနှင့် နမ့်ပန်းကြား လမ်းခွဲမှ မြေလမ်းအတိုင်း တရုပ် ပြည်သို့ တင်ပို့ရာ တရုတ် ၆ ဘီးကားကြီးများဖြင့်  ပျှမ်းမျှ တပတ်လျင် အစီးရေ ၂၀၀-၃၀၀ ခန့် အထိ ရှိသည်ဟုလည်းသိရသည်။  တာ့ဆွပ်လွေ ရွာသည်အိမ်ခြေ ၆၀ ခန့်ရှိပြီး အခါ၊ သျှမ်း၊ တရုတ်တို့နေထိုင်၏။ တာ့ဆွပ်လွေမှ မိုင်းလားအထိ တတောလုံး တတောင်လုံး ငှက်ပျောနှင့်  ရာဘာပင်များ စိုက်ပျိုးကြသည်ဟု၎င်းကပြန်လည် ပြောပြသည်။

ဆီလူးက သကြားစက်ရုံထို့ပြင်ကျိန်ခန်တွင် သံရည်ကျိုစက်လည်း ရှိ၏။ မိုင်းယန်းအရှေ့ဖက် ဆီလူးတွင် သကြားစက်ရုံရှိပြီး တရက်လျှင် သကြားတန်ချိန်ထောင် ကျော်ထွက်ရှိသည်ဟု ဆိုသည်။  

“ကြံကြိတ်ချိန်ဆိုရင် ပျှမ်းမျှ တရက်  သကြားတန်ချိန် ၁၅၀၀ လောက်ထွက်တယ်။  ဒေသထုတ်ကုန်တွေကို တရုတ်၊ ထိုင်း၊  လောကို တင်ပို့ရောင်းချတယ်။ တာ့ပင်းဂိတ် ကုန်ကားတွေ ပိတ်လိုက်ပေမယ့် ဒေသတွင်း ကုန်တင်ပို့ဖို့ ကျတော့ သူ့နည်းသူ့ဟန်ရှိတယ်။ ကားနဲ့ပို့တဲ့ အရပ်သား ကုန်သည်တွေ အတွက်တော့ နဲနဲ အခက်အခဲ ဖြစ်ရတာပေါ့ ” ဟု လည်း မိုင်းလားမှ အရာရှိ တဦးကလဲ ပြော၏။    

မည်သို့ပင်ဆိုစေအထူးဒေသ ၄ မှ တခြားသို့ အလုပ်သွားလုပ်ရသော ဒေသခံ/ အလုပ်လက်မဲ့ မရှိသလောက် ဖြစ်သည်ဟု လည်းပြောပြ၏။

“သူတို့ ကိုယ်ပိုင်လုပ်ငန်း မရှိတာတောင်မှ နေ့စား အလုပ်သမား လုပ်အားခ ယွမ်ငွေ ၃၀ ကနေ ၅၀ အထိရှိတယ်။ ထိုင်းဘတ်ငွေ ၂၅၀ လောက်ကျတယ်။ ဗမာငွေဆိုရင် ၁ သောင်းနီးပါးပေါ့။  တရုတ်ကုန် အသုံးများလို့ နေထိုင်စား သောက်မှု စရိတ်လည်း မမြင့်ဘူး”- ဟု ဆို၏။

ကာစီနိုလောင်းကစားဝိုင်းမှရသည့်ဝင်ငွေအပြင် တရုတ်နယ်စပ်ဂိတ်မှ ဖြတ်သန်းခ တယောက် ယွမ် ၅၀ ကိုလည်း ရရှိသေးသည်ဟု မိုင်းလားတပ်ဖွဲ့အရာရှိတဦးထံမှသိရသည်။ ဆက်သွယ်ရေးအတွက် တရုတ်မှ ဖုန်းလိုင်းဝယ်ထားပြီး လျှပ်စစ်မီးအတွက် ရေအားလျှပ်စစ် များရှိသဖြင့် လုံလုံလောက်လောက်ရှိကြောင်း၊ ပို့ဆောင်ရေးအတွက်မူ ကားများမှာလည်း သူ့ဒေသနှင့်သူ အမှတ်အသား နံပါတ်များ တပ်ထားသည်ဟု သိရ၏။

