ကြ့ံဖွံ့ကြောင့် ကရင်နီပါတီ ပျက်ခဲ့ရ

ကြ့ံဖွံ့ကြောင့် ကရင်နီပါတီ ပျက်ခဲ့ရ
by -
အောလို

နှစ်ပေါင်း ၂ဝ အတွင်း ပထမဦးဆုံးအကြိမ် စစ်အစိုး ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ကယားပြည်နယ် (ကရင်နီပြည်နယ်) ကိုယ်စားပြုပါတီတချို့သာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပေမဲ့ ...

နှစ်ပေါင်း ၂ဝ အတွင်း ပထမဦးဆုံးအကြိမ် စစ်အစိုး ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ကယားပြည်နယ် (ကရင်နီပြည်နယ်) ကိုယ်စားပြုပါတီတချို့သာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပေမဲ့ သီးသန့် ကရင်နီလူမျိုးစု ကိုယ်စားပြု ပါတီရယ်လို့ မတွေ့ခဲ့ရပါဘူး။

၉၀ ခုနှစ်ကတည်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ နအဖ ကျောထောက်နောက်ခံ ပါတီတခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တဖြစ်လည်း ကြံ့ဖွံ့ပါတီ (USDP) နဲ့ ကယန်းအမျိုးသားပါတီ (KNP) တို့သာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

တိုင်းနဲ့ပြည်နယ် အသီးသီးက ကိုယ်စားပြုနိုင်ငံရေးပါတီတွေအပြင် လူမျိုးစုကို အခြေခံဖွဲ့စည်းထားတဲ့ ပါတီတွေလည်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတာ အများမြင်တွေ့ရပေမယ့် ရှားပါး ကရင်နီလူမျိုးစု ကိုယ်စားပြုပါတီ တခုဖြစ်တဲ့ လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးပါတီ (NUDP) ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ သြဂုတ်လ (၅) ရက်နေ့မှာ မှတ်ပုံတင်ခွင့် ရခဲ့ပေမဲ့ ကြံ့ဖွံ့ပါတီဝင်တွေရဲ့ နည်းမျိုးစုံ နှောက်ယှက်၊ တားဆီးမှုတွေနဲ့ ခြိမ်းခြောက်မှုတွေကြောင့် စက်တင်ဘာလအတွင်းမှာပဲ ပါတီ ပျက်သွားခဲ့ပါတယ်။  

ဒီ့အပြင် NUDP ပါတီက အမတ်လောင်းတွေကို ပုဂ္ဂိုလ်ရေးရာ ပုတ်ခတ် တိုက်ခိုက် ပြောဆိုခဲ့တာတွေ လုပ်ခဲ့တဲ့အပြင်၊ ပါတီလှုပ်ရှားမှုတွေကို နည်းလမ်းအမျိုးမျိုးသုံး ကန့်သတ်ခဲ့တာကြောင့် NUDP ပါတီအနေနဲ့ ဘေးကျပ်နံကျပ်အဖြစ်ကို ရောက်ခဲ့ရပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေကိုရှောင်ရှားရင်း ပါတီတခုအနေနဲ့ ဆက်လက်ရှင်သန်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးကို လက်လွှတ်ဆုံးရှံုးခဲ့ရပါတယ်။  

NUP၊ KNP နဲ့ USDP ပါတီတွေဟာ အခြား တိုင်းနဲ့ ပြည်နယ်တွေကနေ ကရင်နီပြည်နယ်အတွင်းကို လာရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပါတီတွေဖြစ်ပေမဲ့ အဖွဲ့တွေက အမတ်လောင်းတချို့နဲ့ ပါတီအဖွဲ့ဝင်တွေဟာ ကရင်နီပြည်နယ်အတွင်းက ပုဂ္ဂိုလ်တွေသာ ဖြစ်ပါတယ်။

အမှန်မှာတော့ ကရင်နီပြည်ထုက ရွေးကောက်ပွဲကို ၀င်ရောက်အရွေးခံဖို့ စိတ်ဆန္ဒရှိခဲ့ပေမယ့် အထမမြောက်ခဲ့ဘူးလို့ ဆိုရမှာပါ။

ရွေးကောက်ပွဲ မကျင်းပခင် စည်းရုံးရေးကာလ အတောအတွင်းမှာ ကရင်နီပြည်နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကြံ့ဖွံ့ပါတီကတော့ လွတ်လွတ်လပ်လပ် စည်းရုံးရေး ဆင်းနေခဲ့ပြီး တခြားနိုင်ငံရေးပါတီတွေကတော့ ကြံ့ဖွံ့ပါတီဝင်တွေရဲ့ နှောင့်ယှက်မှုတွေ အပြင် ကန့်သတ်မှုတွေ ခံခဲ့ရပါတယ်။

