သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ အခြေစိုက် ခလရ ၂၂ နှင့် မန့်ပန်ဌာနေ ပြည်သူ့စစ်တို့ ပူးပေါင်း၍ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ် မြို့ ၀မ့်ဖိုင်ဒေသခံများထံမှ ကျပ်တသိန်းနီးပါးရှိ စားနပ်ရိက္ခာများ ဆင့်ဆို ကောက်ခံ ...
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ အခြေစိုက် ခလရ ၂၂ နှင့် မန့်ပန်ဌာနေ ပြည်သူ့စစ်တို့ ပူးပေါင်း၍ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ် မြို့ ၀မ့်ဖိုင်ဒေသခံများထံမှ ကျပ်တသိန်းနီးပါးရှိ စားနပ်ရိက္ခာများ ဆင့်ဆို ကောက်ခံခဲ့သည်ဟု မိုင်းရယ်ဒေသခံ တဦးက ပြောသည်။
“ခလရ ၂၂ က ဗိုလ်ကြီး ကျော်လင်းထွန်းနဲ့အဖွဲ့ကို ဗိုလ်မွန်းရဲ့ မန့်ပန်ပြည်သူ့စစ် အယောက် ၃၀ လောက်က လမ်းပြ ပေးတာ။ တရွာဝင်တရွာထွက် ကြက်၊ ၀က် နဲ့ဆန် ဆီဆား မပေးမနေရစနစ်နဲ့ ဆင့်ခေါ်ကောက်ခံတာ”- ဟု မိုင်းရယ် ဒေသခံတဦီးက သျှမ်းသံတော်ဆင့်သို့ ပြန်လည် ပြောပြသည်။
ဗိုလ်မွန်း၏ ပြည်သူ့စစ်တပ်ဖွဲ့များမှာလည်း တသုတ်ပြီးတသုတ် အလှည့်ကျ တာဝန်ယူလမ်းပြပေးသွားဖို့ရှိကြောင်း ပြည်သူ့စစ် တပ်သားတဦး၏ မိသားစုဝင်တဦးကလည်းပြောပြသည်။
နို၀င်ဘာ ၁၁ ရက်မှ ၂၇ ရက်အထိ ၀မ့်ဖိုင်ဒေသခံများထံမှ ဆန်၊ ဆီ၊ ကြက်၊ ၀က်၊ အသားဗူး၊ အရက်၊ ဆေးလိပ်၊ အချိုရည်၊ ဒီဇယ်ဆီတို့ ကာလတန်ဘိုး ကျပ်ငွေတသိန်းနီးပါးအား ဆင့်ဆိုကောက်ယူခဲ့သည်ဟု ဆို၏။
“၀မ့်ဖိုင်တရွာထဲမှာဘဲ တသိန်းလောက်ကျတယ်။ ဆင့်လာတုန်း ၀ယ်မလိုလိုပြောပြီးနောက်ဆုံးတော့ အဖိုးအခ တပြားမှ ပေးမသွား ဘူး” - ဟု ၀မ့်ဖိုင်ရွာသူတဦးကပြောပြကြောင်းအဆိုပါ မိုင်းရယ်ဒေသခံက ပြန်လည်ပြောပြသည်။
ရွေးကောက်ပွဲ ကျင်းပပြီး တလမပြည့်သေးမီ သျှမ်းပြည်အတွင်း စစ်အစိုးရနှင့် ပြည်သူ့စစ်ပူးပေါင်း၍ စားနပ်ရိက္ခာများ ဆင့်ဆို ကောက်ယူခြင်းအပြင်၊ လမ်းပြရွာသားအား သတ်ဖြတ်ခြင်း၊ အဆိုးရွားဆုံးမှာ ကျေးလက်ဒေသခံ အမျိုးသမီးနှင့် သက်မပြည့်သေးသည့် ကလေးအား မုဒိန်းကျင့် သတ်ဖြတ်ခဲ့ခြင်း သတင်းများလည်း ရှိခဲ့ပါသည်။