မိုင်းလားမြို့ရှုခင်း“ကားနံပါတ်က SR 4 - _ _ _ _   ဂဏန်း ၄ လုံး။ ပထမဆုံးဂဏန်းက ၉ ဆိုရင် အာဏာပိုင်တွေ၊ အရာရှိတွေရဲ့ကား။ ၈ ဆိုရင် နမ့်ပန်း ကကား။ ရ ဆိုရင် ဆီလူးကား၊ ၆/၅/၄/၃/၂ /၁ နဲ့စရင် မိုင်းလားကား။ လမ်းဆိုရင်လဲ ဖြူးနေတာဘဲ။ ဒါပေမယ့် လမ်းမှာတော့ လုံခြုံရေး တော်တော်ထူထပ်တယ်” ဟု ထိုလူငယ်က ပြောသည်။  

ဖွံ့ဖြိုးတိုးတက်သော အထူးဒေသ ၄ ၏ ဥက္ကဌမှာ ဦးစိုင်းလင်းဖြစ်ပြီး အတွင်းရေးမှူးမှာ စဝ်ဆိုင်လား ဖြစ်၏။ ဌာနပေါင်းစုံရုံး များ ကြီးကျယ် ခန်းနားလှပြီး တပ်သားသစ်တဦး၏ အခြေခံ လစာမှာယွမ် ၂၃၀ မှစကာ ရာထူးအဆင့် အလိုက် အမြင့်ဆုံး လစာ ယွမ်ငွေ ထောင်ချီသည်ဟု သိရ၏။ အသက် ၁၈ နှစ်နှင့် ၄၀ ကြား အမျိုးသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ပြီးဆုံးသော်လည်း ရွာလုံခြုံရေးတပ်၊ မြို့လုံခြုံရေး တပ်ဟူ၍ စစ်မှု ထမ်းဆောင်နေရသေးသည်ဟု ဆို၏။

“အဓမ္မစစ်သားကောက်ယူတယ်ဆိုတာမရှိဘူး။ မျိုးချစ်စိတ်ဓါတ်နဲ့ ကိုယ့်အသိစိတ်နဲ့ကိုယ် စစ်မှုဝင်ထမ်းကြတယ်။ အခုနအဖနဲ့ တင်းမာ မှုဖြစ်ပြီးတဲ့နောက်ပိုင်း ဒေသခံတွေဟာ မျိုးချစ်စိတ်ပိုပြီးနိုးကြားတာတွေ့ရတယ်။ လောပန်းတွေ သူဌေးတွေလဲ စစ်တပ်တည်ဆောက်ရေး ကင်းစခန်းမွမ်းမံတည်ဆောက်ရေးတွေမှာ သုံးဖို့ဆန္ဒအလျောက်ရံပုံငွွေထဲ့ဝင် ကြတယ်။ စည်းလုံးညီညွတ်ဖို့ ရပ်ရွာလူကြီးကလဲ မကြာခ ဏ စည်းရုံးလှုံ့ဆော်တယ်” - ဟု ၎င်းကဆက်ပြောပြသည်။  

တတိယအကြိမ် မိုင်းလား သျှမ်းနှစ်သစ် ၂၁၀၅ ကြိုဆိုသည့် နှစ်သစ်ကူးပွဲအတွက် လျာထားချက်အတိုင်းယွမ်ငွေ ၁ သန်းဝန်းကျင်(ထိုင်း ဘတ်ငွေ ၄ သန်းခန့်/ ဗမာကျပ်ငွေ သန်းပေါင်း ၁၂၀ ခန့်) ကုန်ကျခဲ့သည်ဟုဆို၏။ ပွဲတော်ကို ကျိုင်းတုံသို့အထွက်လမ်း ကွင်းပြင်၌ ကျင်းပခဲ့ပြီး တရက်လျင်လုံခြုံရေး စစ်သား အယောက် ၂၀၀ တာဝန်ယူရသည်ဟု လည်း သိရှိရသည်။