ရွေးကောက်ပွဲတုန်းက ကရင်နီပြည်နယ် လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့နယ် ၂- ခုမှာ ကယန်းလူမျိုးစုနဲ့ ကိုယ်စားပြု ပါတီဖြစ်တဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် အခြေစိုက် KNP ပါတီဟာ စည်းရုံးရေး ဆင်းတဲ့ ကာလမှာလည်း ကြံ့ဖွံ့ရဲ့ နှောင့်ယှက်ကန့်သတ်မှုတွေကို ခံခဲ့ရတဲ့အကြောင်းကို KNP အဖွဲ့က ခွန်ဘိုဘိုက ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနနဲ့ အင်တာဗျူးတခုမှာ အခုလို ပြောဆိုခဲ့ပါတယ်။

“ဒီးမော့ဆိုမှာ စည်းရုံးရေး ဆင်းလို့ မရဘူးလေ။ ကြံ့ဖွံ့ပါတီက ဘာကြောင့် ကန်သတ်နေသလဲဆိုတာ ဘာကြောင်းပြချက်မှ မပေးဘူး။ ဒါမတရားဘူးဆိုတာ ထင်ရှားနေပါတယ်” ဟု ဆိုသည်။

ဒီ့အပြင် ရွေးကောက်ပွဲအလွန် ရက်ပိုင်းအနည်းငယ်ကလည်း ကရင်နီပြည်နယ်၊ မြို့နယ်တွေက မဲဆန္ဒနယ်တိုင်းလိုလိုမှာ ကြံ့ဖွံ့က ကြိုတင်မဲ ကောက်ယူခဲ့တာတွေလည်း သက်သေသာဓကတွေ အများကြီးပါ။

တချိူ့ကျေးရွာတွေနဲ့ ဒေသတွေမှာ ဒေသခံတွေဆီက ကြိုတင်မဲတွေ မျက်နှာပြောင်တိုက် ကောက်ယူခဲ့ပုံတွေကို ကျေးရွာသားတွေက သူတို့အတွေ့အကြံုတွေကို ခုလို ပြန်လည်ပြောပြခဲ့ပါတယ်။

“ဖရူဆိုဒေသမှာ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့ ကြိုတင်မဲ ကောက်တုန်းက သူတို့ ကျေးရွာလူထုတွေကို ဒီလိုပဲ လိုက်မေးပြီး နာမည်စာရင်း ရေးမှတ်ထားတယ်လေ။ က ရွေးမှာလား၊ တ ရွေးမှာလားပေါ့။ ဒီးမော့ဆို ဒေသဖက်မှာကြတော့ သူတို့ လူထုတွေကို မဲစာရွက် လိုက်ပေးပြီး ကိုယ်ရွေးချင်တဲ့ဟာကို ပေးခြစ်ခိုင်းသေးတယ်တဲ့” လို့ ဖရူဆိုမြို့နယ် မော်ခရိုရှေးကျေးရွာသားတယောက်က ဆိုပါတယ်။

အလားတူ လွိုင်ကော်မြို့မြောက်ပိုင်းနေထိုင်သူ ဒေသခံတဦးကလည်း “ကြံ့ဖွံ့ ကြိုတင်မဲ ကောက်တာ မဲစာရွက်တွေ လိုက်ပေးပြီး ပေးမခြစ်ဘူး။ ဒီလိုပဲ တအိမ်တက်တအိမ်ဆင်းပြီး ဘယ်တခု ရွေးမှာလဲပေါ့။ မေးပြီး နာမည်စာရင်းတွေကို ရေးမှတ်ထားတယ်လေ” လို့ ပြောပါတယ်။

ဒေသခံတွေဆီက ကောက်ယူထားတဲ့ ကြိုတင်မဲတွေကို ရွေးကောက်ပွဲကော်မရှင်ရုံးမှာ အပ်နှံထားတာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ ဒေသတွေရဲ့ ရဲရုံးတွေမှာ အပ်နှံထားခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ ခုနှင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ရ ခုတို့ကို ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ လုံခြံုရေးအကြောင်းပြပြီး တချို့မဲဆန္ဒနယ်တွေကို ပြန်လည်ဖျက်သိမ်းခဲ့တာတွေ ရှိပါတယ်။ မဲရုံအများစုကို မြို့ပေါ်တွေမှာ ဆောက်လုပ်ထားခဲ့ပြီး မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေက ဒေသခံတွေက မြို့ပေါ်တက်ကာ သတ်မှတ်ထားတဲ့ မဲရုံတွေမှာ ခက်ခက်ခဲခဲ သွားရောက် မဲပေးခဲ့ကြပါတယ်။

မဲရုံတခုကို မဲဆန္ဒရှင် စုစုပေါင်း အယောက် ၃ဝဝ မဲပေးရန် လူဦးရေကန့်သတ်ထားခဲ့ပြီး၊  ကျေးရွာအုပ်စုတစုမှာ လူ ၃ဝ သာ မဲပေးခိုင်းခဲ့ပါတယ်။

ရွေးကောက်ပွဲနေ့မှာ ရွေးကောက်ပွဲကော်မရှင်က မဲရုံဖွင့်ချိန်ကို နံနက် ၀၆းဝဝ နာရီ သတ်မှတ်ထားပြီး မဲရုံပိတ်ချိန်ကို ညနေ ၀၄းဝဝ နာရီ အသီးသီး သတ်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ကြံ့ဖွံ့ရဲ့ ကြိုတင်မဲ ကောက်ယူခဲ့တဲ့အတွက် မဲရုံတွေမှာ ဆန္ဒမဲလာရောက် ထည့်ဝင်ခဲ့သူ လူဦးရေက နည်းနေတဲ့အတွက် မဲရုံတွေကို ကန့်သတ်ချိန်ထက် စောပြီး ပိတ်ခဲ့ရတယ်လို့ မဲပေးသူတွေက ဆိုပါတယ်။

အခုလိုကြံ့ဖွံ့ရဲ့ ကြိုတင်မဲတွေကြောင့် ရွေးကောက်ပွဲနေ့က မဲအရေအတွက်အများဆုံးရရှိခဲ့တဲ့ NUP နဲ့ KNP ပါတီ ၂-ခုက သက်ဆိုင်ရာ ဒေသတွေမှာ အနိုင်ရခဲ့ပေမယ့် ပြန်လည်ရှံုးနှိမ့်ခဲ့တယ်လို့ မဲပေးသူတွေက ဆိုပါတယ်။

“ကျနော် ပေးခဲ့တဲ့ မဲရုံမှာ မဲလာပေးကြတဲ့ လူတွေက တစညကိုပဲ ခြစ်ကြတာ များတယ်။ အဲဒါ ရွေးကောက်ပွဲရက်မှာ တစည နိုင်တယ်တဲ့။ ဒါပေမဲ့ ကြံ့ဖွံ့ ကြိုတင်မဲကြောင့် တစည ပြန်ရှုံးခဲ့တယ်လေ” လို့ လွိုင်ကော်မြို့မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် ၁ မဲရုံအမှတ် (၄) မှာ မဲပေးခဲ့သူ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့မှာ မဲပေးခဲ့သူ မဲဆန္ဒရှင် တယောက်ကလည်း “ဒီးမော့ဆိုမြို့မှာက ကယန်းလူမျိုးတွေ များတယ်လေ။ အဲဒါ ရွေးကောက်ပွဲမှာ ကယန်းပါတီ KNP ကိုပဲ မဲပေးကြတော့ ရွေးကောက်ပွဲ ရက်မှာ ကယန်းပါတီ နိုင်တယ်လေ။ ဒါပေမဲ့ ကြံ့ဖွံ့ရဲ့ကြိုတင်မဲတွေကြောင့် ကြံ့ဖွံ့ ပြန်နိုင်သွားတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာလည်း ရွေးကောက်ပွဲရလဒ် ဖော်ပြချက်တွေအရ ကရင်နီပြည်နယ်အတွင်းက အမျိုးသားလွှတ်တော်ဆမဲန္ဒနယ်နဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အားလုံးရဲ့နေရာမှာ NUP နဲ့ KNP ပါတီတွေက အနိုင်ရ အမတ်လောင်း နာမည် တဦးတလေမှ မတွေ့မြင်ခဲ့ရဘဲ ကြံ့ဖွံ့အမတ်လောင်းတွေရဲ့ အမည်စာရင်းတွေကိုသာ တွေ့ခဲ့ရပါတယ်။

စစ်အစိုးရဦးဆောင်လုပ်ခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီ စုစုပေါင်း ၃၇ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ နောက်ဆုံးမှာတော့ နအဖ နောက်ခံပေးထားတဲ့ ကြံ့ဖွံ့ပါတီက တနိုင်ငံလုံးမဲအရေအတွက်ရဲ့ ရ၇ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Most read this week